ရေ၏ ခေါ်သံ

ရေ၏ ခေါ်သံ

ကျွန်တော်တို့အုပ်စုသည် မြေသားလှေကားထစ်အတိုင်း အောက်သို့ဆင်းလာခဲ့ကြသည်။ အောက်သို့ဆင်းလေလေ ရေစီးသံတဝေါဝေါကို ပို၍ ကြားလေလေပင်။ ရေစီးသံက ကျွန်တော်တို့ကို လက်ယက်ခေါ်နေသလိုခံစားရသည်။ အောက်သို့ရောက်သောအခါ ဝါးတဲလေးနှစ်လုံးကို ဘွားခနဲတွေ့လိုက်ရသည်။ အတော်ပါပဲ။ ထိုဝါးတဲနှစ်လုံးမှ လူမရှိသောဝါးတဲလေးပေါ်သို့ ကျွန်တော်တို့ လှမ်းတက်လိုက်ကြသည်။ မိန်းကလေးသုံးယောက်ကတော့ ထူးထူးထွေထွေ အဝတ်အစားမလဲကြပါ။ ကျွန်တော်တို့ ယောက်ျားလေး သုံးယောက်သာလျှင် အပေါ်အင်္ကျီတွေ ချွတ် ပုဆိုးတွေလဲကာ ရေထဲဆင်းဖို့ပြင်ဆင်ကြပါသည်။ ညီမလေး ကေသရီဦး မြင့်မြတ်သိင်္ဂီနှင့် မီမီခိုင်ထွန်း တို့ကတော့ ချက်ချင်းဆင်းကြမည့်ပုံ မပေါ်သေး။ တဝေါဝေါရေစီးသန်နေသည့် ရေတံခွန်အလှကိုသာ တအံ့တသြငေးမော၍ ကောင်းနေကြဆဲ။

ထိုစဉ် ကျွန်တော် ဆရာချစ်နှင့် ကွီးဖြိုးကတော့ ကျောက်တုံးတွေပေါ် လမ်းလျှောက်ကာ တဝေါဝေါရေစီးသံရှိရာသို့ ခပ်သွက်သွက် လှမ်းနေကြလေပြီ။ နေမွန်းတည့်ချိန်ဖြစ်သောကြောင့် ရေမထိသော ကျောက်တုံးများပေါ်လျှောက်ရသည်မှာ ပူလှသည်။
ထို့ကြောင့် အပူဒဏ်ကို ခုန်ဆွခုန်ဆွခုခံရင်း ရေထဲသို့ အမြန်ဆုံး ဆင်းချလိုက်ရတော့သည်။ အား ပါးပါး စိမ့်ပြီး အေးလှသည့်ရေ။ နွေးပြီး တစိမ့်စိမ့်အေးနေသည့်ရေ။ ကြည်လိုက်သည်မှာ မပြောပါနှင့်။ ကိုယ့်ခြေဖမိုးကို ကိုယ်ပြန်မြင်ရသည်။ ရေအောက်ကြမ်းပြင်မှ သဲမွမွလေးများကို အတိုင်းသားမြင်နေရသည်။ ကျွန်တော်သည် ခြေသလုံးမြုပ်သည်အထိ ရေထဲသို့ ဆင်းလိုက်သည်။ အချို့သဲပြင်များက ဟိုးအောက်ထိ ကျွံကျသွားသည်။ သို့သော် အလွန်အကျွံနက်သည်တော့ မဟုတ်။ လက်ပစ်ကူးခတ်၍တောင် မရသည့် အနေအထား။ ရေကူး၍ မရ ရေစိမ်၍သာရနိုင်သည်။ ကျွန်တော်သည် တဝေါဝေါ စီးသွန်ကျနေသည့် ကျောက်တုံးများရှိရာသို့ တရွေ့ရွေ့လှမ်းလာခဲ့သည်။ ဆရာချစ်နှင့် ကွီးဖြိုးကို လှမ်းကြည့်လိုက်ရာ ဟိုးခပ်လှမ်းလှမ်းသို့ပင် ရောက်နေကြချေပြီ။ တော်တော်သွက်သည့် နှစ်ယောက်။

ကျွန်တော်သည် တဝေါဝေါသွန်ချနေသည့် ရေလုံးအောက်သို့ ခြေထိုးခံလိုက်သည်။ အောင်မယ်လေး။ ခြေထောက်ပင် လွင့်ပါသွားတော့ မတတ်။ ရေအရှိန်က ပြင်းလှချည့်။ အရှိန်နှင့်ဆင်းနေသည့် ရေပြင်အပြားလိုက်ကြီးကို ခြေထောက်နှင့် ထိုးခွဲလိုက်သည်။ ရေလုံးထု၏ဒဏ်ကြောင့် ခြေဖမိုးခမျာ တဆတ်ဆတ်တုန်ခါနေပါသည်။ သို့သော် ကျွန်တော့်ခြေထောက်ကို ပြန်လည်မရုတ်သိမ်းမိ။ ရေ၏ အထိအတွေ့မှာ ကျွန်တော်သာယာနေမိသည်။ ပိုက်လုံးမှ ရေတံလျှောက်မှ တဝေါဝေါဆင်းလာပုံမျိုးနှင့်မတူသော သဘာဝအလျောက် စီးဆင်းလာသော ရေ၏ အရှိန်အဟုန်။ ထိုအရှိန်အဟန်နှင့် ထိတွေ့ရသော ခံစားမှု။ ထိုခံစားမှုမှာ ခဏတာ မိန်းမောသာယာပျော်ရွှင်မှု။ အို သဘာဝတရားသည် ဆန်းကြယ်လှပါပေသည်။ အံ့သြဖွယ်ကောင်းလှပါပေသည်။ ကျွန်တော်သည် ထိုသဘာဝတရားကို ချစ်မြတ်နိုးနေမိသည်။ တဝေါဝေါ ရေစီးသံသည် သဘာဝက ဖန်တီးပေးထားသော ဂီတသံ မဟုတ်ပါလား။ အဆင့်ဆင့်အသွယ်သွယ် ယှက်သန်းစီးဆင်းနေသော ရေတံခွန်သည် သဘာဝက ခြယ်မှုန်းထားသော ပန်းချီကားချပ်ပင် မဟုတ်ပါလား။ ကျွန်တော်သည် သဘာဝ၏ အသံကို နားဆင်ကြည့်သည်။ သဘာဝ၏ အလှကို ရှုမြင်မိသည်။

ကျွန်တော်သည် တဝေါဝေါရေစီးသံရှိရာသို့ လျှောက်လာခဲ့သည့် လာလမ်းကို မျှော်ကြည့်လိုက်သည်။ ဟောဟို ခပ်လှမ်းလှမ်းမှာ ညီမလေးသုံးယောက်။ အောင်မာ ရေလည်းမဆော့ ဘာမဆော့နှင့် ကျောက်တုံးတွေပေါ် အကျအနထိုင်ကာ စကားပြောနေကြပါကလား။ မည်သို့ဆိုစေ သူတို့သုံးယောက်သည်လည်း ရေစီးသံကို နားဆင်ရင်း ရေတံခွန်အလှကို ငေးမောရင်း သဘာဝနှင့် တစ်သားတည်းဖြစ်နေကြပါပြီ။ ရေထဲသို့ ခြေထောက်လေးတွေ ဆင်းစိမ်ကာ စကားကောင်းနေကြသော သူတို့သုံးယောက်ကို ကျောခိုင်းကာ ကျွန်တော် ရေတံခွန်ရှိရာသို့ ဆက်လျှောက်လာခဲ့လေသည်။ ရှေ့မှာလည်း နောက်ထပ်ရေတံခွန်တစ်ခု။ ပထမရေတံခွန်ထက် အရှိန်ပိုပြင်းသည့် ရေတံခွန်။ ဝေါကနဲ ထိုးဆင်းနေသည့် ရေအပြားအချပ်ကြီးက အောက်ခြေကျောက်တုံးလွှာပေါ်သို့ ဝရုန်းသုန်းကား ထိုးဆင်းချလိုက်သည်။ ထိုအခါ ရေမှုန်ရေမွှားများ အစိတ်စိတ်အမြွှာမြွှာ ဖြာထွက်သွားကြသည်။ ကျွန်တော်သည် ထိုရေမှုန်ရေမွှားများရှိရာသို့ ချဉ်းကပ်လာခဲ့သည်။ ကျွန်တော့်ခန္ဓာကိုယ် အနှံ့သို့ လွင့်စင် ဖျန်းပက်လိုက်ကြသော ရေစက်ရေပေါက်လေးများကို ကျွန်တော်ငေးကြည့်နေမိသည်။ ချစ်စရာ ရေမှုန်ရေမွှားလေးများ။ ရေမှုန်ရေမွှားလေးများကို ကြည့်ရသည်မှာ ကဗျာဖတ်ရသည်နှင့် တူသည်။ ရေမှုန်ရေမွှား ရေစက်ကလေးများက ခုန်ပျံနေသော စကားလုံးများ။ ခုန်ပျံနေသော စကားလုံးများကို အမိလိုက်ဖမ်းကာ ကဗျာကို အနက်ဖော်ရသကဲ့သို့ပင်။ ရေမှုန်ရေမွှားလေးများကို အမိဖမ်းဖို့ရာ မလွယ်ကူလှပါ။ ထို့ကြောင့် ရေမှုန်ရေမွှားလေးများကို ကျွန်တော် ဒီအတိုင်းထိုင်ကြည့်နေလိုက်တော့သည်။ ကျွန်တော့်ကိုယ်ခန္ဓာအနှံ့ စင်လိုရာ စင်ပါစေတော့။ ထိလိုရာ ထိပါစေတော့။

တကယ်တော့ ကျွန်တော်သွားစရာ ရေတံခွန်နောက်တစ်ဆင့် ကျန်ပါသေးသည်။ အဆိုပါ ရေတံခွန်အနားမှာ ဆရာချစ်နှင့် ကွီးဖြိုး။ နှစ်ယောက်သား ရေဆော့ကောင်းနေကြသည်။ သူတို့နှစ်ယောက်ကို ကျွန်တော် သဘောကျနေမိသည်။ တဝေါဝေါရေပြင်ကြီးအောက်သို့ ခေါင်းထိုးခံသည်။ ထိုရေပြင်ကြီးကို လက်သီးနှင့်ထိုးသည်။ လက်ဖဝါးနှင့်ကာသည်။ နောက် တစ်ကိုယ်လုံးဆင်းထိုင်သည်။ ဆရာချစ်နှင့် ကွီးဖြိုးသည် ဒေါသကြီးနေသည့် ရေတံခွန်ကို စနောက်နေသည့်အလား။ ရေတံခွန်နှင့်အပြိုင် အဆိုင် သူနိုင်ကိုယ်နိုင် ကြဲနေကြသည်။ ကျွန်တော်သည် ချောပြောင်နေသည့် ကျောက်တုံးများအပေါ် သတိနှင့်လှမ်းရင်း သူတို့နှစ်ယောက်ရှိရာသို့ ချဉ်းကပ်လာခဲ့သည်။ သူတို့နှစ်ယောက်ကတော့ ရေတံခွန်ကို စလိုက် တဟာဟားရယ်လိုက်နှင့် သဘောကျနေကြသည်။ တကယ်တော့ သူတို့နှစ်ယောက်သည် တဝေါဝေါစီးနေသည့် ရေတံခွန်ကို ကျီစယ်နောက်ပြောင်နေကြခြင်းဖြစ်သည်။ ကြာလာတော့ ကျွန်တော်လည်း မနေနိုင်တော့။ သူတို့နှစ်ယောက်နည်းတူ အပေါ်စွပ်ကျယ်ကို ဆွဲချွတ်ကာ ရေထဲစိမ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ရေတံခွန်ရှိရာသို့ ရောက်လာပါလျက် ရေထဲဆင်းမစိမ်လျှင် သဘာဝမကျ။ ရောက်ရကျိုးလည်း မနပ်။ ရေတံခွန်ကလည်း ကျေနပ်မည် မထင်။ သူ့ထံရောက်လာပြီး သူနှင့်တစ်သားတည်းမနေထိုင်သူကို ရေတံခွန်က စိတ်ဆိုးကောင်း စိတ်ဆိုးနေလိမ့်မည် ထင်သည်။

ထို့ကြောင့် ကျွန်တော်သည် တဝေါဝေါမြည်နေသည့် ရေပြင်တစ်ခုဆီသို့ တရွေ့ရွေ့လှမ်းလာခဲ့ပါသည်။ အပေါ်ပိုင်းဗလာကျင်းထားသော ကိုယ်ခန္ဓာသည် ချမ်းစိမ့်စိမ့်ဖြစ်နေသည်။ ရေစက်ရေမှုန်ရေမွှားလေးများက အသားကို အပ်ဖျားလေးများဖြင့် ဆွနေသည့်နှယ်။ တွန့်ခနဲ တွန့်ခနဲ ဖြစ်ဖြစ်သွားသည်။ သို့သော် ကျွန်တော်နောက်မတွန့်မိချေ။ ရှေ့သို့သာ ဆက်လှမ်းနေမိသည်။ မကြာပါ ကျွန်တော့်တစ်ကိုယ်လုံး တဝေါဝေါရေလုံးတွေကြားထဲ ရောက်သွားသည်။ အား ပါးပါး။ ထူးဆန်းသည့် အရသာပါတကား။ အရှိန်နှင့်ပြေးဆင်းလားသော ရေလုံးများသည် ကျွန်တော့်အသားကို တွန်း၏။ တိုက်၏။ ထိုး၏။ ဆွ၏။ လှုပ်၏။ ကျွန်တော်သည် သူ၏ အတွန်း အတိုက် အထိုး အဆွ အလှုပ်ကြားမှာ လူးကာ လှိမ့်ကာ ခံစားနေရသည်။ ကျွန်တော် ခံစားနေရသည်က နာကျင်မှု။ ရေကပေးသည့် နာကျင်မှု။ သို့သော် ထူးဆန်းသည့် နာကျင်မှု။ အံ့သြဖွယ်ကောင်းသည့် နာကျင်မှု။ နာသည်ဟု မထင်ရသော နာကျင်မှု။ တွယ်တာတပ်မက်ဖို့ကောင်းသော နာကျင်မှု။ ထိုနာကျင်မှုမှာ ကျွန်တော် မျောပါသွားသည်။ တကယ်တော့ ဒါသည် ရေတံခွန်တစ်ခုကြောင့် ရရှိလိုက်သည့် နာကျင်မှု။

ကျွန်တော် ပျော်ပါသည်။ ကျေလည်း ကျေနပ်ပါသည်။ ကြည်လည်း ကြည်နူးမိပါသည်။ ထို့ပြင် သာလည်း သာယာမိပါသည်။ ရေပြင်အောက်မှာ ကိုယ်ခန္ဓာကို လဲလျောင်းရင်း ကျွန်တော် ကောင်းကင်ကို မော့ကြည့်မိသည်။ ပြာလဲ့လဲ့ကောင်းကင်။ ကျွန်တော့်ပတ်ပတ်လည်ကို ငေးမောမိသည်။ အုပ်အုပ်ဆိုင်းဆိုင်းသစ်ပင်တွေ။ ပြီးတော့ ကျောက်တုံးတွေ။ တဝေါဝေါရေစီးသံတွေ . . . ။ ထိုရေစီးသံတွေ ကြားထဲမှာ ကျွန်တော်တို့။ လူသားနှင့် သဘာဝတရား။ လူသားနှင့် ပတ်ဝန်းကျင်။ လူသားနှင့် ရေတံခွန်။ အပြန်အလှန် စပ်ဆက်နေကြသည်။ အပြန်အလှန် အမှီသဟဲ ပြုနေကြသည်။ တစ်ခုမရှိဘဲ အခြားတစ်ခု ရပ်တည်နိုင်ပါ့မလား။ ရေရှည် အသက်ဆက်နိုင်ပါ့မလား။ တကယ်တော့ လူသားနှင့် သဘာဝပတ်ဝန်းကျင်သည် `ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ´မဟုတ်ပါလား။ ကျွန်တော်တို့သည် တစ်ခါတစ်ရံ ပတ်ဝန်းကျင်ကို မေ့လျော့သွားတတ်ကြသည်။ သဘာဝတရားနှင့် ကင်းကွာသွားတတ်ကြသည်။ ဤသို့ဖြင့် ရေတံခွန်ရှိရာသို့ မရောက်ဖြစ်ကြတော့ချေ။ သို့သော် ကျွန်တော်တို့ ကြာကြာမနေနိုင်။ ပတ်ဝန်းကျင်ရှိရာသို့ တိုးဝင်လာရစမြဲ။ သဘာဝတရားထံသို့ ခိုလှုံရစမြဲ။ ရေတံခွန်ခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်ရစမြဲ။ ခုပဲ ကြည့်။ ရေတံခွန်ရှိရာသို့ ကျွန်တော်တို့ ရောက်လာခဲ့ကြပြီ။ ဤမှာ ကျွန်တော်တို့သုံးယောက် ရေဆော့နေကြသည်။ ဟောဟိုမှာ ညီမလေး သုံးယောက် ကျောက်တုံးတွေပေါ်မှာ ဓာတ်ပုံတဖျပ်ဖျပ် ရိုက်နေကြသည်။

တကယ်တော့ လူသည် သဘာဝတရားကို ချစ်မြတ်နိုးသူဖြစ်သည်။ သဘာဝအလှမှာ မိန်းမောသာယာသူဖြစ်သည်။ သဘာဝအလှကို မှတ်တမ်းတင်ချင်သူဖြစ်သည်။ တကယ်တမ်းကျတော့ သဘာဝတရားနှင့် ကင်းကွာပြီး ကျွန်တော်တို့ မနေနိုင်ကြပါ။ သဘာဝတရားသည် ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် နေ့စဉ်ရှူနေရသည့် အောက်ဆီဂျင်တစ်မျိုးပင် မဟုတ်ပါလား။ ရေတံခွန်ရှိရာသို့ ကျွန်တော်တို့ နောက်တစ်ခေါက် လာဖြစ်ကြပါလိမ့်ဦးမည်။

~ မောင်ကြည် ~

About The Author

greenness_mm

No Comments

Leave a Reply