အစိမ်းရောင် အအေးပေးစက်များ

အစိမ်းရောင် အအေးပေးစက်များ

နေသည် ထင်းထင်းကြီးပူနေ၏။ ဒေါ်ကောက်သည် တဲအောက်မှာ ရေနွေးထိုင်သောက်ရင်း ဘေးပတ်ဝန်းကျင်ကို ငေးမောနေသည်။ ညက TV ထဲမှာ အပူဒဏ်ကြောင့် လူတွေသေဆုံးသည့် သတင်းတွေကိုသူကြည့်ခဲ့ရသည်။ မြို့ပေါ်က လူတွေ သစ်ပင်မရှိ၊ လေမတိုက်နဲ့ တိုက်ခန်းတွေ၊ ကတ္တရာလမ်းမပေါ်တွေထဲ ဘယ်လွယ်လိမ့်မလည်း ဟုတွေးရင်း စိတ်တွင် သူတို့ကိုယ်စားမွန်းကျပ်လာပါသည်။ ရေနွေးတစ်ခွက်ကို ထပ်ငှဲ့သောက်လိုက်ပြန်သည်။ ချွေးကလေးတွေစို့လာ၏။ လေပြေတစ်ချက်ဝှေ့လိုက်ရာ အေးခနဲ ခံစားလိုက်ရ၏။ သူ့တဲအနီးကပ်ရက်က မန်ကျည်းပင်ကို မော့ကြည့်လိုက်မိသည်။ ပြီးတော့ တောစပ်က ငှက်ပျောပင်များနှင့် ခြုံပုတ်ကလေးတွေကိုလည်းကြည့်လိုက်သေး၏။ သူ့စိတ်ထဲတွင် ထိုအပင်များကို ကျေးဇူးတင်နေလေသည်။
ကလေးသုံးယောက်သည် နေ့လယ်ခင်းတွင်ပင် ဆော့ကစားနေကြသည်။ သစ်ပင်မှတွဲလောင်းချထားသော ဒန်းပေါ်တွင်ထိုင်ကာ ဒန်းစီးနေကြခြင်းဖြစ်သည်။ ဒန်းဆင်ထားသည့်အပင်က မျောက်ငိုပင်ကြီးဖြစ်သည်။ မျောက်ငိုပင်နှင့်ကပ်ရက်မှာ ပိန်နဲပငျနှငျ့သရကျပငျလညျးရှိသေးသညျ။ ထို့ကြောင့်အရိပ်ကောင်းစွာရ၏။ ကလေးသုံးယောက်ရဲ့ အဖွားဖြစ်သူ ဒေါ်ရှားတင်က သူ့မြေးသုံးယောက်ကို နေ့လယ်မှာမဆော့ဖို့ တားမြစ်သော်လည်း ကလေးတွေမှာတားလို့မရ။ အပူလှိုင်းဖြတ်နေသည်။ လုတွေသေကြသည်ဟု ခြိမ်းခြောက်ပြောဆိုသော်လည်း အဆော့မပျက်။ ဒါန်းစီးတော့ အဖွားလိုရပ်ခတ်စရာပင်မလိုဟု အဖွားဖြစ်သူကို ပြန်ပြောကြသေးသည်။ ဒီမြေးတွေနဲ့တော့ ဒီအပင်ရိပ်တွေရှိလို့သာပဲဟု ဒေါ်ရှားတင်တွေးနေမိလေသည်။
ဦးကျော်ထွန်းသည် သူ့အိမ်နောက်ဖေး မြစ်ကမ်းပါးစပ်က ကုက္ကိုလ်ပင်ရိပ်တွင် ဖျာကလေးခင်းပြီးထိုင်နေသည်။ မြစ်ထဲမှာ နေအပူရှိန်ကြောင့်တံလှပ်တွေပင်ထနေသည်။ ဘေးနားက ဝါးရုံပင်နှစ်ပင်အောက်မှာလည်း ဝါးရွက်ကြွေတွေကို သူသိမ်းရဦးမည်။ ပြီးခဲ့သောနှစ်က သည်ကုက္ကိုလ်ပင်ကြီးကို ဆယ့်နှစ်သိန်းနှင့် လာဝယ်သေး၏။ သားနှင့်သမီးဖြစ်သူက ရောင်းချင်ကြသည်။ ” အပင်ခုတ်ပေမယ့် ငုတ်နဲ့အမြစ်ကျန်တော့ ကမ်းပါးက မပြိုပါဘူး အဖေရဲ့” ဟု ဆိုကြသေးသည်။ အပင်က မြစ်ကမ်းပါးနားမှာ ရှိနေတော့ ကမ်းပါးလည်း တော်တော်နဲ့မပြိုနိုင်ပါ။ ဤသည်ကို ရည်ညွန်းရဲ့ သားနှင့်သမီးနှစ်ယောက်ကပြောကြခြင်းဖြစ်သည်။ သူ့သားသမီးတွေဘယ်လိုပြောကြသော်လည်း သူမရောင်းခဲ့။ သူနဲ့အိမ်ခြင်းကပ်ရက် ဦးဘဖေကလည်း သစ်ပင်ကြီးကိုမရောင်းဖို့ သူ့ကိုအကြံပေးခဲ့သည်။
ဦးကျော်ထွန်းကို ကုက္ကိုလ်ပင်မရောင်းဖို့ အကြံပေးခဲ့သော ဦးဘဖေသည် အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်သည်။ သူသည် သူ့အိမ်ရှေ့ အမြိတ်ထုတ်ထားသောအမိုးအောက် ပက်လက်ကုလားထိုင်လေးပေါ် ထိုင်နေလေသည်။ နွေရာသီပူလွန်းသဖြင့် မြေပြင်ကိုမနက်ကတည်းက ရေဝနေအောင် သားသမီးတွေကို လောင်းခိုင်းထားသည်။ အမိုးက ဝါးကပ်မိုးဖြစ်သည်။ သမီးငယ်ဖြစ်သူက အမိုးခဏခဏမလှဲရအောင် အမိုးကို သွပ်အစားထိုးမိုးချင်တာကိုပင်သူလက်မခံ။ ငါလည်းမကြတော့ဘူး ငါသေမှနင်တို့မိုးချင်ရာမိုးကြဆိုတော့ တစ်ခွန်းတည်းနဲ့ပြီးသွားတော့သည်။ ဦးဘဖေထိုင်နေသော အိမ်အမြိတ်ရှေ့မှာ သရက်ပင်ကြီးတစ်ပင်ရှိသည်။ ခေါင်းရင်းဘက်မှာ တမာပင်ခပ်ကြီးကြီးရှိသည်။ ဒါတင်မကသေး ဦးဘဖေတို့အိမ်က အိမ်သာနားမှာပင် အိမ်သာကို ခတက်ပင်ကမိုးထားသည်။
ကိုသံလုံးသည် လက်သမားလုပ်ကိုင်သူတစ်ဦးဖြစ်သည်။ မြို့ထဲတွင်အလုပ်ဆင်းနေရာက နေ့လယ်ပိုင်း ထမင်းစားနားချိန် အိမ်သို့ထမင်းစားပြန်လာသည်။ ကတ္တရာလမ်းပူပူပေါ်မှာ ဆိုင်ကယ်ကို ခပ်သွက်သွက်မောင်းလာသည်။ သူ့ရပ်ကွက်လမ်းထဲသို့ ချိုးဝင်လိုက်သောအခါ ဆိုင်ကယ်ကို အရှိန်လျှော့ပစ်လိုက်သည်။ သူသည်လည်း အေးခနဲခံစားလိုက်ရသည်။ လမ်းဘေးတလျောက်မှာက သရက်ပင်အုပ်အုပ်များရှိလေသည်။
တကယ်တော့ နွေရာသီတွင် အပင်များသည် အစိမ်းရောင်အအေးပေးစက်များဖြစ်သည်။ ဘာလျှပ်စစ်ဓာတ်အားမှမလိုသော၊ လူကိုဘေးမဖြစ်စေသော အအေးပေးစက်တွေဖြစ်သည်။ ကျွန်တော်တို့ ကိုယ့်အနီးဝန်းကျင်က သစ်ပင်တွေကို စောင့်ရှောက်ဖို့လိုအပ်ပါသည်။
ဆန်းလေး

About The Author

greenness_mm

No Comments

Leave a Reply