ကလောသို့ဆိုက်ရောက်ချိန်
ကားပေါ်ကဆင်းလိုက်တာနဲ့
သူ့အထိအတွေ့က အေးခနဲ။
အနွေးထည်ဝတ်ထားပေမယ့်
ခြေဖျားလက်ဖျား
နှာသီးဖျား နားဖျားလေးတွေ
ရေခဲမတတ်။
နှင်းဖုံးနေတဲ့သူ့အကြည့်က
ရင်ဘတ်ထဲ
ကျဉ်ခနဲ။
နံနက် လေးနာရီဆိုပေမယ့်
မြို့ကလေးရဲ့ ဟောက်သံတွေ ပြင်းထန်နေတုန်း။
ကုန်းအမြင့်လေးတွေပေါ် လျှောက်တက်လိုက်တိုင်း
ကြယ်တွေနဲ့ပိုနီးလာသလိုလို
တစ်စုံတစ်ရာနဲ့ပိုဝေးကွာသွားလေသလား။
ကျွန်တော်လေ…
ခိုက်ခိုက်တုန်နေတဲ့
ကြယ်အလင်းရောင်ကိုအားပြုလို့
သူ့ရင်ခွင်ထဲ
တိတ်တိတ်ကလေး တိုးဝင်ခဲ့ပါတယ်။ ။
မိုးဟိန်းထက်
November 24, 2014
Photo #CrdOrginalUploader
No Comments