ခေါ်နူးဇုမ်
ခေါ်နူးဇုမ်က လှတယ်
တစ်နေ့ ခေါ်နူးဇုမ်ဆီ ငါ သွားမယ် ။
အိပ်မက်နီနီတွေ
အထပ်ထပ်ပွင့်နေတဲ့ အဲဒီတောင်တန်းတွေဆီ
ငါ သွားမယ်
ငါ သွားမယ်ဆိုပြီး
ဘယ်တော့မှ
ငါမရောက်တော့မယ့် အရပ်ဟာလည်း ခေါ်နူးဇုမ်ပဲ
ခေါ်နူးဇုမ်ကို ငါ သွားမယ် ။
ငါ့အရပ်အမောင်းထက် ပေပေါင်းများစွာမြင့်တဲ့
ငါ့ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုရကောင်းမှန်း မသိတဲ့
ခေါ်နူးဇုမ်
သူ့ပေတံကြီးနဲ့ သူ့ကိုယ်သူပြန်တိုင်းပြီး
ငါ့ကို သူ့အနားကပ်မရအောင်လုပ်ထားပြီး
တိမ်တွေကို တိုးတိုးဖော်လုပ်ထားတဲ့ ခေါ်နူးဇုမ်
ခေါ်နူးဇုမ်ကို ငါ သွားမယ် ။
ရောက်ဖို့ မလွယ်ကူတော့မှန်း သိပေမယ့်
ငါ့အိပ်မက်တွေက
အဆုပ်လိုက် အခိုင်လိုက် နီနီရဲရဲ
ငါ ခေါ်နူးဇုမ်ကို သွားမယ် ။
ငါ့ ့ခရီးနဲ့ ငါ တိုးတိုးတိတ်တိတ်ပဲ
ဘယ်သူက ငါ့လမ်းကိုလာပိတ်ချင်တာလဲ
ငါ ခေါ်နူးဇုမ်ကို သွားမယ် ။
ငါ မရောက်ဖို့ သေချာနေပေမယ့်
ငါ သေသေချာချာ ရောက် ရောက် နေတယ် ။ ။
ခိုင်သွေးကို
No Comments