တမာနုချိန်စစ်တမ်း

တမာနုချိန်စစ်တမ်း

အညာသားဖြစ်၍လား မသိ။ ကျွန်တော်သည် နွေဆန်းလျှင် အညာကို လွမ်းတတ်လေသည်။ အညာကို အလွမ်းဆုံးအချိန်မှာ တပို့တွဲလဆန်းမှ တပို့တွဲလပြည့်ကျော်လောက်အထိ အချိန်ဖြစ်ပါသည်။ တပေါင်းဆိုလျှင် အညာရာသီဥတုသည် ပူလွန်းသည်။ ရှုခင်းက ခြောက်သွေ့လွန်းသည်။ တံလျှပ်တွေ စူးရဲလွန်းသည်။ တပို့တွဲလဆန်းမှာမူ သိပ်မပူ၊ သိပ်လည်းမချမ်း။ ” ဆောင်းကျွတ်လုပြီ။ နွေရာသီလည်း၊ မပီတတ်သေး၊ ဝုိးဝါးထွေးလျက်” နေသော စပ်ကူးမပ်ကူး အချိန်ကလေး။
ထိုအချိန်သည် နွေနတ်သမီးက မြူဇာပဝါပါးကို နေလှမ်းချိန်။
ကျေးငှက်ကိုယ်စားလှယ် အဆင်ဆင်တို့၏ နှစ်ပတ်လည် ကွန်ဖရင့်။
ဂီတမိခင်က ဥသြငှက်ကို ဒိုရေမီဖာစ၍ သင်ပေးခါစ။
ဆက်ရက်က ထန်းရည်မူးပြီး ပေါက်ပင်ပေါ်တွင် ကျူးကျော်တဲ ဆောက်နေဆဲ။
ထန်းဆော်လေက ထန်းပင်များကြားတွင် လက်ညိုညိုများကို ရှောင်တိမ်းကာ ယာခရိုးတွင် တူတူပုန်းလျက်။
ရုက္ခဗေဒက ကလေးတို့ကို ဇီးသီးဝေချိန်။
သဇင်ကြွင်းက ဖန်ခွက်ထဲမှ နောက်ဆုံးနှင်းစက်ကို အငမ်းမရ မော့နေဆဲ။
ကျေးဖိုက ကျေးမ၏ မီးနေခန်းနားတွင် တရစ်သီသီ။
နှစ်ပတ်လည် လှေပြိုင်ပွဲ၀င်မည့် ယောက်မက ထမနဲအိုးထဲတွင် လှော်တက်လေ့ကျင့်ခန်းဆင်းစ။
အင်ကြင်းနီအပျိုပေါက်က နှုတ်ခမ်းဆိုးဆေးကို မဆိုးတတ် ဆိုးတတ်ဆိုးလျက်။
အပြင်ခန်းသို့ ထွက်သွားသော နေလူပျိုသိုးသည် အတွင်းခန်းသို့ဝင်ရန် အီကွေတာခါးပန်းကို ကျော်နေဆဲ။
ကောင်လေးများက ထရိုက်ဇာ ဆွယ်တာပါးပါး လှလှကလေးများကို ခေါက်သိမ်း၍ ပရုတ်လုံးထည့်လျက်။
ပက်ကြားအက်နေသော အပျိုမလေး၏ ပါးပြင်တွင် ဂလစ်ဆရင်း အလှဆီပြယ်ကာစ။
တစ်နှစ်လုံး အလေလိုက်နေသော မာဃကြယ်သည် အချစ်ဦး စန္ဒာကို မျက်နှာငယ်ကလေးဖြင့် ပြန်ကပ်ချိန်။
ကောက်လှိုင်းစည်းက သူ့စင်ပေါ်တက်ခွေပြီး သူ့တလင်းကို လွမ်းလွမ်းဆွေးဆွေးကြည့်လျက်။
ကျောင်းပြေးက မှတ်စုစာအုပ်ငှားပြီး စိန္တိတကထာ ၄၇ကို ပုံဆွဲတုန်း။
              ညားကာစဇနီးမောင်နှံ စိတ်ကောက်ပြီး သူတို့ခုတင်ပေါ်မှ ဆင်းသွားသော အချမ်းဓာတ်ကို အိပ်ခန်းထဲတွင် လိုက်ရှာနေစဉ်။
ပြက္ခဒိန်ဟောင်းက ဘော်တယ်ကုလား၏ ဂုန်နီအိတ်ထဲတွင် လိုက်သွားပြီး တစ်ရွက်လှန်ထားသော ပြက္ခဒိန်သစ်က နံရံပေါ်တွင် အပြုံးလဲ့လဲ့။
ပြင်ဦးလွင်မြို့မှ ဆင်းလာကာစ စထရော်ဘယ်ရီသီးက ထင်းရှုးသေတ္တာကြားထဲမှနေပြီး ရေခဲသေတ္တာထဲက နို့စိမ်းဘူးကို စောင့်ကြည့်နေဆဲ။
တမာပင်က ဝစ်လစ်စလစ် ချွတ်ချလိုက်ပြီး မလုံ့တလုံရွက်နုကို ခြုံနေဆဲ။
ကျွန်တော်သည် တပို့တွဲအကုန် တပေါင်းအကူး အညာကို လွမ်းနေသည်။ နွေဆန်းလျှင် သည်လိုပင် အညာကို ကျွန်တော် လွမ်းတတ်ပါသည်။ စိတ်ကုသမားတော်တို့က နွေလွမ်းဝေဒနာဟု ရောဂါစစ်တမ်းပေးလိမ့်မည် ထင်သည်။ အညာသားက အညာကို လွမ်းခြင်းဖြစ်သည့်အတွက် အိမ်လွမ်းဝေဒနာဟုလည်း ခေါ်နိုင်လိမ့်မည် ထင်ပါ၏။
            ပြောခွင့်ရ ပုဂ္ဂိုလ်မဟုတ်သည့်အတွက် သူများတွေအတွက်တော့ ကျွန်တော်မပြောတတ်။ ကျွန်တော်အဖို့မူ တမာနုချိန်သည် အညာနွေဦး၏ နိမိတ်ပုံ။ အညာနွေ၏ အလင်္ကာ။
တစ်နှစ်၌ ကျွန်တော်သည် နွေဦးပေါက်ခါစ တပို့တွဲလဆန်းတွင် အညာသို့ ပြန်ရောက်သွားသည်။ ချမ်းမြညနှင့် ပူအိုက်နေ့ကို တစ်လှည့်စီကြုံရသည်။ သို့ရာတွင် တပို့တွဲညများသည် ခိုက်ခိုက်တုန်အောင်လည်း မချမ်းတော့။ တပို့တွဲနေများသည်လည်း ပူလောင်လောင်မဖြစ်သေး။ နေလို့ကောင်းရုံ၊ လမ်းလျှောက်လို့ကောင်းရုံ၊ အိပ်လို့ကောင်းရုံ၊ စားလို့ကောင်းရုံသာ ဖြစ်သည်။ ကျွန်တော်ရောက်နေစဉ် အမေသည် ကျွန်တော်ကြိုက်တတ်သော အညာဟင်းတစ်ခွက်ကို ချက်ကျွေးသည်။ အခြားမဟုတ်ပါ။ အမဲခြောက်ကို ခရမ်းချဉ်သီးနိုင်နိုင် ငရုတ်သီးနိုင်နိုင်ထည့်၍ ဆီးသီးဖြင့်ချက်သော စပ်ချဉ်ဟင်းဖြစ်ပါသည်။ အမေသည် ထိုဟင်းနှင့် လွန်စွာလိုက်ဖက်သော အတို့တစ်မျိုးကိုလည်း ပြင်ဆင်ပါသည်။ ထိုအတို့မှာ တမာရွက်ဖြစ်ပါသည်။ တမာချဉ်ဟု ရန်ကုန်ကခေါ်သော ကုလားတမာရွက်ကြမ်းများကို မန်ကျည်းသီးဖြင့် ပြုတ်ထားသည့် အရာမျိုးမဟုတ်။ မြန်မာတမာ၊ တောတမာဟု ခေါ်ကြသော တမာရွက်နုနုကလေးများကို အခါးပေါ့အောင် ရေနွေးဖြင့် ဖျောထားသည့် တမာရွက်တို့ ဖြစ်ပါသည်။
            တမာတွေ ဘယ်နှစ်မျိုးရှိသည်ကို ကျွန်တော်မသိပါ။ ရေတမာ၊ ကုလားတမာ၊ တောင်တမာ၊ သင်္ဘောတမာ၊ တောတမာ၊ မြန်မာတမာ စသဖြင့် အမျိုးမျိုးခေါ်ကြပါသည်။ အညာတွင်မူ တမာရွက်တို့စားလျှင် မြန်မာတမာခေါ် တောတမာကိုသာ တို့စားတတ်ကြသည်။ အခြားတမာများကိုမူ တို့စားခြင်းမရှိပါ။
ရန်ကုန်တွင်ဖြစ်စေ၊ အောက်အရပ်တွင်ဖြစ်စေ ကျွန်တော်ရောက်လေရာရာတွင် တမာပင်ကို လိုက်ရှာတတ်ပါသည်။ သို့ရာတွင် ဆယ်ပင်လျှင် တစ်ပင်မျှပင် တမာကို မတွေ့ရပါ။ တမာသည် အပူပိုင်းတွင်သာ ပေါက်သည့်အပင်ဖြစ်သောကြောင်း ရှားပါးနေခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ အညာတွင်မူ တမာပင်ကို ရှောင်၍မလွတ်ပါ။ ကျွန်တော်တို့မြို့ အ၀င်တွင် အင်္ဂလိပ်လက်ထက်က စိုက်ထားခဲ့သော တမာတန်းရှိပါသည်။ ပခုက္ကူသို့ အထွက် ပေတစ်ရာလမ်းတစ်လျှောက်တွင် တမာပင်တွေကိုချည်း တန်းစီစိုက်ထားသည်။ တော်တော်နှင့် မဆုံးနိုင်။ နှစ်မိုင်သုံးမိုင်လောက်တော့ ရှိမည်ထင်သည်။
           ငယ်ငယ်တုန်းက ကျွန်တော်တို့တစ်တွေ ကျောင်းပြေးလျှင်လည်း တမာတန်းကို ပြေးကြသည်။ တမာသီးတွင် လှိုင်လှိုင်ပေါသည့် ကဆုန်နယုန်သို့ရောက်လျှင် တမာပင်တွေပေါ်တက်ပြီး တမာသီးတွေကိုခူးကာ စစ်တိုက်တမ်း ကစားကြသည်။ တမာသီးကလည်း ပေါသလား မမေးနှင့်။ တစ်ပင်တစ်ပင်ကို တင်းပေါင်းဆယ်ရာချီ၍ ရသည်။ စက်မှုလုပ်ငန်းသာ ဖွံ့ဖြိုးလျှင် အညာက တမာပင်များသည် အလွန်အဖိုးတန်သော ဓာတုဗေဒကုန်ကြမ်းပစ္စည်းများ ဖြစ်လာပေလိမ့်မည်။
သင်္ကြန်ကျခါနီးသည်နှင့် တမာပန်းတွေ ပွင့်ကြလေပြီ။ တမာရနံ့သည် နည်းနည်းတော့ရိုင်းသည်ဟု ကျွန်တော်ထင်သည်။ သို့ရာတွင် နံစော်သောပန်းဟူ၍ လောကတွင်မရှိ။ ထို့ကြောင့် တမာပန်းရနံ့သည်လည်း ရိုင်းသည့်တိုင် မွှေးမြဲတော့ မွှေးပါသည်။ အတာအိုးထိုးလျှင် အမေက တမာခူးခိုင်းလေ့ရှိသည်ကို ကျွန်တော်သတိရမိပါသည်။
            ကျွန်တော်တို့မြို့က တမာတန်းဘေးတွင် ခံပင်၊ ခံစပ်ပင်တွေ ပေါက်နေသည့် တောင်ကုန်းကလေးတွေ ရှိသည်။ ထိုတောင်ကုန်းကလေးများပေါ်က ခံစပ်ချုံလေးများတွင် စွေးတို့၊ ဗွတ်ဖင်နီတို့၊ ဗွတ်ကလုံတို့ စသည့် ငှက်ကလေးတွေ နေတတ်ကြသည်။ ထိုငှက်ကလေးများသည် အပင်မြင့်ကြီးများတွင် အသိုက်မလုပ်ဘဲ ပင်နိမ့်ကလေးများတွင် အသိုက်လုပ်တတ်ကြပါသည်။ တမာတန်းက တမာပင်တွေမှာ စစ်တိုက်တမ်းကစားပြီးသည်နှင့် ကျွန်တော်တို့သည် ခံစပ်ကုန်းသို့သွား၍ ဗွတ်ဖင်နီကလေးများ၊ ဗွတ်ကလုံကလေးများကို ဖမ်းတတ်ကြသည်။ ဗွတ်ကလုံ ဗွတ်ဖင်နီတို့ ဥချိန်မှာလည်း တပို့တွဲလဖြစ်သည်။ ကျွန်တော်သည် တစ်ခါတွင် ဗွတ်ကလုံတစ်ကောင်ကို မိလာခဲ့ပါသည်။ အသိုက်ထဲတွင် ဥဥနေစဉ် ဖမ်းလာခဲ့ခြင်းဖြစ်ပါသည်။ ဗွတ်ကလုံသည် တေးဆိုသော ငှက်မျိုးဖြစ်၍ အင်္ဂလိပ်လိုက BulBul ဟု ခေါ်ကြပါသည်။ ကျွန်တော်ဖမ်းလာသည့် ဗွတ်ကလုံ ငှက်မကလေးမှာ အိမ်ရောက်၍ လှောင်အိမ်ထဲ ထည့်ထားလိုက်သောအခါတွင် တေးဆိုခြင်း မပြုတော့ပါ။ မကြာမီ သေသွားပါသည်။ သစ်သီး၀လံ စသည်တို့ကို ကျွေးသော်လည်း ကောင်းစွာ မစားတော့ပါ။ လွတ်လပ်မှုကို ဆုံးရှုံးပြီး သဘာ၀မကျစွာဖြင့် နေရသဖြင့် စိတ်ညစ်ပြီး သေသွားဟန်တူပါသည်။
             ကျွန်တော်တို့ မြို့အ၀င်က တမာတန်းနှင့် ပတ်သက်၍ ကျွန်တော့်တွင် သတိရစရာတွေ ရှိပါသေးသည်။ မြိုင်က အဓိကရ ဘုရားပွဲကြီးတစ်ပွဲဖြစ်သည့် ရွှေမြင်တင်ဘုရားပွဲသည် ကဆုန်လဆန်း ၈ ရက်နေ့လောက်စပြီး ကဆုန်လပြည့်အထိ ကျင်းပတတ်သည်။ ရွှေမြင်တင် ဘုရားစျေးပွဲကြီးသည် ထိုတမာတန်းတွင်ပင် ခင်းကျင်းတတ်ရာ ကျွန်တော်တို့တစ်သိုက်သည် တမာတန်းကို နေ့တိုင်းရောက်နေကြသည်။ ဘုရားပွဲစျေးမစခင်ကတည်းက တောကလာသည့်စျေးသည်တွေ ပြည့်နေလေပြီ။ ထိုစျေးလှည်းများတွင် ထွန်တုံး၊ ခွတ်သန်၊ ဝါး၊ ဖျာ၊ မန်ကျည်း၊ ထန်းလျက်၊ ပဲ၊ ပြောင်းဆန်၊ ကြိမ် စသည့် လယ်ယာနှင့် သစ်တောထွက် ပစ္စည်းတွေ ပါလာတတ်သည်။ မြို့ကလာသည့် စျေးလှည်းများမှာ အထည်အလိပ်၊ အလှကုန်ပစ္စည်း၊ အဖျော်ယမကာ၊ အိမ်တွင်းဖြစ် အလှကုန်ပစ္စည်း၊ ငါးပိ၊ ငါးခြောက် စသည့် ကုန်ခြောက်ပစ္စည်းများ ပါလာတတ်သည်။ တောဘုရားပွဲသည် မြို့နှင့် တောတို့၏ ပေါင်းဆုံရာနေရာတစ်ခုဖြစ်ပါသည်။ စက်မှုလုပ်ငန်း အသေးစားနှင့် လယ်ယာတို့ စျေးကွက်ပြိုင်ရာလည်း ဖြစ်သည်။
               နောက်သတိရနေသေးသည့် ရှုခင်းမှာ တမာတန်းနားက တမာပင်တစ်ပင်ပေါ်တွင် မ်ိန်းကလေးတစ်ဦး ကြိုးဆွဲချ၍ သေနေသည့် ရုပ်ပုံဖြစ်သည်။ ထိုမိန်းကလေး၏ အမည်ကို ကျွန်တော်မမှတ်မိတော့။ ထိုစဉ်က ကျွန်တော်က ဆယ်နှစ်သားအရွယ်၊ မိန်းကလေးက အသက် ၁၈နှစ်၊ ၁၉နှစ် အရွယ်။ မိန်းကလေးသည် အရှက်ထက် အသက်ကို မငဲ့နိုင်တော့ဘဲ ကြိုးဆွဲချသေသွားခဲ့သည်။ သူ့အရှက်ကို ထိန်းသိမ်းပုံမှာ အံ့သြလောက်ပါသည်။ မိန်းကလေးသည် သေပြီးသည်၏ အခြားမဲ့မှာပင် သူ့အရှက်ကို ထိန်းသိမ်းလိုသည့်နှယ် ကြိုးတစ်ချောင်းဖြင့် ခါးကထဘီကို သေသေသပ်သပ်စည်းသွားခဲ့သည်။
လောကတွင် လူအမျိုးရှိပါသည်။ အချို့သည် အသက်ရှင်နေကြသော်လည်း အရှက်မရှိကြပါ။ အချို့မှာ အသက်ရှင်လျက်ရှိစဉ်တွင်သာ အရှက်ရှိပြီး သေသည်နှင့် အရှက်ကိုပါ ခွာချခဲ့ကြပါသည်။ ဒုတိယအမျိုးအစားသည် ပထမအမျိုးအစားထက် ချီးကျူးဖို့ကောင်းပါသည်။ သို့ရာတွင် ချီးကျူးစရာ အကောင်းဆုံးမှာ အသက်ရှင်လျက် ရှိစဉ်မှာရော သေသည်၏ အခြားမဲ့မှာရော မိမိ၏ ဂုဏ်သိက္ခာနှင့် မိမိ၏ အရှက်ကို ထိန်းသိမ်းသွားကြသော လူမျိုးဖြစ်ပါသည်။
              တမာတန်းတွင် ကြိုးဆွဲချ၍သေသွားသော အမည်မသိသည့် မိန်းမပျိုသည် အပေါ်ယံ ရွှေမှုန်ကြဲ အထဲက နောက်ချေးခံထားသူ လူကြီးလူကောင်း အမည်ခံတို့ထက် ချီးကျူးလေးစားထိုက်သည်ဟု ကျွန်တော်ထင်ပါသည်။
တမာတန်းကို လွမ်းစရာ ကျန်းသေသည်။ ငယ်ငယ် ၇နှစ်သားလောက်တုန်းက ကျွန်တော်သည် သူငယ်ချင်းတစ်ယောက်နှင့်အတူ အိမ်မှ ထွက်ပြေးခဲ့ဖူးပါသည်။ အိမ်က ထွက်ပြေးခြင်းမှာ ဘာအကြောင်းမျှ မရှိပါ။ တမာတန်းသို့ သူငယ်ချင်းနှစ်ယောက် ငှက်ဥသွားနှိုက်ကြရင်း မရည်ရွယ်ဘဲနှင့် ထွက်ပြေးကြခြင်း ဖြစ်ပါသည်။
ထိုနေ့က မိုးဖွဲကလေးတွေ ကျနေပါသည်။ တမာပန်းနုတွေကလည်း သင်းနေပါသည်။ ကျွန်တော်သည် တမာတန်းကို အဆုံးအထိ မရောက်ဖူးသေးပါ။ သုံးလေးမိုင်ဝေးသဖြင့် မရောက်ဖူးသေးခြင်းဖြစ်ပါသည်။ ဤတွင် ကျွန်တော်သည် တမာတန်းကို အဆုံးအထိ သွားကြည့်ချင်လာပါသည်။ တမာပန်းနုက ကျွန်တော့်ကို သွေးဆောင်ဖြားယောင်းနေသည်ဟု ဆိုနိုင်ပါသည်။ ကျွန်တော့်အထင်တွင် ပခုက္ကူရောက်သည်အထိ တမာပင်တွေကို တန်းစီပေါက်လိမ့်မည်ဟု ထင်နေပါသည်။ ထိုတမာတန်းတစ်လျှောက်ကို ကျွန်တော်သွားကြည့်ချင်နေပါသည်။
            ထို့ကြောင့် သူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး တမာတန်း ပေတစ်ရာအတိုင်း လျှောက်လာခဲ့ကြပါသည်။ လမ်းတွင်ခွဖြင့် ငှက်ပစ်လိုက်၊ ရေအိုင်တွေ့လျှင် ၀င်ဆော့လိုက်ဖြင့်။ သို့ရာတွင် လေးမိုင်လောက် လျှောက်မိသည့်အခါ တမာတန်းသည် ဆုံးသွားပါသည်။ ရှေ့တွင် တမာပင်တွေ မရှိတော့ပါ။ ဤတွင် ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် သည်လိုတမာတန်းများ လမ်းတစ်လျှောက်တွင် ရှိရဦးမည်ဟုတွေးကာ တမာတန်းရှာပုံတော် ဆက်လက်ထွက်ခဲ့ကြပါသည်။ ဆယ့်ငါးမိုင်လောက် ရောက်သည်အထိ တမာတန်းကို မတွေ့တော့ပါ။
ဤတွင် ကျွန်တော်တို့ ကြောက်လာပြီး အားငယ်လာကြပါသည်။ ထိုစဉ်က ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင်မှ လှည်းနှစ်စီးပေါ်လာပြီး လှည်းပေါ်မှ လူကြီးတစ်ယောက် ဆင်းလာပါသည်။ ထိုလူကြီးမှာ ကျွန်တော်တို့ အိမ်နီးနားချင်း လက်ဖက်ကုန်သည် တစ်ယောက်ဖြစ်ပါသည်။ သူသည် ကျွန်တော်တို့ ၇နှစ်အရွယ် ကလေးနှစ်ယောက်ကို လူသွားလူလာပြတ်သည့် ပေတစ်ရာကြီးပေါ်တွင် မြို့မှ ဆယ့်ငါးမိုင်ခရီးအကွာ၌ တွေ့ရသည့်အခါ အံ့အားသင့်နေပါသည်။ သူက အကျိုးအကြောင်းကို မေးသည့်အခါတွင် ကျွန်တော်တို့ ကောင်းကောင်းမဖြေနိုင်ပါ။ ဤတွင် သူရိပ်မိလိုက်ပါပြီ။ သူသည် လမ်းဘေး နဘူးချုံမှ ကြိမ်တစ်ချောင်းကို ချိုး၍ ကျွန်တော်တို့ နှစ်ယောက်ကို တစ်ချက်စီရိုက်ပြီး လှည်းပေါ်သို့ အတက်ခိုင်းပါသည်။ သည်အရွယ်မှာ အိမ်ပြေးရသလောဟု ဆိုကာ တော်တော်လည်း စိတ်ဆိုးနေဟန် တူပါသည်။
ညနေပိုင်း အိမ်သို့ ပြန်ရောက်သည့်အခါတွင် တစ်မြို့လုံး လိုက်ရှာပြီး မတွေ့သဖြင့် လူပျော်မှုဖြင့် ဂါတ်တိုင်ထားပါသည်။ လက်ဖက်ကုန်သည်က အိမ်သို့သွားအပ်သည့်အခါတွင် အဖေသည် စိတ်ဆိုးလွန်းသဖြင့် ကျွန်တော့်ကို တိုင်တွင် ကြိုးတုပ်ပြီး ရိုက်ပါသည်။
ကျွန်တော်သည် နောက်ကြီးပြင်းလာသောအခါတွင် အိမ်မှ နှစ်ခါလောက် ထွက်ပြေးဖူးပါသေးသည်။ တမာတန်းက ပေါ်ခဲ့သော အိမ်ပြေးစိတ်သည် ကြီးသည်အထိ ပါလာသလား မဆိုနိုင်ပါ။
                 တမာတန်းနှင့် ပတ်သက်၍ နောက်တစ်ချက် ကျွန်တော် သတိရစရာ ကျန်သေးသည်။ ယင်းမှာ ဂျပန်တော်လှန်ရေးအတွင်းက ဂျပန်တို့ အသတ်ခံသွားရသော ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေး ရဲဘော်ကိုတင်ဦး၏ သင်္ချိုင်းရှိသောကြောင့် ဖြစ်ပါသည်။ ကိုတင်ဦးသည် မြို့နှင့် ဆယ်မိုင်ခန့် ဝေးသော ရွာတစ်ရွာတွင် ဂျပန်မိသွားပြီး ကိုယ့်ကျင်းကိုယ်တူးခိုင်းကာ ကျင်း၀တွင် ဒူးထောက်ခိုင်းပြီး ဓားဖြင့် ခုတ်သတ်လိုက်ပါသည်။ သူ့အလောင်းကို ထိုရွာအနီးက ကျင်းထဲတွင် ဂျပန်က မြှုပ်ပစ်ခဲ့ပါသည်။
စစ်ကြီးပြီးသွား၍ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့တွေ ဖွဲ့သောအခါတွင် ကျွန်တော်တို့သည် ကိုတင်ဦး၏ အရိုးကိုသွား၍ဖော်ကာ မီးသဂြိုဟ်ပြီး တမာတန်းဘေးက ခံစပ်ကုန်း တောင်ကမူကလေးပေါ်တွင် အုတ်ဂူကလေးတစ်ခု လုပ်ကြပါသည်။ ထိုစဉ်က မြို့ပိုင်နှင့် အင်္ဂလိပ်အလိုတော်ရိ လူကြီးမင်းများက မြို့ထိပ်တွင် သင်္ချိုင်းဂူလုပ်ရမည်လောဟုဆိုကာ ကန့်ကွက်တားမြစ်ခဲ့ကြပါသည်။ သို့ရာတွင် ကျွန်တော်တို့ လူငယ်များသည် သူတို့တားမြစ်ချက်ကို ဖီဆန်ကာ ကိုတင်ဦး၏အရိုးပြာများကို ထိုတောင်ကမူကလေးပေါ်တွင် ဂူသွင်းကြပါသည်။
*
ထိုတစ်ခေါက် အညာသို့ရောက်စဉ် ကျွန်တော်သည် ရေနွေးကြမ်းနှင့် အမဲခြောက်ဖုတ်ကို စာအုပ်နှင့် တွဲဖက်မြည်းရင်း အိမ်နောက်က တမာပင်ကလေးကို ကြည့်နေမိပါသည်။ အမေက အမဲခြောက်စပ်ချဉ်ဟင်း၊ တမာရွက်တို့ဖြင့် ကျွေးသဖြင့် တမာတန်းကို သတိရကာ တမာပင်ကလေးကို မော့ကြည့်မိလိုက်ဖြင်း ဖြစ်ပါသည်။ တမာရွက်တွေ ကြွေနေသည်မှာ သုံးလေးရက် ရှိပါပြီ။ ရိုးတံပြိုင်းပြိုင်းဖြစ်နေသော တမာပင်ကို ကြည့်၍ ကျွန်တော် နွေလွမ်းဝေဒနာ ၀င်လာပါသည်။ သည်နေ့မော့ကြည့်လိုက်တော့ နှစ်ရက်သုံးရက်ခန့် ရိုးတံပြိုင်းပြိုင်းဖြစ်နေသော တမာပင်ကလေးတွင် ရွက်နုတွေ ထွက်နေသည်ကို ကျွန်တော် မြင်နေပါသည်။ ပြက္ခဒိန်ကို မော့ကြည့်လိုက်တော့ ဖေဖော်ဝါရီ ၂၄ရက်။
ကျွန်တော်သည် နေ့စဉ်မှတ်တမ်းစာအုပ်ကို ထယူကာ အိမ်နောက်ဖေးက တမာပင်ကလေး ရွက်နုတွေ စထွက်တဲ့နေ့ဟု မှတ်ထားလိုက်ပါသည်။ အခြားသောတမာပင်များကို ကြည့်လိုက်တော့လည်း ရွက်နုတွေ ဆင်စပြုနေပါသည်။ တမာပင်တို့သည် တပို့တွဲလပြည့်ကာနီးနှင့် လပြည့်ကျော်တို့တွင် ရွက်နုဆင်သည်ကို ကျွန်တော်တွေ့ရပါသည်။
            ရှေးစာဆိုတို့က တမာကို မကောင်းသည့်ဘက်တွင် ဥပမာတင်စား၍ သုံးခဲ့ကြပါသည်။ တမာလို မခါးနဲ့ ပျားလိုချိုဟု ပြောကြပါသည်။ တမာရောယှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း၏ ဟု ဆိုကြပါသည်။
သို့ရာတွင် ယင်းမှာ တစ်ဖက်သက်ကျသော နိဂုံးချုပ်နည်းဟု ထင်ပါသည်။ တမာသည် အဆင်းမလှသော်လည်း အရိပ်ကိုပေးပါသည်။ တမာပန်းရနံ့သည် ရိုင်းသော်လည်း မွှေးမြဲမွှေးပါသည်။ တမာရွက်သည် အကြွေမြန်သော်လည်း ချက်ချင်း ရွက်နုထွက်ပါသည်။ တမာသည် ခါးသည်ဟု ဆိုသော်လည်း ခံတွင်းမြိန်စေပါသည်။
နောက်ပိုင်းတွင်မူ ကဗျာဆရာတို့က တမာပန်းကို ဖွဲ့လာကြပါသည်။ တမာသည် အညာ၏ ပုံရိပ်ဖြစ်လာပါသည်။ ချိုပြုံးက “တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ”ဟု တမာကို လွမ်းတစွာ ညည်းပါသည်။
တမာနုချိန်သည် ကျွန်တော့်နွေလွမ်းဝေဒနာ၏ ရောဂါလက္ခဏာချက် ဖြစ်ပါသည်။ ကျွန်တော့် အိမ်လွမ်းဝေဒနာ၏ ပြဒါးတိုင်လည်း ဖြစ်ပါသည်။
#Credit

About The Author

greenness_mm

No Comments

Leave a Reply