”ချောင်းလေးမှာမျက်ရည်စတွေနဲ့”

”ချောင်းလေးမှာမျက်ရည်စတွေနဲ့”

ဇူလိုင်လ ၏ တနင်္ဂနွေနံနက်ခင်း ကမိုးလေးဖွဲဖွဲကျ နေသည် ။ နံနက်ခင်းမှ စ၍ ရွာသည့်မိုးဖွဲ ‌လေးများမဟုတ်။ ညကတည်းက ရွာ နေသော စွေမိုး ကလေးဖြစ်သည်။ ရွှံထူထူ လမ်းမများသည်ပျစ်ချွဲ၍နေပေတော့မည်။ အလားတူ ကျွန်ုပ်၏က လေး လေးများလည်း စောင်ခြုံထဲ ကွေးနေ ရော့မည်ထင်၏။
ကျွန်ုပ်တို့‌ရွာကလေး‌‌တွင် တနင်္ဂနွေနေ့တိုင်း ကျေးရွာသန့်ရှင်းရေးအတွက် ပလတ်စတစ်များ ကောက်ကြသည် ။ ပြီးလျှင်မီးရှို့ကြသည်။ထိုအလုပ်ကို လုပ်ကိုင်ကြသူများမှာ အသက်ဆယ်နှစ်နှင့် ဆယ်နှစ်အောက် ကျွန်တော့်ကလေးလေးများဖြစ်ပါသည်။ အပတ်စဉ်တနင်္ဂနွေတိုင်း ပြုမြဲဝတ်တစ်ခုနှယ်ဖြစ်‌နေ‌သော်လည်း သည်တနင်္ဂနွေကိုမူ သူတို့လာမည်မထင် ။ မိုးသည် စွေလွန်း နေသည်ကို ။
ကျွန် တော့်အတွေးမဆုံးလိုက်ပေ။ အိမ်ရှေ့လမ်းမထက်မှ ဆူဆူညံညံအသံများ ၊ကလေးတို့ဘာသာဘာဝ စိတ်ကူးတွေ့ရာဆိုလာ သော ကဗျာများ ၊သီချင်းသံများကိုကြားရတော့၏။ လာကြပေပြီ။ ထီးကလေးများဆောင်းသူဆောင်း၊မိုးကာတွေ ခြုံသူခြုံနှင့် ဖိနပ်များလက်ကကိုင်ကာ ကျွန်ုပ်၏ ကလေးတပ်မတော်ကြီးချီတက်လာကြသည်။ သူတို့အရွယ် နှင့်သူတို့နိုင်သမျှ ပြုမြဲ တာဝန်တစ်ခုကို တနင်္ဂ နွေ မိုးဖွဲလေးများလည်းမတားသာပေ။ ကျွန် တော်လည်း သူတို့နောက်မှ ထီး ဆောင်းကာ ရွားရိုးတစ်လျှောက်လိုက်ပါခဲ့ပါ၏။ ရွာထဲတွင် ကျွန်ုပ်၏ ကလေးလေးများနှင့်ကျွန်ုပ်၏ မုန့်ဖိုး လေးများကိုစုကာ အမှိုက်တောင်းအဖြစ်ထားရှိသော နှီးခြင်း တောင်း များရှိသည်။ ထိုခြင်းတောင်းထဲမှအမှိုက်များကို ဂုဏ်နီအိတ်များထဲသို့ သူတို့ လေးတွေလိုက်၍လှယ်သည်။
ရွာလမ်း‌‌အသွယ်သွယ် ပေါ် ပြန့်ကျဲကျ ရောက် နေသော ပလတ်စတစ်များကို ရွှံ့မ ကြောက် ဗွက်မ ကြောက် သူတို့ လေးတွေ ကောက်ကြသည်။ တရွာလုံးအနှံ့ သန့်ရှင်းပြီးပြီဆိုလျှင် ရွာရှိသုသာန်အတွင်းသို့ သွားရောက်စွန့်ပစ်ပါ၏။ ဤသို့ မိုးရွာ သော နေ့များတွင် မူ အမှိုက်များကို စုပုံထားရသည် ။ နေသာ၍ ပလတ်စတစ်များ ခြောက်သွားမှ မီးရှီု့ပစ်ကြသည်။ ကျွန်ုပ်က အမှိုက်များကို မီးရှို့ နေစဉ်သူတို့ က လေးတစ်သိုက်က အုတ်ဂူများ ပေါ်တွင် စတိတ်ရှိုးဆိုကြ ၊အော်ကြ ကကြသည်။ လယ်ကွင်း ပြင်ကျယ်များထဲမှ ဖားက လေးများနှင့်အပြိုင် သူနိုင်ကိုယ်နိုင်အပြိုင်ကျဲကြသူလေးများတည်း ။ ထိုအ ကြောင်း လေးများအားပြန် တွေးတိုင်းလွမ်းတသသဖြစ်ရပါ၏။ကျွန်ုပ်၏ရွာလေးတွင် ငွေ ကြေးချို့တဲ့သည့်ကလေးများအား အခမဲ့စာသင် ပေးခဲ့ ၊ သူတသူတို့လေးတွေကို “ရွှေခဲလေးများအဖွဲ့”အမည်နှင့် အဖွဲ့ လေးဖွဲ့ ပေးကာ လူမှုရေး လုပ်ငန်း များ ၊ရပ်ကျိုးပြုလုပ်ငန်းများလုပ်ကိုင်စေခဲ့ သည်မှာ ယခုဆို ‌‌‌ခြောက် နှစ်မျှ ကြာခဲ့ပါပြီ။
ကျေးရွာ လေးသည် သူတို့ လေးတွေ၏ လုံ့လဥသဟဖြင့် ပလတ်စတစ်ကင်းစင်ဇုံ လေးတစ်ခုဖြစ်ခဲ့သည်။ ကျေးရွာလမ်းလေးသည် ပို၍ သန့်ရှင်းလာပြီး ကြည့်၍တင့်တယ်သည်မှာအမှန်ပင်။
ပလတ်စတစ်အား ၁၉၆၀ခုနှစ်များနောက်ပိုင်းလူသုံးများလာခဲ့သည်။ လူတို့တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့သည်မှာ နှစ်ငါးဆယ်ကျော်ခဲ့ပြီဟု ဖတ်ဖူးပါသည်။ ပလတ်စတစ်ကြောင့် ကင်ဆာ ရောဂါ ၊အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စသည့် ကြောက်စရာ ရောဂါဆိုးကြီးများဖြစ်ပွား စေသည်ဟုလည်း မှတ်သားဖူးပါသည်။ ကျွန်ုပ်တို့ကဲ့သို့ အသိဉာဏ်မြင့်လူသားများကိုပင် ပလတ်စတစ်က ထိုမျှထိ ထိခိုက်စေနိုင်ပါလျှင် ကုန်း‌ နေ ရေ နေ တိရာစ္ဆာန်‌များ အပေါ် ထိခိုက်နစ်နာမှုသည်ကား ဆိုဖွယ်မရှိတော့ပါပြီ။ ကျွန်ုပ်တို့လူသားများ၏ စိတ်လိုလက်ရသုံးစွဲကြ သော ထိုအရာများက မဆိုင်သည့်ကမ္ဘာလေးများကိုပါ ထိပါးလျက်ရှိသည်မှာ မျက်မြင်အသိပင်ဖြစ်သည်။ ထို့ကြောင့် သုံးသည့်အခါ စနစ်တကျစွန့်ပစ် ဖို့ရာ လိုအပ်လှသည်။ သို့‌သော် ကျွန်ပ်နှင့်ကျွန်ုပ်၏ကလေးများ သည် ထိုရောဂါဆိုးများကိုသိ၍ ပလတ်စတစ်များကိုသန့်ရှင်းခဲ့ကြသည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ ကျေးရွာက လေး သန့်သန့်ပြန့်ပြန့်ဖြင့် သန့်ရှင်းသာယာဖို့နှင့် ကျွန်ုပ်၏ ” ရွှေခဲလေးများ ” စံပြစိတ်ဓါတ်လေး တွေရှင်သန်လာဖို့ကိုသာဦးတည် ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော ရည်စူးရင်း စေတနာမှ တစ်ဆင့် မိမိထက်ဉာဏ်ရည်နိမ့်ပါးသည့် တိရာစ္ဆာန်လေးများ၏ ဘဝရှင်သန်မှုကိုပါ အထာက်အကူဖြစ် စေသည့် ကုသိုလ်အား ရရှိခဲ့မှုအတွက် ပီတိဖြစ်ရသည်မှာအမှန် ပင်။
ရွှေခဲလေးများအဖွဲ့၏ သဘာဝဝန်းကျင်ထိန်းသိမ်း ရေး လုပ်ငန်း လေးများလုပ်ခဲ့သည်မှာ ၂၀၁၈ ခုနှစ်မှစခဲ့သည် ။ ယခုမူ ကျွန်ုပ်သည်လည်း ကျေးလက် တောရွာ လေးမှခွါကာ ဝမ်းရေးအတွက် ရုန်းကန်ကျင်လည်ရ သော ကြောင့် ရွှေခဲလေးများအား တွန်းအားမ ပေးနိုင် တော့ ။ သို့ သော် ကျွန်ုပ်မရှိသည့်တိုင် ၂၀၂၂ ကျော်သည်အထိ သူတို့က လေး တွေထိုအလုပ်းအားလုပ်ကြပါသေးသည်။အဖွဲ့လေး၌ ဆယ့်ငါးနှစ်အရွယ်သာအကြီးဆုံးအသက်ပမာဏဖြစ် သည့် သားငယ်သမီးငယ် လေးများဖြစ် သော ကြောင့် အဖွဲ့အစည်းတစ်ခုကို ရေရှည်ဦး ဆောင်ဖို့ ရာ မလွယ် နိုင်တော့ ။
သို့တိုင်အောင် သူတို့က လေး တွေသည် အရွယ်နှင့်မလိုက်သည့် သမိုင်းများ ရေးထိုးနိုင်ခဲ့ကြသည် မဟုတ်ပါလော ။ ”သင်ဖွား သော မြေသင်တို့မြေသည် အခြေတိုးမြင့်ကျန် ကောင်းသင့် ၏ ” ဟူ သော ဆရာ ဇော်ဂျီ၏ ကဗျာလေးနှယ် သူတို့နိုင်သမျှကာလ လေးတွင်သူတို့ မြေ သူတို့ဇာတိလေးကို သာတောင့်သာယာရှိ အောင် ထမ်းပိုးသယ် ဆောင်နိုင်ခဲ့ကြပါ၏။ သတ္တဝါတို့၏ ကောင်းကျိုးကို သယ်ပိုးနိုင်ခဲ့ကြပါ၏။ သဘာဝတရားကြီး၏ မိတ်ဆွေ၊ ငါးကလေးများ၏ သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြပါ၏။ထို့အပြင် အမှိုက်နှင့် ဒိုက်တို့ကိုမသယ်ရ၍ မိုးအခါများတွင် ကျေးရွာသဲချောင်းလေးသည် တေးဆိုသည့်အလား တဟဲဟဲအသံပြုလျက် ပျော်ပျော်ကြီးစီးဆင်းမပျက်ရှိပါ၏။ ယခု သူတို့မရှိတော့လျှင် ကျွန်ုပ်တို့ ကျေးရွာ၏ ချောင်းကလေး သည် သူတို့၏တာဝန်ကို လွှဲပြောင်းယူရတော့ ပေလိမ့်မည်။
”တောင်ရိုးပေါ်ကအခြေစ၍ ရပ်ကျိုးရွာကျိုးဆောင်သယ်ပိုးသည့်အဖိုးတန်သော ချောင်းကလေး ”ဟူသည့် ဘုတလင်ချစ် လေး၏ ကဗျာအတိုင်းပင်ဖြစ်သည်။ရေစီးသည် ရွာရှိဒိုက်အမှိုက်များကို သယ်ဆောင်လျက် ချောင်းကလေးထံ အပ်နှံကြပါလိမ့်မည်။ ထို့ကြောင့် အနှစ် နှစ်ရာ(၂၀၀) မှ အနှစ်တစ် ထောင်(၁၀၀၀) ထိ မဆွေးမမြေ့ ခံနိုင်ရည်ရှိသော ပလတ်စတစ်အသုံးအ ဆောင်များ၏ ဒဏ်ကို ချောင်းကလေးသည် ခံရ တော့မည် ။ ငါး ၊ပုဇွန် ၊လိပ်တို့သည် ခံကြရ ပေဦးမည်။ လူနှင့်သတ္တတို့၏မိခင် မဟာပထဝီ ‌ေမြကြီးသည်ခံရ ပေဦးမည်။ သီးနှံစိုက်ခင်း နှင့် သဘာဝတန်ဆာ ပန်းကလေးတို့မှာ ခံရပေဦး‌‌တော့မည်။ စိုးရိမ် ကြောင့်ကြသင့် သောအရာ ဖြစ်ပါ၏ ။ သတိထားဆင်ခြင်စရာဖြစ်ပါ၏။ သဘာဝတရား ဖောက်ပြန်ပျက်စီးလျှင် ထိုဒဏ်ကို လူသားများလည်းခံရမည်မှာမလွဲမ သွေဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်၏ကျေးရွာရှိချောင်းကလေးမှ သည် နိုင်ငံတစ်နံတလျားရှိမြစ် ချောင်းအင်းအိုင်များ အားလုံးသည် လူ့အညစ်အကျေးနှင့်လူ့ဒဏ်လူ့ဝန်တို့ကို ကျေပွန် နေခဲ့သည်မှာကြာပါပြီ။ ကျွန်ုပ်တို့လူသားများဖက်မှ ပြန်လည်သက်ညှာ သောအားဖြင့် တော တောင် ရေမြေသဘာဝန်းကျင်တို့အား နိုင်သမျှ ထိန်းသိမ်းကူညီဖို့ရာ သင့်လျှော်သောဝန်တာဖြစ်သည်ဟု ထင်မြင်သံုးသပ်ရင်း လူနှင့်သဘာဝ သင့်တင့်မျှတစွာ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီရှင်သန်ဖို့ရာ တိုက်တွန်းလိုပါ၏။ ကျွန်ုပ်တို့ကျေးလက်ချောင်းလေးမှာတော့ ပျော်ရွှင်လိမ့်မည်မထင်တော့ ။ အရင်လို သီချင်းတွေဆိုနိုင်မည်မထင်တော့ပေ။
မောင်အေးချမ်း(ပေါင်းတည်)
Photo credit: Internet

About The Author

greenness_mm

No Comments

Leave a Reply