ရေကို တန်ဖိုးထားရကောင်းမှန်း မသိသေးသူတွေ

ရေကို တန်ဖိုးထားရကောင်းမှန်း မသိသေးသူတွေ

” ရေအသက် တစ်မနက်” ဆိုတဲ့ မြန်မာစကားက ရေဟာ လူတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဖော်ညွန်းနေတဲ့ စကားဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ရေကိုတကယ်တန်ဖိုးထားကြပါရဲ့လား။ ရေအရင်းအမြစ်ကို တကယ် ထိန်းသိမ်းကြပါရဲ့လား။ သစ်တောတွေပြုန်းတီးလို့ ရေအရင်းအမြစ်တွေဆုံးရှုံးနေသလို၊ ရွှေတူးဖော်မူတွေကြောင့် ရေတွေညစ်ညမ်းနေသလို၊ စည်းကမ်းမဲ့ အမှိုက်ပစ်မှုတွေကြောင့် ချောင်းမြောင်းတွေညစ်ညမ်းနေသလို ရေကိုအဟသ ဖြုန်းတီးနေသူတွေလည်း မနည်းလှပါဘူး။
စာရေးသူတို့မြို့မှာ ရေလျှံတွင်းဆိုတာတွေ တော်တော်များများရှိကြပါတယ်။ ရေတွေက သူ့အလိုလိုလျှံထွက်ကျနေတာပါ။ ရေလျှံတွင်းတွေကို တူးကြသူတွေက နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမတစ်မျိုးက ပိုက်ဆံတတ်နိုင်သူတွေဖြစ်ပြီး ဒုတိယအမျိုးအစားက မိမိနေထိုင်ရာ အိမ်ဝင်းနေရာကကို ရေလျှံတွင်း လွယ်လွယ်ကူကူတူးလို့ရနေတဲ့သူတွေဖြစ်ပါတယ်။ ပထမအမျိုးအစားက ဒုတိယအမျိုးအစားထက်ပိုများတယ်။
ရေလျှံတွင်းတူးထားတော့ ရေက ပိုက်ကနေလျှံထွက်နေတာပေါ့။ လျှံထွက်လာတဲ့ရေတွေကို ထိန်းချုပ်မှုလုံးဝမရှိလွတ်ထားလိုက်တော့ ရေတွေဟာ မြောင်းတွေထဲ အလဟသ စီးဆင်းသွားပါတော့တယ်။ ထွက်လာတဲ့ရေရဲ့ ကိုးဆယ်ရာခိုင်နူန်းဟာ အလဟသဖြစ်သွားတာပါ။ ဒါကိုနိုင်ငံခြားသားတချို့ကမြင်တော့ အံ့အားသင့်ကြကြောင်း ကျွန်တော့်မိတ်ဆွေတစ်ဦးကဆိုပါတယ်။ ဒီရေတွေကို ကောင်းကောင်းထိန်းချုပ်ပြီး အလေအလွင့်မရှိအောင်အသုံးပြုသင့်တယ်လို့ လည်း မှတ်ချက်ပေးသွားပါသတဲ့။
မြို့တွင်းက ရေလျှံတွင်းတစ်တွင်းနှစ်တွင်းလောက်ပဲ ရေကိုစနစ်တကျထိန်းချုပ်သုံးတာမြင်ဖူးပါတယ်။ ရေလျှံတွင်းတော်တော်များများကတော့ လမ်းပြင်ပိုက်ထုတ်ထားပြီး ရေတွေက တလဟော အလဟသ ထွက်နေတာပါ။ တွင်းပိုင်ရှင်တွေရဲ့အတွေးကတော့ ရေပိုက်ကို အပြင်ထုတ်ထားတဲ့အတွက် ရပ်ကွက်ထဲကသူတွေ သောက်ရေ၊ သုံးရေအလွယ်တကူခပ်လို့ရမယ်။ သူတို့လည်းရေကုသိုလ်ရနေတယ်ဆိုတဲ့အတွေးပါ။ ဒါပေမယ့် ရေအရင်းအမြစ်တွေ အလဟသ ဆုံးရှုံးနေတာကိုကျတော့ တွေးမိပုံမပေါ်ပါဘူး။ ရေအောက်က ရေအရင်းအမြစ်ဆိုတာ ကိုယ်တစ်ယောက်တည်းပိုင်တာမဟုတ်ပါဘူး။” မသာလက်ဖက်နဲ့ မျက်နှာလုပ်တာမျိုး” ကျွန်တော်တို့လူမျိုးတွေထဲက တချို့ဟာ တော်တော်လုပ်တတ်ကြပါတယ်။
မြို့ပေါ်ကသူတွေ မြို့ထဲမှာ ရေရှားပါးလာရင် တောတောင်ပြုန်းတီးတာတွေကြီး လက်ညိုးထိုးနေတာမျိုးမဟုတ်ဘဲနဲ့ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ မြေအောက်ရေကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ သေသေချာစီမံခန့်ခွဲနိုင်စွမ်းမရှိရင် ရေလျှံတွင်းတွေကို မတူးတာအကောင်းဆုံးပါ။ တချို့ နိုင်ငံတွေမှာ ရေတွင်းကို တူးချင်တိုင်းတူးခွင့်မရှိပါဘူး။ ဒီနိုင်ငံမှာတော့ ကိုယ့်အသိနဲ့ကိုယ်ဆင်ခြင်ကြမှသာ ဖြစ်မှာပါ။ ပြီးတော့ ကိုယ့်အိမ်ဝင်းကို ဝင်းအပြည့် အုတ်၊ သံမံတလင်းခင်းတာမျိုးကို ရှောင်သင့်ပါတယ်။ မိုးရွာတဲ့အခါ မြေအောက်ရေစိမ့်ဖို့အတွက် မြေသားအလွတ်ထားကြရမှာပါ။
ခုလိုနွေရာသီ ကျွန်တော်တို့နိုင်ငံအလယ်ပိုင်းတွေမှာ၊ တောတောင်ထဲနေကြရသူတွေမှာ ရေရှားပါးမှုကိုရင်ဆိုင်နေကြရပါတယ်။ အဲ့ဒီတော့ ရေအရင်းအမြစ်ပေါများတဲ့ဒေသက သူတွေအနေနဲ့ မိမိတို့ရဲ ရေအရင်းအမြစ်ကို အလဟသ မဖြုန်းတီးသင့်ပါဘူး။ ကိုယ့်ရေအရင်းအမြစ်ကို ကိုယ့်အနာဂတ်အတွက် ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply