ချင်းတောင်

ချင်းတောင်

( က )
ဆပ်နီခေါင်ကို
နွားနောက်သားနဲ့ မြည်းတယ်
တောင်ကို ရုန်းတယ်
တောကို ရုန်းတယ်
ပလိုင်းထဲ မိသားတစ်စုလုံးပါတယ်။
( ခ )
ရေ
ကျောက်ကြိုကျောက်ကြားက
စီးတယ်
ကြမ်းတယ် ကြည်တယ်
စိတ်လိုပဲ။
( ဂ )
တောင်ထိပ်မှာရပ်ပြီး ခါးဆန့်လိုက်
သလုံးသားခဲနေတဲ့ကျွတ်ကို ခါချလိုက်
ဂေးလီ …
နှလုံးသားကိုခဲတဲ့ ကျွတ်ကလေး
ဒီမိုးလည်း ကုန်ပြန်ဦးတော့မယ်။
( ဃ )
မွေးလာတယ်
သေသွားတယ်
ဘဝဆိုတာ ချည်တစ်လုံးစာပဲ
စပြီးမကြာမီမှာ ဆုံးတယ်။
( င )
ခေါင်တိုင်မှာ ဆဋ္ဌမမြောက်နွားနောက်
ဟာငိုင်းလက် တူမီးတစ်လက်
ခေါင်ခွက်ကိုယ်စီနဲ့
ခေါင်ပွဲ
တစ်နှစ်တာ တောင်ယာသိမ်းခဲ့ပြီ။
( စ )
ငယ်ကတည်းက
ထင်းရှူးခေါက်နဲ့ နှပ်ချေးဖတ်ခြစ်ခွာတယ်
တောင်ဆိတ်လိုပေါ့
အကောင်သေးတယ်
သန်မာတယ်။
( ဆ )
မနက် မနက်
နိုင်ငံတော်အလံကို အလေးပြုနေကျ
ကျောင်းကလေး
ခွင့်တူ ညီမျှ
ဝါဒတို့ ဖြူစင်ပါလေစ
ဖြေ။
( ဇ )
တောပန်းလေး
အမျိုးမသိ
အမည်မရှိ
လောကကိုဆင်ဖို့
တံဆိပ်တို့ လိုမလို။
( စ )
တောင်ခိုးလား
မြူခြေလား
ဖမ်းဆုပ်မရတဲ့အရာတွေနောက်
တကောက်ကောက်လိုက်နေသူလား။
( ည )
ဆည်းဆာပေါ့
အလှပေါ့
တောထဲ တောင်ထဲလည်း
လူမသိ သူမသိလည်း
ဆည်းဆာပဲပေါ့
အလှပဲပေါ့။
( ဋ )
ဂုဏ်ရည်ပြဖို့အရေး
ရာထူးမလို
ဥစ္စာမလို
အာဏာပါဝါမလို
လက်ရုံးသားကောင်းကောင်းတစ်စုံသာ
လိုရဲ့။
( ဌ )
ဝါးကွပ်ပျစ်တစ်လုံး လေထဲလွင့်နေ
တိမ်အဖြစ် ရောက်လာလိုက်
မြူအဖြစ် ပြန်သွားလိုက်
ပြောင်းဖူးတွဲလေးပဲ
နေ့တဓူဝ ကြေကွဲလို့
လွမ်းအောင်ဖန်။
လူအောင် (ဝမ်းတွင်း)
၂၀၁၆၊ မင်းတပ်

About The Author

greenness_mm

No Comments

Leave a Reply