ချယ်ရီခရီးသွားများ

ချယ်ရီခရီးသွားများ

ခရီးတစ်ခု အစပြုရာ

ပထမဆုံးအနေနဲ့ ဝန်ခံစရာတစ်ခု ရှိပါတယ်။ အလှအပ မြတ်မြတ်နိုးနိုး ခံစားတတ်တဲ့ အသည်းနှလုံး ကျွန်တော်ဆီမှာ ပါမလာခဲ့ဖူး ဆိုတာပါပဲ။ အကြောင်းအရင်း ပြန်တွေးကြည့်လိုက်တော့ ငယ်ဘဝနဲ့ နည်းနည်းတော့ ဆိုင်မယ်ထင်တယ်။ တောရွာမှာမွေး တောမှာကြီးပြင်းခဲ့ပြီး စားဝတ်နေရေးသာ အရေးကြီးဆုံးလို့ ဘဝက ပြဌာန်းပေး လိုက်လို့လည်း ဖြစ်နိုင်ပါတယ်လေ။ ချယ်ရီပန်းပွင့်တဲ့အချိန် ချယ်ရီပင်တွေရှိတဲ့နေရာကို ခရီးသွားဖြစ်မယ်လို့ ကျွန်တော် ကြိုမသိခဲ့ရိုး အမှန်ပါ။

ဖန်တီးထားတာမျိုး မဟုတ်ဘဲ သဘာဝအတိုင်း လှပနေတဲ့ နေရာတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ အများကြီးရှိနေခြင်းဟာ မြန်မာနိုင်ငံအတွက် သဘာဝကပေးတဲ့ အထူးလက်ဆောင်ကောင်းတွေပါ။
“ အစ်ကို ချယ်ရီပန်းတွေ ပွင့်နေပြီ။ ရုံး အားတဲ့ရက် လေထန်ကုန်း သူငယ်ချင်းတွေနဲ့ သွားရအောင်” တဲ့။
စာရေးဆရာမ မနှင်းနွယ်က ပြောလာခဲ့တယ်။ တကယ်တမ်း ကျွန်တော်လည်း ကိုဗစ်ကာလ ရုံးမှာပဲ နေရတာ ငြီးငွေ့နေတာ အတော်လေး ကြာနေပြီ။ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို နှစ်ခါ မစည်းရုံးရဘူး။ အိုကေလို့ ပြော လိုက်တယ်။ တကယ် သွားမယ်ဆိုမှ ကလေးမြို့အထွက် ကိုးမိုင်ဂိတ်က ကျန်းမာရေး ထောက်ခံစာနဲ့ ရက်ကွက်ထောက်ခံစာပါမှ သွားလို့ ရတယ်လို့ သတင်းသိခဲ့ရတာ။ ခရီးသွားဖို့က အဆင်ပြေပြေ ချောချောမွေ့မွေ့ကြီး မဟုတ်တော့ ကျွန်တော် တအားကြီး မတက်ကြွခဲ့ဖူးရယ်။ ဒီလိုနဲ့ မသိလိုက် မသိဘာသာ ရုံးဖွင့်ရက်မှာ အလုပ်လုပ် နေခဲ့တာပါ။ ကိုဗစ်ကာလမှာ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရစိုက်ရင်း နေလာခဲ့တဲ့ နိဝင်ဘာလ တစ်ရက်မှာပေါ့။
“ အစ်ကို မီလင်းက ရပ်ကွက်ထောက်ခံစာ အားလုံးနာမည်နဲ့ ယူထားပြီးပြီ။ လာမယ် စနေနေ့ တောင်ပေါ် သွားရအောင်” တဲ့။ ဒါနဲ့ ကျွန်တော်လည်း သူတို့တောင် ဒီလောက် တက်ကြွနေမှတော့ တောင်ပေါ်ခရီး သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကားကြံ့ခိုင်မှုစစ် ရက်သေချာမေးပြီး သဘောတူလိုက်တယ်။

ချယ်ရီပင်တွေက အများအားဖြင့် မြေပြန့်မှာ ပေါက်လေ့ မရှိဘူး။ ပိတောက်ပင်တွေနဲ့ ပြောင်းပြန်ပေါ့။ ပိတောက်ပင်တွေက မြေပြန့်မှာပဲ ပေါက်တယ်။ ဟိုအရင်ကတော့ ပိတောက်ပန်းတွေက သစ္စာရှိခြင်းရဲ့ နိမိတ်ပုံ တစ်ခုအနေနဲ့ ကျွန်တော်တို့ ယုံကြည်ခဲ့ဖူးတာပါ။ အခုအချိန်မှာတော့ ပိတောက်တွေလည်း လူသားတွေလိုပဲ အဆင်ပြေရင် ပြေသလို သစ္စာ ဖောက်နေကြတာပါ။ ရာသီဉတု ကြောင့်လည်း ဖြစ်နိုင်ပါတယ်လေ။ ဉတုဖောက်ပြန်နေတာလည်း တစ်နည်းအားဖြင့် လူသားတွေနဲ့ တိုက်ရိုက် အချိုးကျနေတာပဲ မဟုတ်လား။
ချယ်ရီပင်တွေဟာ ရှမ်းပြည်တောင်တန်းတွေနဲ့ ချင်းတောင်တန်းမှာပဲ အတွေ့ရများတာပါ။ ကျွန်တော် သိသလောက်တော့ ကချင်ပြည်နယ်မှာ ရှိတဲ့ တောင်တန်းတွေမှာတောင် ချယ်ရီပင် အတွေ့ရနည်းတယ်။ ချယ်ရီပင်တွေ အများဆုံးပွင့်တာက နိုဝင်ဘာလမှာ ပွင့်တတ်ပြီး ပွင့်ချိန် တစ်လလောက်တော့ ကြာတတ်တယ်။ ဒါက ကျွန်တော် သိတဲ့ ချယ်ရီပန်းတွေရဲ့ တစ်စိတ်တစ်ဒေသ။

တစ်နေ့စာ အစီအစဉ်

“ စိုးသူရေ မနက်စောစော သွားရအောင်။ ထမင်းကြော်၊ ငါးခြောက်ကြော်၊ လက်ဖက်သုပ်နဲ့ ရေနွေးဓာတ်ဘူး ထည့်ခဲ့မယ်” တဲ့ အန်တီနှင်းက ဖုန်းလှမ်းဆက်တယ်။ မနှင်းနွယ်ကတော့ ဟိုရောက်မှ အဆင်ပြေသလို ချင်းရိုးရာဆိုင်မှာ စားမယ်လို့ ပြောတယ်။
ဒီလိုနဲ့ ညစောစော အိပ်မယ်လို့ စိတ်ကူးခါမှ ညဉ့်နက်တဲ့အထိ အိမ်မပျော်ဖူး ဖြစ်နေတာပါ။ ည ၁၂ နှစ်ကျော်မှ အိပ်ပျော်သွားတာ။ နိုးစက်ပေးထားတော့ ငါးခွဲမှာ နိုးတယ်။ ရေမိုးချိုးပြီး စုရပ် အန်တီနှင်းတို့ အိမ်ကို ချီတက်ခဲ့လိုက်တယ်။ ထုံးစံအတိုင်း အန်တီနှင်းက ရယ်ဒီ ဖြစ်နေပြီ။ သွားမယ့်လူချိန်ကြည့်လိုက်တော့ ကားပေါ်မှာ ငါးယောက်နဲ့ ဆိုင်ကယ် နှစ်စီးပေါ်မှာ လူလေးယောက်ပါ။ တောင်မတက်ခင် လမ်းမှာ ဆီဖြည့်ပြီး ၇ နာရီလောက်မှာ စတက်ဖြစ်ခဲ့တယ်။ ၇ နာရီ မှာ နှင်းမကွဲသေးဖူးရယ်။ စောတာလည်း ပါမှာပါ။ ကလေးမြို့အထွက် ကိုးမိုင်ဂိတ်မှာ စစ်ဆေးရေး သမားတွေတောင် အိပ်ရာ မထသေးဘူး။
တောင်တက် ခရီးအစ
ကလေးမြို့ကနေ စထွက်ပါပြီဆိုကလည်းက တောင်တက်ခရီးချည်းပဲ။ ဒီနေ့ သွားမယ့် လေထန်ကုန်းခရီးက ကလေးကနေ တီးတိန်မြို့သွား ဟိုက်ဝေးလမ်းမကြီးပေါ်မှာပါ။ ခရီးမိုင်လိုဆို လေးဆယ်ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ဆယ်မိုင်လောက် ကားလေးနဲ့‌တောင်စတက်ပြီး အဝေ့အဝိုက် အကွေ့အကောက်နဲ့ဆိုတော့ ကားစတီယာတိုင်က များများ ကွေ့လိုက် နည်းနည်းစောင်းလိုက်နဲ့ မောင်းရတာ အနုပညာ ဆန်လိုက်တာ။ ကျွန်တော်ကသာ အနုပညာ ဆန်တယ် ထင်နေတာ ကားထဲက ညီလေးတစ်ယောက် ဒုက္ခရောက်နေတာ မသိလိုက်ဘူး။ ခဏနေတော့ ကားတံခါး ဖွင့်ပေးပါလို့ အလောတကြီး ပြောလာတယ်။ ကားတံခါး ဖွင့်ပေးလိုက်တော့ ဆန်ပြုတ်စရောင်းတော့တာပါပဲ။ ကားတံခါးတောင် လွတ်အောင် မစောင့်နိုင်တော့ပါဘူး။ နောက်တော့ အဲဒီကလေးက ဆိုင်ကယ်နဲ့ လိုက်ခဲ့တော့မယ်တဲ့။ ဪ ကားမူးတတ်တဲ့ လူအတွက်ကလည်း ကားပေါ် ရောက်တာနဲ့တင် လူက အန်ဖို့ အဆင့်သင့် ဖြစ်နေသလိုပါပဲ။ တချို့များဆို ကားကွင်းထဲဝင်လိုက်တာနဲ့ အန်ပြီးနေတာမျိုးတောင် ကြုံခဲ့ဖူးတာပါ။

ဆိုင်ကယ်နှစ်စီးနဲ့လည်း ရှေ့နှောက် မတိမ်မယိမ်း အတူ သွားကြတာပါ။ ဆိုင်ကယ်စီးတဲ့သူတွေကတော့ တအားအေးပြီး လက်ကို ထုံကျဉ်နေတာပဲတဲ့။ ကားပေါ်မှာ သိပ်မအေးပေမဲ့ အပေါ့အပါး ဆင်းသွားမှ ပတ်ဝန်းကျင် အအေးကို အပြည့်အဝ ခံစားရတော့တာ။ လမ်းမှာ ဓာတ်ပုံရိုက်နားလို့ ကောင်းတဲ့ ခုံဝါကြီးတွေရှိတဲ့ စားသောက်ဆိုင် ရောက်ခဲ့တယ်။ အဲဒီမှာ ဘရိတ်ဖတ်စားမယ်ဆိုတဲ့ အတွေးနဲ့။
“ လာလာ ဇေယျာ။ မီလင်းကို ဓာတ်ပုံ သူများထက် အရင် ရိုက်ပေး” ဆိုတဲ့ အသံက အရင် ကြားရတော့တာပါ။ မထူးပါဘူး အားလုံးလည်း စတိုင် ကိုယ်စီနဲ့ ဓာတ်ပုံ ရိုက်ကြတော့တာပါ။ ဘရိတ်ဖတ်စားဖို့တောင် ဘယ်သူမှ သတိမရတော့ဘူး။ ကျွန်တော်တောင် စဉ်းစားလိုက်မိသေးတော့တာ။ ဒီနေ့ မနက်ဖြန် ဖေ့စ်ဘုတ်ထဲမှာတော့ ချယ်ရီနောက်ခံဓာတ်ပုံတွေ မျက်စိနောက်တော့မှာပဲလို့။
“ ဆားဗူးသီး သုံးပွဲ၊ အမည်းအရွတ်စွပ်ပြုတ် သုံးပွဲ” မှာလိုက်တယ်။ ကျွန်တော်ကတော့ ယမ်ယမ် ခေါက်ဆွဲပြုတ်နဲ့ ကြက်ဉပြုတ်စားခဲ့လိုက်တယ်။ အားရပါးရ စားနေတုန်း မိလင်း ဘယ်လိုလဲလို့ မေးလိုက်တော့။ ကျွန်မ ပုံတွေတောင် တင်ပြီးနေပြီတဲ့။ မနှင်းနွယ်ရောဆိုတော့ ပို့စ်တင်ပြီးလို့ လိုက်တောင် နှစ်ရာကျော်နဲ့ ကွန့်မန့် ငါးဆယ် ရနေပြီတဲ့။ ဪ သွက်လိုက်ကြတာ။ ကျွန်တော်ကတော့ သူတို့ကို တဖြည်းဖြည်းမှ နှိပ်စက်ရတော့မှာပါဲလေ။ ဒီလိုနဲ့ စားသောက်ပြီး ခရီး ဆက်ခဲ့ကြတယ်။

ချယ်ရီတွေက ကြိုဆိုနေလိုက်တာများ ပန်းနုရောင်သန်းလို့

သိုင်းငင်းကျော်လာပြီး ဖလန်းနဲ့ တီးတိန်လမ်းခွဲ စတွေ့တယ်။ ဘယ်ဘက်ကွေ့ရင် ဖလမ်းမြို့ရောက်မှာ အခုက ညာဘက်ကွေ့လိုက်တော့ တီးတိန်သွားတဲ့ လမ်းပေါ်ရောက်လာတယ်။ စကွေ့ပါပြီဆိုကတည်းက ချယ်ရီပင်တေွ တစ်ပင်စ နှစ်ပင်စကနေ အုပ်စုလိုက် တွေ့ရတော့တာပါ။ လှလိုက်တာဗျာ။ အရင် ခရီးသွားရင်း ဒီအပင်တွေကို တွေ့ဖူးပေမဲ့ သတိမထားမိဘူး။ သာမာန် တောသစ်ပင်တွေလို့ပဲ သိထားတာပါ။ အခု ချယ်ရီတွေ ပွင့်တော့မှ တစ်ပင်လုံးကို အပွင့်ချည်းပဲ။ အရွက်လုံးဝ မရှိဘူး။ အပွင့်အရောင်က ပန်းရောင်ဖျော့ဖျော့လေးတွေပေါ်မှာ သွေးကြောရဲရဲလေးတွေ ဖွင့်ဖက်တွေပေါ်မှာ စိမ်ပြေနပြေ ဖြတ်စီးသွားသလိုပါ။ တကယ်အပွင့်ညီညီ ပွင့်နေတဲ့အချိန်ဆို သစ်ရွက်တွေ လုံးဝ မရှိတော့ပါဘူး။ တစ်ပင်လုံး ချယ်ရီပွင့်တွေချည်း။ အရင်က အလှအပ မခံစားဖူးတဲ့ ကျွန်တော်တောင် လုံးဝ ချယ်ရီတွေရဲ့ ဆွဲဆောင်မှုကို သိသိသာသာ ခံလိုက်ရတယ်ဆိုတာ ပြောပါရစေတော့။

ချယ်ရီနောက်ခံနဲ့ ဆယ်ဖီတွေ ဝူဖီတွေ

ကားလမ်းဘေး ထိုးရပ်လိုက်တယ်။ မင်းဌေးတို့ ညီအစ်ကိုတွေကလည်း ကင်မရာ တပြင်ပြင်နဲ့။ မီလင်းက အလုပ်အရှုပ်ဆုံးပါ။ မင်းဌေးအရိုက်ခိုင်းလိုက်၊ ဇေယျာကို ခေါ်သွားလိုက်နဲ့ပါ။ မနှင်းနွယ်ကတော့ သူက ဓာတ်ပုံစားတယ်ဆိုပြီး အိုက်တင် ကောင်းကောင်း မလုပ်တော့ဘဲ ဇွတ်ပဲ ရိုက်နေတော့တာပါ။ ဆယ်ဖီတွေ ဝူဖီတွေလည်း ပလူကိုပျံလို့။

“ အစ်ကို စိုးသူလည်း ရိုက်ပေးလိုက်ကြပါဉီးဟ” လို့ အငယ်ကောင်က ပြောမှ ဇေယျာက ပုံရိုက်ပေးဖို့ သတိရတော့တယ်။ ကျွန်တော်လည်း သူတို့တွေ ရိုက်ပေးတော့ စတိုင်မထုတ်တတ်ပေမဲ့ ဖြစ်သလို ရိုက်ခဲ့လိုက်တာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် လူဆိုတာ အတ္တနဲ့ ရှင်သန်ကြတာပဲ မဟုတ်လား။ အန်တီနှင်းကတော့ ငါကိုလည်း လှအောင် ရိုက်ပေးနော်တဲ့။
“သားကြီး မင်္ဂလာဆောင်တုန်းက မနှင်းရဲ့ပုံက လှလိုက်တာ။ ပုံကြီးချဲ့ပါလား။ နင်က တစ်ခါတလေမှ လှတာဆိုတော့” တဲ့။ သူ့ မိတ်ဆွေ ပြောတာကို ပြန်ဖောက်သည်ချလို့ ကျွန်တော်တို့ အားလုံး ပြုံးခဲ့ရသေးတာ။

ချယ်ရီပင်တွေသာ စကားပြောတတ်ရင် တော်သင့်ရုံပဲ ရိုက်ကြပါဗျာ။ ခင်ဗျားတို့တော့ မသိဘူး။ ကျွန်တော်တောင် ရှက်လာပြီလို့ ပြောမလား မသိဘူး။ ချယ်ရီတွေ ရှိနေသေးတာ၊ ချယ်ရီ အလှတွေ ငေးခွင့် ရနေတာကိုက ဒီဒေသ လူတွေရဲ့ သဘာဝကို ထိမ်းသိန်းနေုတာမို့ ကျေးဇူးတင်လို့ မဆုံးတော့ဘူး။ သဘာဝ ဆိုတာ လူတွေကြောင့် ပျက်စီးတာ ၉၀ ရာနှုန်းကျော်ရှိတယ်လို့ ဒေသခံ တစ်ယောက်ရဲ့ စကားကို နားထောင်ခဲ့ရဖူးတာပါ။ ချယ်ရီပင်တွေနဲ့ အားရပါးရ ပုံတွေရိုက်ပြီး ခရီး ဆက်သွားဖို့ မီလင်းတို့ အုပ်စုကို မနည်းခေါ်ခဲ့ရတယ်။

လေထန်ကုန််းမှာ မြိန်ခဲ့တဲ့ နေ့လည်စာ

အန်တီးနှင်းယူလာတဲ့ ချိုင့်ကြီး ချိုင့်ငယ်မဖွင့်ခင် ပါလာတဲ့ ဖျာလေးခင်းပြီး စားမလို့ လုပ်နေတုန်း။
“ ငါယူခဲ့လို့သာပေါ့။ အကြီးမက ဆိုင်မှာ စားမယ်ဆို။ အခု ဘယ်မလဲ ဆိုင်။ သူတို့လို့သာဆို ငတ်နေမှာ”
“ အို အမေကလည်း မရှိရှိတာနဲ့ စားမှာပဲ။ ဟိုမှာတွေ့လား ကွမ်းယာဆိုင်ရှိတယ်” ဆိုပြီး အပြန်အလှန် စကားပြောနေတာပါ။ ကျန်တဲ့ အဖွဲ့တွေကတော့ စကားပြောတာ သူတို့နဲ့ မဆိုင်သလို ခေါင်းငုပ်ပြီး အပီအပြင် ဆွဲနေကြတာပါ။ ထမင်းစားနေတုန်း ဖုန်းဝင်လာတယ်။
“ အမေတို့ အပြန် အစစ်ဆေးခံပြီး အခန့်မသင့်ရင် Q ဝင်ရမယ်”လို့ အကြီးကောင်ဖုန်းပြောတော့ အန်တီနှင်း မျက်နှာမှာ စိုးရိမ်စိတ်ကြောင့်လား မသိဘူး နည်းနည်း ညှိုးသွားတာ သတိထားလိုက်မိတယ်။ ဒီအချိန်မှာလည်း ဓာတ်ပုံရိုက်တဲ့ အဖွဲ့က အလျော့မပေးသေးဘူး။ တောင်ဇလပ်ပင်တွေ ကြားမှာ လေထန်ကုန်းမှာ ပုံရိုက်လို့ကို မပြီးတော့ဘူး။ တော်သေးတာက တောင်ဇလပ်ပန်းတွေ မပွင့်သေးလို့သာပါ။ နို့မို့ဆို ညနေစောင်းတဲ့အထိ ပုံရိုက်လို့ မပြီးလောက်ဘူး။ ချယ်ရီပန်းပွင့်တာနဲ့ တောင်ဇလပ်ပန်းပွင့်တာ တစ်လလောက်သာ ခြားမယ်ထင်တယ်။ တောင်ဇလပ်ပန်းက ဇန်နဝါရီလလောက်မှ ရဲနေအောင် ပွင့်တာပါ။

ထိတ်လန့်မှုတွေနဲ့ ချယ်ရီ အပြန်ခရီး

ပုံတေွအားရပါးရ ရိုက်ပြီး ပြန်လာခဲ့တာပါ။ အားလုံးကတော့ အပျော်တစ်ဝက်၊ စိုးရိမ်စိတ်တစ်ဝက်နဲ့ပါ။ ထိုင်နေရင် ကောင်းသား ထသွားမှ ကျိုးမှန်းသိ ဆိုသလို ဖြစ်နေမှာ စိုးတာ။ အပြန်မှာ အားလုံးရဲ့ စကားသံတွေက တိတ်ဆိတ်လို့ပါ။ သာယာပြီး အေးချမ်းနေတဲ့ ဝန်းကျင်ကိုလည်း သတိမထားနိုင်တော့ဘူး။

ဪ လူဆိုတာ ကိုယ်တိုင်ကြုံမှ ဒုက္ခကို ကောင်းကောင်း နားလည်တတ်တဲ့ သတ္တဝါမျိုးမဟုတ်လား။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးတာတောင် အသက်သိပ်မဝင်လှဘူးရယ်။ ဒီလိုနဲ့ ကလေးမြို့ထဲဝင်ခါနီး mask အသေချာတပ် ဘုရားစာကိုယ်စီရွတ်ပြီး ကားကို အညင်သာဆုံး မောင်းခဲ့လိုက်တယ်။ ကံကြမ္မာဆိုတာ ထင်မှတ်ထားသလိုမျိုး မဟုတ်တော့လည်း ရင်မောခဲ့ရတာပေါ့။ မောင်းတံကြီးတွေတားပြီး ဆိုင်ကယ်တွေကို အသေအချာ စစ်နေပေမဲ့ ကျွန်တော့်ကားကိုတော့ မစစ်ဘူး။ ရပ်နေတဲ့ အစောင့်ကို သေချာ ကြည့်လိုက်မှ လက်ခေါင်းပေါ်တင်ပြီး အရိုအသေ ပေးနေတာ တွေ့ခဲ့ရတယ်။
“ ဉပဓိရုပ်က တော်တော် စကားပြောတာပါလား”လို့ အန်တီနှင်းရဲ့ ပြုံပြုံးကြီး ပြောစကားကို ဂိတ်ပေါက်အလွန်မှ ကြားခဲ့တော့ ကျွန်တော် အကြီးစားကြီး ပြုံးလိုက်သေးတာပါ။

ချယ်ရီးခရီးက အပြန် အတွေးနယ်ချဲ့လိုက်လိုက်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ သဘာဝက ပေးတဲ့ လက်ဆောင်ကောင်းတွေ အများကြီး ရှိနေသေးတာပဲ။ ဒီချင်းတောင်တန်းမှာ ချယ်ရီပင်တွေ၊ တောင်ဇလပ်ပင်တွေ အုပ်စုလိုက် အခုအချိန်ထိ ရှိနေသေးတာ တန်ဖိုးထားရမယ်။ ပိုပြီးစွမ်းနိုင်ရင်တောင် နိုင်ငံခြားခရီးသွားတွေ လာလည်လို့ အဆင်ပြေအောင် စီစဉ်ပေးနိုင်ခဲ့ရင် ဒေသရဲ့ စီးပွားရေးတစ်ခု ဖော်ဆော်ပေးနိုင်တာပေါ့လေ။

ပိုက်ဆံရှိရင် လူသားတေွ လုပ်တဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေ အချိန်မရွေး ဝယ်လို့ ရနိုင်ပါတယ်။ သဘာဝဆိုတာ ပိုက်ဆံနဲ့ ပေးဝယ်လို့ ဘယ်လိုမှ မဖြစ်နိင်ပါဘူး။ ဒါပေမဲ့ လူသားတွေရဲ့ အတ္တကြောင့် အချိန်မရွေး ပျက်စီးသွားနိုင်တယ် ဆိုတာပါပဲ။
ဂျပန်နိုင်ငံမှာ ချယ်ရီပွင့်တဲ့အချိန် အားလုံးတန်ဖိုးထားပြီး ခံစားကြတယ်။ ဘယ်သူမှ အပွင့်ကို မချိုးကြဖူးတဲ့။ အဓိကကတော့ သဘာဝအတိုင်းလှနေတဲ့ ချယ်ရီးပန်းကလေးတွေ သူ့သက်တန်းရှိသလောက် ထိမ်းသိန်းထားချင်လို့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ခဲ့ဖူးတာပါ။ ကျွန်တော်တို့ဆီမှာရော ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်သဘာဝတွေကို ခံစားဖို့ နောက်ပြီး ထိမ်းသိန်းဖို့ ကိုယ်စီ တာဝန်ရှိတာပေါ့။ ကိုယ်တိုင်က သဘာဝအလှအပတွေကို ထိမ်းသိန်းနိုင်စွမ်း မရှိဘူးသေးဆိုရင်တောင် ပျက်စီးအောင် လုပ်နေတာမျိုး ကိုယ်ကစ မဖြစ်စေဖို့ သတိထားရမှာပဲ မဟုတ်လား။

စိုးသူ LPZ

About The Author

greenness_mm

No Comments

Leave a Reply