စီးဆင်းနေသော မိုးတိမ်များ

စီးဆင်းနေသော မိုးတိမ်များ

(ဒီရက်ထဲ ဘာက သွယ်ဝိုက်စေ့ဆော်နေတယ်မသိ၊ စာရေးချင်စိတ်အတော်ပေါက်နေပါတယ်။ စာရေးချင်စိတ်ပျောက်နေတာ နှစ်နဲ့ချီခဲ့ပြီမို့ ဘာကိုစရေးရမှန်းမသိတာနဲ့ မိခင်မြေနဲ့ဝေးစ အမေရိကန်ဘဝအစမှာရေးခဲ့ဖူးတာလေးပြန်ဖတ် ပြန်မျှရင်း စျာန်ပြန်သွင်းမိပါတယ်။ ဇာတိမြေလွမ်းချင်းတပုဒ်ပါပဲ။ ပုံကတော့ ၁၉၉၀ စွန်းစလေးတုန်းက ဒီအက်ဆေးလေးထဲကဇာတ် ကောင် မလက်တိုချောင်းကလေးမှာ ရိုက် ထားတာပါ။ မဂ္ဂဇင်းတွေမှာ ကျမ ဝတ္တုတိုလေးတွေဆက်တိုက်ပါစပေါ့။ အခုအချိန်မှာ ကျမမြို့ ကျမရွာဟာ ဒီအက်ဆေးလေးထဲက ဘဝတွေနဲ့ ဘယ်လောက်ကွာသွားပြီလဲ မသိဘူးတွေးမိတော့ စာရေးစရာ တွေ့သွားသလိုပဲ။ )

ချမ်းချမ်းစီးစီး ညလည်ခေါင်ကြီးတွင် အိပ်ပျော်ဖို့ကြိုးစား၍မရသောအခါ ကြည်အေးကဗျာကိုသတိရမိသော် လည်း ရွတ်ဆိုဖို့စိတ်မပါတော့ပြန်။ ပြတင်းပေါက်မှဟိုဟိုဒီဒီငေးကြည့်မိပြန်တော့လည်း မြင်သမျှက နှင်းများ ဖြင့်ဖွေးဖွေးဖြူနေလေသည်မို့ အချမ်းပိုရသည့်အပြင် အဖြူအမည်းပန်းချီကားနှင့်တူသောဆောင်းညက ဘ၀ အလွမ်းကိုပင် အားပေးပိုကဲစေပြန်သည်။ ဒီတော့အိပ်ရာဆီပြန်လှည့်၊ထုံးစံအတိုင်းစောင်ထူထူအောက်မှနေ၍ ဂြိုလ်ကမ္ဘာနေရာအနှံ့ စိတ်ဖြင့်လည်ပတ်လွန်းထိုးဖို့ကိုသာ ရွေးချယ်ရတော့သည်။

အိပ်ရာနှင့်ကျောထိမိလိုက်တာနှင့် ထိုအသံကိုကြားလိုက်ရတာဖြစ်သည်။ ရေစီးသံ…။ ခုနပဲ ပြတင်းပေါက်မှ အကြည့်ခွာခဲ့တာမို့အပြင်မှာမိုးရွာနေတာလည်းမဖြစ်နိုင်။ အိမ်ခန်းထဲမှာလည်းမှောက်ကျယိုစီးစရာ ဘာမှမရှိတာ သေချာသည်။ ဖြစ်နိုင်ခြေအားလုံးကိုတွက်စစ်ပြီးကာမှထိုရေစီးသံကို ကျမခန္ဒာကိုယ်ထဲမှ ကြားနေရတာပဲဟု ကောက်ချက်ချနိုင်သည်။
ရေသံက စမ်းရေစီးသံလိုလည်းမငြိမ့်ညောင်းပါ။ ပင်လယ်လောက်လည်းလှိုင်းမထန်။ ရေတံခွန် တစ်ခုလိုလည်းမာန်ဟုန်မပြင်း။ အရှိန်တခုဖြင့် မှန်မှန်စီးဆင်းနေမှန်းသိသာရုံ။ တစ်ခါတရံတွေမှာတော့ ရေစီးနှင့် ဝဲကတော့ဆုံတွေ့သလို ရေစီးသံက အနည်းငယ်ထူးခြားမြန်ဆန်သည်။ တစ်ခါတရံကျ ပြန်တော့ တစုံတစ်ခုက ကန့်လန့်ဖြတ်လို့ကြံ့ကြံ့ခံတားမြစ်ထားရာကို ဖြတ်စီးရသည့်ရေစီးလို ကျားကုတ် ကျားခဲ ဟောဟဲသံ တွေပေါ်နေ သည်။ ဒါဟာကျမကြီးပြင်းခဲ့ရာ အိမ်ကလေးဘေးကချောင်းထဲမှာ မိုးရာသီစီးတဲ့ရေစီးသံပဲဟု သတိထားမိချိန်မှာ တော့ ကျမကခံစားနေကျ အိပ်ပျက်ည၏ဒုက္ခကိုမေ့လျော့စပြုပြီ။
မြစ်၏လက်တက်ချောင်းကလေးမို့ မြစ်ပြင်ကျယ်နှင့်ဆုံရာမှာတော့ နည်းနည်းမာန်ဟုန်ပြင်း ချင်သည်။ ခွင့်ပြုချက်မတောင်းဘဲ တရဟောစီးဝင်လာသော တစ်နယ်သားမြစ်ရေတွေကို ကိုယ့်ပိုင်နက်ထဲ စီးဆင်းခွင့်ပေးဖို့ရာ မကျေနပ်ငြူစူချင်သော ချောင်းလက်တက်အပျိုစင်ကလေးက အားမတန်လို့မာန်လျှော့ ခွင့်ပြုလိုက်ရပေမဲ့ နှုတ်ခမ်းစူမျက်စောင်းထိုးဟန်မြင်ကွင်းက မသိမ်မွေ့။ ခြေဆောင့်ကျောခိုင်းသွားဟန် ရေစီးသံ ကလည်းမငြင်သာ။ ဒါပေမဲ့ စကားချိုသောတနယ်သားက သူ့ရေလှိုင်းနှင့်ကမ်းစပ်ကို စည်းချက်ညီညီရိုက်ခတ်စေ ၍ ဂီတသံဖန်တီးချော့မြူလေတော့ ချောင်းကလေးမစွာတေးက မျက်စောင်းဝင့်ထားဆဲပေမဲ့ နှုတ်ဖျားမှာ အပြုံး တို့ တွဲခိုစပြုပြီ။ ထို့အပြင်တစ်နယ်သားမြစ်ရေစီးကသယ်ဆောင်ခဲ့ပေးသော ဝတ္တုပစ္စည်းတွေက ချောင်းမလေး ၏မိတ်ဆွေလူသားများအတွက် အသုံးဝင်အဖိုးတန်နေလေတော့ လူသားများ ကိုယ်စားကျေးဇူးတင်စကား ပြောသည့်နှယ် ရေစီးသံကိုမှန်မှန်ပြု၍ ဂီတသဖွယ်ဖန်တီးလေသည်။
တနယ်သားသယ်ဆောင်လာပေးသည့်အထဲမှာ ကိုင်းဖျားကိုင်းခြောက်ကလေးများအပါအဝင် သစ်ပင်အမျိုးအစားစုံ၏ ပင်စည်အစိတ်အပိုင်းတွေ၊ အမြစ်ဆုံတွေပါ ပါသည်။ ကျမအပါအဝင် ချောင်းမကလေး ၏ မိတ်ဆွေလူသားများက လောင်စာအဖြစ် သစ်ပင်မှရသောထင်းကိုသာသုံးကြရသဖြင့် မြစ်ရေစီးကသယ် ဆောင်ခဲ့ပေးသော ထိုထင်းစ၊ ထင်းခြောက်နှင့် သစ်ပင်၏အပိုင်းအစများက အဖိုးတန်သောလက်ဆောင်များ ပမာပင်။ ထို့ကြောင့်ပုံမှန်ထက်ရေစီးပိုပြင်းသော မိုးတွင်းချောင်းရေပြင်ထဲတွင် ထင်းဆယ်ထွက် ကြသောလှေ တွေကို တပျော်တပါးမြင်တွေ့ကြရသည်။ တချို့လှေတွေပေါ်မှာ ကလေးတွေချည်း။ တချို့ကတော့ အမေနှင့် သား။ အဖေနှင့် သမီး။ တချို့ကတော့လှေကြီးကြီးနှင့် လူကြီးတွေချည်းထွက်လာ၍ စီးပွားရေး တစ်ခုလို ထင်းလိုက်ဆယ်ကြသည်။ လူအင်အားကောင်းလျှင်ကောင်းသလို မိုးတွင်းမှာဆယ်ထားသောထင်းက ထိုမိသားစု တစ်နှစ်စာဖူလုံတာမျိုးရှိသလို အပိုအလျှံထုတ်ရောင်းရတာမျိုးတောင်ရှိသည်။
မြစ်ရေစီးသယ်ဆောင်လာပေးသောနောက်တမျိုးကိုတော့ ကလေးတွေပိုမက်မောကြသည်။ ဘယ်အရပ်ဘယ်ဒေသမှာပေါက်မှန်း ဘယ်လိုပုံစံနှင့်ပေါက်မှန်းသီးမှန်းမသိပဲ မြစ်ရေစီးနှင့်မျောလာသော ဂုံညင်းသီးများပင်။ အညိုရင့်ရောင်အခွံမာမာ ဂုံညင်းသီးဝိုင်းဝိုင်းလေးတွေကို ထွေပစ်တမ်းကစားရာမှာသုံးဖို့ ဒိုးလုပ်ကြသည်။ ပိန်ပိန်လိန်လိန် မညီမညာဂုံညင်းသီးတွေကိုလည်းကလေးများက အလွတ်မပေးပါ။ ရသမျှ ဆယ်၊ လှေဝမ်းထဲထည့်သယ်ပြီးလူကြီးတွေကိုအပ်ကြသည်။ လူကြီးတွေက အခွံမာမာကိုထုခွဲ၊ အထဲက အနံ့ ပြင်းပြင်းအဆံမာမာကိုပါးပါးလှီး၊ မည်းညစ်ညစ်မုန့်လုပ်ထန်းလျှက်တွေနှင့် ယိုထိုးကြသည်။ ဘာကောင်းမှန်း ဘယ်သူမှရေရေရာရာမပြောနိုင်ကြသော်လည်း မိန်းကလေးတွေအတွက်ကောင်းတယ်ဟုဆိုကာ အိမ်လာသမျှ မိန်းကလေးတွေကို ဂုံညင်းယိုကြွေးကြသည်။ နီးစပ်ရာဆွေမျိုးမိတ်ဆွေတွေထဲက မိန်းမများများရှိသော မိသားစု တွေကိုဝေငှကြသည်။
ကျမတို့တတွေ ဇာတိမြေကိုစွန့်ခွာပြီး မြို့တော်မှာအခြေချကြတော့ နွေနေ့လည်ခင်းတွေမှာ အိမ်ရှေ့လမ်းမတလျှောက် ဗန်းကလေးနှင့်ရွက်ရောင်းသော ယိုစုံသည်ထံမှ ဂုံညင်းယိုကိုဝယ်စားမိကြပြန်သည်။ အဲဒီအထိလည်းဘာကောင်းမှန်းမသိသေးဘဲ မိန်းမတွေအတွက်ကောင်းတယ်ဟူသော လူကြီးတွေပြောစကား အတိုင်း ဆေးဖြစ်ဝါးဖြစ်စားခဲ့ကြသော ဂုံညင်းယိုနှင့်၊ ဂုံညင်းယိုထိုးဖို့ ဂုံညင်းသီးတွေကိုလှေနှင့် လိုက်ဆယ်ကြ တာကို လွမ်းတာနှင့်ပင် မြိန်ရည်ယှက်ရည် စားဖြစ်ကြပြန်သည်။ တကယ်တော့လည်း ကြည်နူးပီတိ ကိုဖြစ်ပေါ် စေသောအလွမ်းကိုစားသုံးကြခြင်းက ဆေးဖြစ်ဝါးဖြစ်ပဲမဟုတ်လား။
မိုးတွင်းမြစ်ရေစီးသယ်ဆောင်လာခဲ့သမျှထဲမှ ဆယ်ခဲ့ကြသည့် နောက်ထပ်အရာတစ်ခုက ရေနံစိမ်းခဲတွေဖြစ်သည်။ လက်မလက်သန်းအရွယ်မှ ပိဿာအရွယ်အထိ ရေနံချေးတုံးတွေက ထင်းတိုထင်းစ တွေ၊ ဂုံညင်းဒိုးတွေနှင့်အတူ ရေစီးမှာမျောပါလာကြသည်။ ရေနံစိမ်းတုံးတွေပတ်လည်ကရေပြင်မှာ အဆီဝေ့ ဝိုင်းနေတတ်သည်မို့ခပ်လှမ်းလှမးမှာကတည်းကမြင်သာသည်။ တစ်ခါတလေ ကျမတို့ကလေးတွေက လှေ တစင်းနှင့်ချောင်းထဲမှာ စုန်ဆန်ကာထင်းဆယ်ရင်း၊ ဂုံညင်းဆယ်ရင်းမောလျှင် ချောင်းရေပြင်ထဲ ထိုးထွက်နေ သော သစ်ပင်သစ်ကိုင်းတစ်ခုခုကို လှေနှင့်ချည်နှောင်၍ ခဏနားကြသည်။ ခြေနှင့်လက်တွေကခဏ တဖြုတ် နားကြပေမယ့် မျက်လုံးတွေကတော့မနားကြပါ။ ရေစီးလာရာဖက်မျှော်ငေးရင်း ချောင်းရေပြင်မှာဆီဝေ့နေတာ အရင်မြင်သူက အဲဒါငါ့အတုံးဟုသေချာမမြင်ရသေးသော ရေနံတုံးကိုဦးရသေးသည်။
ကျမတို့ရွာကလေးက ငါးရှာ ဖားရှာ တံငါသည်ရေလုပ်သားတွေများသည်မို့ လူတော်တော် များများမှာ လှေရှိသည်။ ထိုလှေများနှင့်ဆယ်ထားသော ရေနံချေးတုံးတွေကိုစုဆောင်းကာ နောက်တစ်နှစ်မိုး ကျကာနီးမှာ အိုးအဟောင်းတစ်လုံးနှင့် မီးတိုက်ကြတော့သည်။ ပျော်ကျလာသော ရေနံချေးအရည်တွေကိုရေ နံချေးဆယ်ခဲ့သောလှေများကို ပြန်သုတ်လိမ်း၍ လှေကိုတာရှည်ခံအောင် အသုံးချကြသည်။ တချို့ကျတော့ လည်းကိုယ့်အိမ်သစ်သားနံရံတွေကို သုတ်ကြသည်။
ရေနံချေးသုတ်ထားသော သစ်သားနံရံတွေက မိုးဒါဏ်ပိုခံနိုင်သည်။ တချို့ကအိမ်ကြမ်းခင်း တွေကိုလည်း ရေနံချေးသုတ်ကြသည်။ ကြမ်းခင်းတွေကိုတော့ နံရံပြင်တွေလို ရေနံနှင့်ရွှဲနစ်နေအောင်သုတ် လိမ်းကြတာမျိုးမဟုတ်ပါ။ ရေစုပ်သော အဝတ်စအဟောင်းလေးတစ်ဖက်ကို ရေနံချေးဆွတ်၊ ရေနံမစိုသော တဖက်အဝတ်စနှင့် ပြန်ဖိအုပ်ကိုင်ကာ ကြမ်းခင်းပြင်ပြားထဲစိမ့်ဝင်အောင် ဖိတိုက်ကြခြင်းဖြစ်သည်။ အဲဒီလို လုပ်ပါများသော ကြမ်းခင်းပြင်က ရေနံနှင့်ဝပြီး၊ အဝတ်စနှင့်ဖိတိုက်ခံရပါများပြီး ပြောင်ချောနေတော့သည်။
နွေညတွေဆို အဲဒီပြောင်ချောနေသော ကြမ်းခင်းပျဉ်ပေါ်မှာ ဖျာမခင်းဘဲလူးလိမ့်ရင်း အဘွား ပြောပြသောပုံပြင်တွေကို နားထောင်ရသည့်အရသာက ဘာနှင့်မှမတူ။ အဘွားမှာပြောစရာပုံပြင်တွေထပ် ကုန်တော့ မြေးတစ်သိုက်က အဘွားထံမှကြားခဲ့ရသောပုံပြင်တွေကိုပဲ တလှည့်စီပြန်ပြောကြသည်။ တခါ တလေတော့ ဒွေးမယ်နော်နှင့်ရှင်မွှေ့နွန်း မှားလိုမှား၊ သက်ကယ်ရိတ်သွားမည့်ရွှေယုန်ရွှေကြားက ယုန်နှင့် လိပ် အပြေးပြိုင်ပွဲကွင်းထဲရောက်လိုရောက်ပေါ့။ အဲဒီလိုဆိုတော့လည်း စောစောကခေါခေါဟောက်နေသည့် အဘွား ကဘယ်အချိန်ပြန်နိုးနေမှန်းမသိဘဲ တခစ်ခစ်ရယ်ကာ ပုံပြင်ကိုပြင်ပေးပြန်သည်။
အေးမြနေသော သစ်သားကြမ်းခင်းပေါ်တွင်လူးလှိမ့်ရင်း အိမ်ရှေ့တည့်တည့်က အုန်းပင်ခွကြား မှာငြိနေသည့်ဖိုးလမင်းကိုမြင်လျှင် ‘ အဘွား…ဟိုမှာ လမင်းကြီး လှလိုက်တာ’ ဆိုသောစကားကို လသာညတိုင်း ပြောမိသည်။ အဘွားကလည်း မပျက်မကွက်ခေါင်းထောင်ကြည့်ကာ ‘အေး..ဟုတ်ပ၊ လှလိုက်တာ’ တလုံးမလွဲ ပြန်ပြောနေကြ။
ထိုစဉ်ကမသိခဲ့ပေမယ့် ထိုကြမ်းပြင်၏အေးစက်စက်အရသာ၊ ထိုကြမ်းပြင်မှာသုတ်လိမ်းဖို့ရေနံ ချေးအဆယ်ထွက်ရသောခရီးစဉ်တွေ၊ ထိုကြမ်းပြင်ပေါ်မှာလူးလိမ့်ရင်းနားထောင်ခဲ့ရသောပုံပြင်တွေ၊ ရှူရှိုက်ခဲ့ရ သော အဘွားကိုယ်မှ နံ့သာဖြူ၊ကရက်မက်နံ့တွေ၊ အဘွားခေါင်းထောင်ကြည့်ခဲ့သော လမင်း၏ရောင်ခြည်တွေက ကျမတို့ဘဝတွေကို ကိုယ်စီစိတ်ဝင်စားသည့် ဆိုင်ရာဆိုင်ရာဘဝတွေဆီရောက်အောင် မောင်းနှင်ပို့ဆောင်ခဲ့ကြ တာဖြစ်သည်။
အခုအချိန်မှာတော့ ကျမကျောအောက်မှာ စပရိန်မွေ့ယာရှိသည်။ ကျမလှမ်းမြင်နေရသည့် ပြတင်း ပေါက်အပြင်မှာ တစ်ထွာလောက်ထူသော နှင်းလွှမ်းမြေပြင်ရှိသည်။ ကျမခြေချလိုက်လျှင် နုညံ့နွေးထွေးသော အထိအတွေ့ကိုပေးသည့် ကောဇောနုနုရှိသည်။ အခန်းနံရံမှာကပ်ထားသည့် အမွှေးရနံ့ထည့်ရာ လျှပ်စစ်ပုလင်းမှ ကျမ,မသိသော ပန်းရနံ့တမျိုးကို ထုတ်လွှတ်ပေးနေသည်။
သို့သော်……
ရေနံချေးဝနေသော ပြောင်လက်အေးစက်သည့် ကြမ်းပြင်မရှိပါ။
အုန်းပင်ခွကြားမှာ ယီးလေးခိုစီးနေသည့် ဖိုးလမင်း မရှိပါ။
အဘွား၏ အိပ်ရာဝင်ပုံပြင်တွေ မရှိပါ။
အဘွားကိုယ်မှ နံ့သာဖြူကရမက်ရနံ့တွေမရှိပါ။
ထို့အတူ ….
ထိူစဉ်က ကျမတန်ဖိုးထားရကောင်းမှန်းမသိခဲ့သည့် နှစ်ခြိုက်သော အိပ်စက်ခြင်းလည်းမရှိတော့ပါ။

May, 2010
ရနံ့သစ်မဂ္ဂဇင်း

About The Author

greenness_mm

No Comments

Leave a Reply