ဆယ့်နှစ်လရာသီ စာပန်းချီ

ဆယ့်နှစ်လရာသီ စာပန်းချီ

ပန်းပင်လေးတွေ ချစ်တတ်သောသူတိုင်း အိမ်၏ကျက်သရေကို အလှဆင်ဖို့ အိမ်ရှေ့မှာ ပန်းအိုးလေးတွေ တည်ထားတတ်ကြသည်။ ပန်းပင် လေးတွေစိုက်ပျိုးပြီး ပန်းခင်းလေးတွေ ပြုလုပ်ထားတတ်ကြသည်။ ထိုသို့ ပန်းခင်းလေးတွေ ပြုလုပ်ထားခြင်းသည် လောကကို အလှဆင်ပေးခြင်း လည်းမည်၏။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်လေ၏။ ပန်းပင်လေးတွေသည် သစ်ရိပ်ဝါးရိပ်ကြီးတို့ကဲ့သို့ အောက်ဆီဂျင် အများကြီးမပေးနိုင်သော်လည်း မိမိစွမ်းဆောင်နိုင်သည့် အင်အားဖြင့် လွင့်လာသော လေပြေလေညှင်းတွေကို မွှေးမြသွားအောင် နံသာရည်တို့ ဖြင့် ပက်ဖြန်းပေးတတ်လေသည်။ ဤကဲ့သို့ နံ့သာရည်များ ဖြန်းပက်ပေးတတ်သော ပန်းပွင့်လေးများသည် နံ့သာခူးသောလက်ကိုတော့ မုန်းမိကြသည်။ နံ့သာခူးသောလက်ဆိုသော နာမည်သည် အမည်အားဖြင့် တင့်တယ်လှပသလောက် ပန်းပင်လေးတွေအတွက် ပန်းပင်လေးတွေအတွက် အခံရခက်လှသည်။ ပန်းပွင့်လေးတွေအတွက် မျက်ရည်ဝဲရသည်။ ကြွေချိန်မတန်သေးဘဲ အချွေခံရမည်ကို တွေးပြီး ကြောက်မိကြသည်။
ပန်းပင်လေးတွေကို ချစ်မြတ်နိုးတဲ့သူတိုင်း ပန်းခင်းလေးများ၏ရှေ့တွင် ပန်းမခူးရဆိုသော ဆိုင်းဘုတ်လေးများကို လက်ဝတ်ရတနာတစ်ခုသဖွယ် ချိတ်ဆွဲထား တတ်ကြသည်။ ပန်းပွင့်လေးတွေ အကြွေစောလျင် ပျား ပိတုန်းလေးတွေလည်း အနေရခက်လာသည်။ စီးပွားရေးထိုးကျနေတဲ့ နိုင်ငံတစ်ခုလို စားဝတ်နေရေး အတွက် အခက်အခဲများစွာ ရှိလာကြသည်။ ပျား ပိတုန်းတို့သည် ပန်းဝတ်ရည်ကို စုပ်ယူပြီး သိုက်မြုံနန်းသို့ ပျံသွားရသည့်အရသာကို သဘောခွေ့ကြသည်။ အမျိုးမျိုးသောပန်းတို့ထံမှ ဝတ်ရည်ကို အသနားခံကာ ခွင့်တောင်းပန်ပြီး ပျားကောင်လေးတို့သည် အတူတကွ သုံးဆောင်ကြသည်။ သူတို့ပါးစပ်သေးသေးလေး ဖြင့် စုပ်ယူထားသော ဝတ်ရည်တို့ကို လူသားတို့သည် ပန်းပေါင်းတစ်ထောင်ဆေးအမည်ဖြင့် သုံးစွဲတတ်ကြသည်ကို မြင်ရတော့ ရင်ထုမနာ ဖြစ်ကြရသည်။ ပန်းစုပ်လိပ်ပြာတို့သည်လည်း အစာရေစာခေါင်းပါးသော ကန္တာရကြီးထဲမှာ ဝဲပျံနေကြရသလို စားဝတ်နေရေးအတွက် အခက်တွေ့ကြရသည်။
လူအမျိုးမျိုးရှိသလို ပန်းလည်းအမျိုးမျိုးရှိသည်။ ဘယ်ရာသီမှ အထီးမကျန်ရအောင် ပန်းတို့သည် ဖူးပွင့်ဝေဆာပေးကြသည်။ တန်ခူးလသည် ရင်ခတ်ပန်းလေး တွေ၊ ဖူးပွင့်စနှင့် အရွယ်ရောက်ပြီးသော ပိတောက်၊ ငုဝါပန်းတို့ဖြင့် တင့်တယ်လှပသည်။ ကဆုန်လသည် မိုးစွေပန်းတို့ဖြင့် အလှပြိုင်ကြသည်။ နယုန်လသည် မြတ်လေး၊ စံပယ်ပန်းတို့ဖြင့် ကြိုင်ကြိုင်မွှေးမြသည်။ ၀ါဆိုလသည် ပုန်းညှက် ပန်းမဥ္ဇူတို့ဖြင့် ရနံ့ကြူပြသည်။ ၀ါခေါင်လသည် ငွေရောင်ပန်းခတ္တာတို့ဖြင့် ပွင့်လန်းပြသည်။ တော်သလင်းလသည် ယင်းမာပန်းတို့ဖြင့် အမောက်ထောင်ပြသည်။ တန်ဆောင်မုန်းလသည် ခဝဲပန်းတို့ဖြင့် ရှုမငြီးစဖွယ် တင့်တယ်ပြသည်။ နတ်တော်လသည် မိဂသီ သဇင်ပန်းတို့ဖြင့် ဖူးပွင့်ဝေဆာပြသည်။ ပြာသိုလသည် အရွယ်ရောက်စ ခွာညိုပန်းများနှင့်အတူ နွယ်ပင်နွယ်ပန်းတို့ဖြင့် ရစ်သိုင်းပြ သည်။ တပို့တွဲလသည် ပေါက်ပန်း၊ လဲပန်းများဖြင့် နှုတ်ခွန်းဆက်သသည်။ တပေါင်းလသည် ရွက်သစ်လောင်းထားသော အပေါင်းအသင်းများနှင့်အတူ သရဖီပန်းတို့ဖြင့် လက်ရမ်းပြသည်။ ပန်းတို့သည် သူ့ရာသီနှင့်သူ အထီးမကျန်ရအောင် ကိုယ်စီအလှဆောင်ထားကြလေသည်။
လူသားတို့သည် နေရာကောင်း နေရာသန့်ကို ကြိုက်ကြသလို အချို့သောပန်းတို့သည်လည်း နေရာကောင်း နေရာသန့်ကို ကြိုက်ကြသည်။ အညာဒေ ရှေးလူကြီးသူမများ၏ စကားနှင့် ပြောရလျင် မြလေးပန်းတို့သည် အိမ်နောက်ဖေးစိုက်ပျိုးသည်ကို မကြိုက်ကြ။ မျက်နှာညှိုးငယ်သောအသွင်ဖြင့် ဖူးပွင့်ပေးဖို့ နောက်တွန့်နေတတ်ကြသည်။ ရေအိမ်(အိမ်သာ)နား စိုက်ပျိုးသည်ကိုလည်း မကြိုက်ကြ။ တော်ဝင်ပန်း၏မာနကို ထိခိုက်သလို ခံစားကြရတော့ ဖူးပွင့်ပေးဖို့ ဝန်လေးတတ်ကြသည်။ အိမ်ခေါင်းရင်းအရပ်နှင့် အိမ်၏မျက်နှာပြင်အရပ်တို့၌သာ ပန်းလုံးပြပြီး ဝင့်ကြွားလိုက်ချင်ကြသည်။ လူတစ်ယောက်ကို လူညွန့်တုံးအောင် မလုပ်သင့်သလို ပန်းတစ်ပွင့်ကိုလည်း ပန်းညွန့်တုံးအောင် မလုပ်သင့်တာကို ပန်းချစ်သူတိုင်း လက်ခံကြပေလိမ့်မည်။ လူသားများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် နေရာတွင် သစ်ပင်ပန်းမန်တို့သည် တစ်ထောင့်တစ်နေရာက ကူညီပေးတတ်ကြသည်။
ပန်းတို့သည် နေရာဒေသမရွေး တင့်တယ်လှပနေတတ်ကြသည်။ ဘုရားစင်ပေါ်ရောက်တော့ ဘုရားရှင်ကို ပူဇော်ပြနေသည့်ပုံမှာ မြင်ရသူအပေါင်းကို စိတ်ကြည်နူးစေပြီး အေးချမ်းမှုကို ပေးတတ်သည်။ အမျိုးသမီးများ၏ ဦးခေါင်းထက်တွင် ပန်ဆင်လိုက်သည့်အခါ အလှပေါ် အယဉ်ဆင့်ဆိုသလို အိမ်ရှင်ဆံနွယ် လေးတို့သည် ရောက်လာသော ဧည့်သည်ပန်းတို့နှင့် မခွဲရက်နိုင်အောင် ချစ်တင်းနှောလိုက်ချင်ကြသည်။ ပန်းဘဝရောက်လာတော့ အပျိုဖော်ဝင်စ မြီးကောင် ပေါက်လေးများလို အလှဟာတင့်တယ်နေပြန်သည်။ ရာသီစက်ဝန်းတို့သည် တစ်နေ့မှတစ်နေ့၊ တစ်လမှတစ်လ၊ တစ်နှစ်မှတစ်နှစ်သို့ ဆယ့်နှစ်လရာသီ ဖူးပွင့် ဝေဆာနေသော ပန်းပွင့်လေးများကို သယ်ဆောင်လာကာ ပြေးလွှားကူးခတ်နေကြသည်။ သစ်ပင်ပန်းမာန်တို့သည်လည်း ဘယ်ရာသီမှ အထီးမကျန်ရအောင် တက်ကြွစွာ ပါဝင်ဆင်နွှဲပေးကြသည်။ ဘုရားပွဲတရားပွဲကအစ အလှူပွဲ မင်္ဂလာအခမ်းအနားများအထိ သင်းပြန့်သောရနံ့တို့ကို ဆွတ်ဖျန်းကာ လူသားများကို ရင်သပ်ရှုမောစေရင်းဖြင့် ရာသီတခွင်လုံးကို ဝတ်ရည်လူးပြီး ကြည်နူးစေကြတော့သည်။
စျာန်ခ
photo-crd

About The Author

greenness_mm

No Comments

Leave a Reply