အပူဆုံးအချိန်တွေမှာ သတိနဲ့ဆင်ခြင်ကြစေချင်

အပူဆုံးအချိန်တွေမှာ သတိနဲ့ဆင်ခြင်ကြစေချင်

ယခုနွေရာသီ အပူဒဏ်ကိုခံရတာကတော့ ကမ္ဘာကြီးမီးလောင်နေပြီလားလို့ အောက်မေ့ရပါတယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေရတဲ့အထဲမှာမှ ဟိုနေရာ၊ သည်နေရာတွေမှာ ရှိူ့မီးကြောင့် လောင်ကျွမ်းတဲ့မီး၊ မတော်တဆကြောင့် လောင်ကျွမ်းတဲ့ မီးတွေအကြောင်းလည်း လူမှုကွန်ရက်ပေါ်ကနေ မြင်ကြားနေရပါတယ်။ လူရော၊စိတ်ရောပူလောင်နွမ်းလျကြရပါတယ်။

ယခုနှစ်နွေရာသီ ကမ္ဘာ့အပူဆုံး မြို့၁၅ မြို့မှာ မြန်မာနိုင်ငံက မြို့ ၆ မြို့ပါဝင်တယ်လို့ဆိုပါတယ်။ ချောက်မြို့က ကမ္ဘာ့အပူဆုံးမြို့ အဆင့် (၁) ၊ မကွေးမြို့က အဆင့် (၅) ၊ မင်းဘူးမြို့က အဆင့် (၈) ၊ ညောင်ဦးမြို့က အဆင့်( ၉)၊ တောင်ငူမြို့က အဆင့် (၁၀) နှင့် ပြည်မြို့ အဆင့် (၁၄) တို့ ဖြစ်တယ်လို့သိရပါတယ်။

ပူလောင်မူကိုခံစားရနေစဥ်မှာ လျပ်စက်မီးမမှန်တာကလည်း အခြေအနေကိုပိုဆိုးစေပါတယ်။ လျပ်စက်မီးမမှန်တဲ့အတွက် အစားအသောက်တွေ လတ်ဆတ်မှု နည်းသွားတာပါတယ်။ မီးလာတဲ့အချိန်လေး တစ်ရက်လုံးစာကို တစ်ခုတည်းချက်ပြုတ်ကြရတဲ့အတွက် ဟင်းတွေမှာလည်း လတ်ဆတ်မူအားနည်းပါတယ်။ တချို့ဆို နှစ်ရက်စာ၊ သုံးရက်စာ ကြော်လှော်ထားကြရတာတွေလည်းရှိပါတယ်။ အစားအသောက်မလတ်ဆတ်ရင်တော့ ဝမ်းကိုက်တာ၊ ဝမ်းပျက်တာ၊ ဗိုက်နာတာတွေ များလာတယ်လို့ မြို့နယ်ဆရာဝန်တစ်ဦးက ဆိုပါတယ်။

ဒီတော့ စားသောက်ဖို့အတွက် အသားဟင်းဖြစ်စေ အသီးအနှံဖြစ်စေ လတ်ဆတ်မှုရှိမရှိသေခြာ စိစစ်ဝယ်ယူဖို့ လိုပါတယ်။ ပြီးတော့မချက်ပြုတ်ခင် ရေများများနှင့် ပြောင်စင်အောင်ဆေးပြီးကျက်အောင်ချက်ပါ။အသီးအနှံများကို ဆားအနည်းငယ်နှင့်ရေစိမ်ထားပြီး ဆေးတာက ပိုကောင်းပါတယ်။ အပူရှိန်ကြောင့် ထမင်းဟင်းတွေဟာ သိုးလွယ်တတ်ကြပါတယ်။ ထမင်း ဟင်းတွေ မသိုးအောင် အလုံအုပ်မထားဘဲ ဖွင့်ထားပေးဖို့လိုပါမယ်။ အုပ်ရင်လည်း ဇကာလို လေဝငျပေါကျရှိတဲ့အရာနဲ့ အုပ်ပြီး အေးမြသောနေရာမှာ ထားဖို့လိုပါမယ်။ ဟင်းက သိုးနံ့ရနေတယ်ဆိုရင်တော့ လုံးဝမစားသင့်တော့ပါဘူး။ မစားခင်ခက်ပြောင်အောင်ဆေးဖို့ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် ဒီရာသီမှာတော့ လက်ဆေးတာကို ပိုဂရုစိုက်ဖို့လိုပါတယ်။ ဒါတွေကိုဆင်ခြင်လိုက်ရင် ဝမ်းနှင့်ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေနည်းသွားနိုင်တာပေါ့။

ပူတဲ့အချိန်မှာ ရေနွေးသောက်ကြဖို့ ဆရာဝန်တွေက အကြံပေးထားပါတယ်။ ပူတဲ့အချိန်မှာ ရေနွေးသောက်တာက သက်သာရာရစေတာတော့ စာရေးသူကိုယ်တွေ့ပါ။ သောက်ပြီးခဏနေရင် ချွေးလေးတွေစို့ပြီး နေလို့ထိုင်လို့ကောင်းလာပါတယ်။ ရေအေးသောက်တာထက် ရေနွေးသောက်တာက အာသာပြေပါတယ်။ ရေအေးလို သောက်လို့ကိုမဝနိုင်ဘူးဆိုတာမျိုး မရှိပါဘူး။ ကော်ဖီ၊ လဖက်ရည် ကြိုက်တဲ့သူတွေအနေနဲ့ မနက်ပိုင်းမှာပဲသောက်သင့်ပါတယ်။ နေ့လယ်ခင်း၊ ညနေခင်းတွေမှာ လဖက်ရည်၊ ကော်ဖီမသောက်ရင် နေလို့ထိုင်လို့ပိုကောင်းလာမှာပါ။ ကော်ဖီက ရေဓာတ်ကိုခမ်းစေပါတယ်။ ရေခဲရေကတော့ လုံးဝကိုမသောက်ပဲနေကြပါလို့ပဲ အကြံပေးချင်ပါတယ်။

ကလေးတွေရော၊ လူကြီးတွေပါ အသင့်ဖျော်ရည်ဘူးတွေ မသောက်ဖို့အကြံပေးပါရစေ။ သဘာဝဖျော်ရည်ကိုသာ သောက်သုံးကြပါ။လတ်လတ်ဆတ် ဆတ်သီးနှံတွေကိုစားသုံးတာက အားဆေးထက်ပိုထိရောက်ပါတယ်။ ခုပူတဲ့အပူက ကာရံမတော်ရင်သေသွားနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ သိတိနဲ့ ဆင်ဆင်ခြင်ခြင်နေထိုင်ကြပါလို့ နိူးဆော်လိုက်ပါရစေ..

ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply