ဆောင်း နံနက်ခင်း

ဆောင်း နံနက်ခင်း

ညက ကောင်းကောင်း အိပ်မပျော်ပေမဲ့ ထုံးစံအတိုင်း မနက်စောစော အိပ်ရာမှ ထ လိုက်ပါသည်။ ကိုယ်လက်သန့်ရှင်းရေးလုပ် မျက်နှာသစ်ပြီး လမ်းလျှောက်ထွက်ဖို့ ပြင်ဆင်ရသည်။ အားကစားဘောင်းဘီ၊ အနွေးထည်၊ ခေါင်းစွပ်၊ လမ်းလျှောက်ရှူးဖိနပ်တို့ကို စီးပြီး တံတားဘက် လမ်းလျှောက်ထွက်ခဲ့လိုက်သည်။ အအေးဓါတ်သည် ဆောင်းပီသစွာ မြို့အနှံ့ကို လွှမ်းခြုံထားသည်။ ဟိုနေ့က ရန်ကုန်က သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်၍ သူတို့ ရန်ကုန်မှာတော့ အအေးဓါတ်ကောင်းကောင်း မရသေးဟု ဆိုသည်။ ချင်းပြည်နယ်၏ အစပ်မှာ ဖြစ်သော ဒီမြို့ကလေးမှာတော့ နို၀င်ဘာလလောက်ကတည်းက အေးနေခဲ့ပြီ ဖြစ်သည်။
မြို့လေးထဲက လမ်းများပေါ်တွင် လူသွားလူလာ သိပ်မရှိသေး၊ လင်းနေဆဲ ဖြစ်သော လမ်းမီးရောင် လဲ့လဲ့များထဲတွင် မြူနှင်းမှုံတို့က ဝေ့၀ဲစှာ ကျနေသည်။ ဟို အရှေ့ဘက်ဆီမှ ရောင်နီသည် ပျပျလင်းနေ၏။ ကောင်းကင်တစ်ခုလုံးသည် အနည်းငယ်မျှ မှုန်မှုန်မှိုင်းမှိုင်း ဖြစ်နေသည်။ တိမ်တို့၏ အစအနကိုမှပင် မမြင်ရ။ ကောင်းကင်၏ အလင်းသည် လမ်းမီးများကို မဖုံးအုပ်နိုင်သေး။ လမ်းမီးတိုင်များသည် တစ်တိုင်နှင့် တစ်တိုင် အလင်းရောင်ကို လက်ဆင့်ကမ်းကာ လမ်းရှိသမျှ တိုး၀င်လျှက် ရှိသည်။ မည်းနက်နေသော ကတ္တရာလမ်း မသည် အအေးဓါတ်ဖြင့် အိပ်စက်၍ ကောင်းတုန်းပဲ ရှိသေးသည်။ ရံဖန်ရံခါ သူ၏ ကျောပေါ်မှ ဆိုင်ကယ် တစ်စီးစ နှစ်စီးစ ဖြတ်သွားပေမဲ့လည်း သူသည် မလှုပ်မရှက် ငြိမ်သက်လျှက်ပင် ရှိသည်။
စျေးနားတစ်ဝိုက်မှာတော့ အနည်းငယ်မျှ လှုပ်လှုပ်ရှားရှား တွေ့ရသည်။ ဆိုက်ကားအချို့သည် ပစ္စည်းအချို့ကို တင်ကာ စျေးဆီသို့ နင်းလာကြသည်။ အနီးအနား ရွာတွေဆီက စျေးရောင်းဖို့ ဟင်းသီး ဟင်းရွက်များကို တောင်းထဲထည့်ကာ ရွက်လာကြသော အမျိုးသမီးအချို့ကိုလည်း တွေ့ရသည်။
စျေး၏ အရှေ့ဘက် လမ်းသွယ်ကလေး၏ အကွေ့ထောင့်မှာတော့ အကြော်တဲကလေး တစ်တဲ ရှိသည်။ အကြော်ဖိုမှာ အမျိုးသမီးကြီး တစ်ယောက်သည် အကြော်ကြော်လျှက်ရှိသည်။ ဖိုဘေးက စားပွဲဝိုင်း လေးမှာက ဆိုက်ကားဆရာ သုံးယောက်က ရေနွေးသောက်ရင်း အကြော်စားနေကြသည်။ တရှဲရှဲကြော်နေ သော အကြော်ဖို၏ အထက်မှာ အပူငွေ့နှင့် ဆီပူငွေ့တို့သည် ဝေ့၀ဲနသေညျ။ ကပ်ဖြင့် မိုးထားသော အကြော်ဖို၏ အမိုးသည် ကျပ်ခိုးစွဲကာ မည်းလျှက်ရှိသည်။ နွေ မိုး ဆောင်း ဖြတ်သန်းထားပြီး အကြော်တဲ၏ ဘ၀သက်တမ်းတစ်ခု၏ ကြာမြင့်ချိန်ကို ဖော်ပြနေသကဲ့သို့ ရှိသည်။
တံတားဘက်ဆီသို့ သွားသော လမ်းမပေါ်တွင် သူ့လို လမ်းလျှောက်ထွက်လာသူ သုံးလေးယောက် ကို တွေ့ရသည်။ တဖြည်းဖြည်း ရောင်နီသည် လင်းသထက် လင်းလာကာ လမ်းအချို့သည် အိပ်စက်ရာမှ နိုးထကာ ပျင်းကြောဆန့်၍ သက်၀င်လှုပ်ရှားစ ပြုပေပြီ။ ဟောဒီက ပဲပြုပ် ဟု အော်၍ လမ်းသွယ်တစ်ခုထဲမှ ထွက်လာသော ပဲပြုပ်သည်၏ ခြေလှမ်းတို့သည် သွက်လျှက်ရှိသည်။ သူသည် လမ်းကို ခပ်မြန်မြန်လေး လျှောက်နေမိသည်။ မကြာမှီ တံတားပေါ်သို့ ရောက်လာသည်။ တံတားပေါ်တွင် လေအနည်းငယ် တိုက်နေပေမဲ့ လမ်းမြန်မြန် လျှောက်ခဲ့သဖြင့် သွေးက နွေးနေသည်။
တံတား၏ အောက်မှာက စီးဆင်းနေသော ရေသည် မရှိတော့ပေ၊ သဲသောင်ပြင်ကျဉ်းကျဉ်းနှင့် ဘေးတစ်ဖက်တစ်ချက်ဆီမှ ရိုးတံ ရှည်ရှည်နှင့် မြက်ရိုင်းပင်တွေပဲ ရှိတော့သည်။ မြို့၏ တ၀က်လောက်ကို ဖြတ်စီးသွားသော ချောင်းသည် မိုးရာသီမှာပဲ ရေရှိတတ်သည်။
အခုလို ဆောင်းနှင့် နွေမှာတော့ ရေမရှိတော့။ တံတားအလယ်လောက်မှာ မတ်တတ်ရပ်ကာ ကိုယ်လက် လေ့ကျင့်ခန်း လုပ်သည်။ စီးဆင်းလာသော ချောင်း၏ လာရာအဝေးကို မျှော်ကြည့်လိုက်တော့ မြူနှင်းတို့ဖြင့် မှုံမှိုင်းနေသည်။ တဖြေးဖြေး လင်းလာသည်နှင့်အမျှ မြူနှင်းတို့က ပို၍ဝေ့၀ဲမှုံမှိုငျးလာသညျ။ ဟို အမေရိကမှာလို နှင်းတွေ အဖတ်လိုက်ဖွေးနေအောင် ကျတာမျိုးတော့ မဟုတ်၊ ပတ်ဝန်းကျင်တဈခုလုံး မြူခိုး၊ နှင်းခိုး၊ မီးခိုးတွေလို မှုံမှိုင်းလာခြင်းမျိုး ဖြစ်သည်။ ဆောင်းသည် သူ၏ လမ်းကြောင်းအတိုင်း အေးအေးချမ်းချမ်းဖြင့် ၀ငျရောကျလာနခွေငျးဖွဈသညျ။ နှင်းတွေကို လက်ဝါးနှစ်ဖက်ကို ဖြန့်ကာ ဆီကြိုလိုက်မိသည်။ သစ်ရွက်တွေလည်း ကြွေဆင်းလာပြီ။
ဆောင်းလမ်း
————-
ဘာအစီအစဉ်တွေရှိနေလို့
နှင်းတွေနဲ့ ဖုံးထားခဲ့တာလဲ။
ဆိုက်ပရပ်စ်လမ်းမှာ
စတော်ဘယ်ရီသီးမှာ
ကုက္ကိုရွက်မှာ
တံစက်မြိတ်မှာ။
စိတ်ရှုပ်ရှုပ်နဲ့ စွန်လွှတ်ခြင်း
ကြိုးရှည်ရှည်နဲ့ သံယောဇဉ်ကြီးခြင်း။
လောကဓံဟုဆိုသော်လည်း
ကိုယ်စိတ်နှစ်ပါးရဲ့အပူပဲ။
ဘာမှပြန်မပြောခဲ့သော်လည်း
ကိုယ်မြင်နေရပါတယ်။
နှင်းတွေကို
မင်းပဲ စောင့်ခေါ်လိုက်ပါတော့။ ။
၀င်းမြင့်
လူ၀က် ကုန်တ၀က်တင်ထားသော ဒိုင်နာကားတစ်စီးသည် တံတားပေါ်မှ ဖြတ်မောင်းသွား၍ တံတားသည် အနည်းငယ် တုန်သွားသည်။ အနီးအနားရွာတစ်ရွာမှ စျေးကိုလာသော ကားဖြစ်မည် ထင်သည်။ နေထွက်လာပြီဖြစ်သော်လည်း နေရောင်ခြည်သည် မြူနှင်းများကို မထိုးဖောက်နိုင်သေး။ အခုအချိန်မှာတော့ မြို့လေးသည် လမ်းမတွေပေါ်မှ ပဲပြုပ်သည်တို့၏ ပဲပြုပ်အော်သံများဖြင့် တစ်မြို့လုံး အိပ်ရာမှ နိုးနေခဲ့ပြီ ဖြစ်သည်။
သူသည် အတန်ကြာကိုယ်လက်လှုပ်ရှားမှု လုပ်ပြီး တံတား၏ တစ်ဖက်သို့ ဆက်လျှောက်ခဲ့လိုက် သည်။ တံတား၏အဆင်း လမ်း၏ ညာဖက်ဘေး တစ်ဖက်ရပ်တည်းကလေး၌ ပေါင်းတင်းဝါးများကို စီတန်းကာ ထောင်ထားပြီး မီးဖုတ်နေတာ တွေ့ရသည်။ ဒီမြို့လေးမှာက ပေါင်းတင်းက နာမည်ကြီးသည်။ ဒီရာသီမှာ ဒီပေါင်းတင်းကိုပဲ အိမ်ပြန်လက်ဆောင်ပေးလေ့ ရှိကြသည်။ ဒီလိုပေါင်းတင်းဖုတ်ပြီး ရောင်းသည့် ဆိုင်ကလေးတွေ ဒီမြို့က လမ်းအတော်တော်များများမှာ ရှိသည်။ ဒီဆိုင်လေးမှာက ပေါင်းတင်းသာမက မုန့်ပေါင်းလည်း ပေါင်းရောင်းတာ တွေ့ရသည်။ သူသည် ထိုင်နေကျ လက်ဖက်ရည်ဆိုင်ဆီသို့ ဆက်လျှောက်ခဲ့လိုက်သည်။
လက်ဖက်ရည်ဆိုင်ဘေးမှာလည်း မုန့်ဟင်းခါး၊ အကြော်စုံရသည့်ဆိုင် ရှိသည်။ ကောက်ညှင်းပေါင်း လည်း ရသည်။ သူက အကြော်သုပ်တစ်ပွဲနဲ့ လက်ဖက်ရည်တစ်ခွက်မှာသောက်လိုက်သည်။ ဒီအကြော်သုပ် ကလည်း ဒီမြို့လေးမှာ နာမည်ကြီးသည်။ အကြော်စုံကို ဖွခြေပြီး ပဲမှုန့် ဆီချက် မုန့်ဟင်းခါးဖတ်တို့ဖြင့် မုန့်ဟင်းခါးရည် နည်းနည်းစမ်းကာ သုပ်ထားခြင်းဖြစ်သည်။ စားရတာ အတော်လေး အရသာ ရှိပါသည်။ ဒီလိုမျိုး အကြော်သုပ်ကို ဒီမြို့ကို ရောက်မှပဲ တွေ့ဖူးစားဖူးခြင်း ဖြစ်သည်။
သူ၏ အိမ်အပြန်လမ်းကတော့ အလာတုန်းကလို ခြောက်ခြောက်သွေ့သွေ့ မဟုတ်တော့ ဆိုင်ကယ်တို့ဖြင့် အနည်းငယ် ရှုပ်ထွေးနေခဲ့ပြီ ဖြစ်သည်။ လမ်းမီးတိုင်မှ မီးတို့သည်လည်း ငြိမ်းသွားလေပြီ။ တံတားပေါ်မှာတော့ အဖိုးအိုတစ်ယောက်သည် တုတ်ကောက်တစ်ချောင်းဖြင့် လမ်းလျှောက်နေသည်။ စီးဆင်းသွားရာ ချောင်း၏ အဖျား ဟိုးအဝေးဆီမှာ မီးခိုးတွေ အူတက်နေတာ မြင်ရသည်။ ဆောင်းရာသီမှာ မီးခိုးကို မြင်ရခြင်းသည် ပန်းချီကားတစ်ချပ်လိုပဲဟု စိတ်မှာ ထင်လိုက်မိသည်။ ရာသီသုံးပါးထဲတွင် ဆောင်း ရာသီသည် အေးစက်တိတ်ဆိတ်သော ရာသီဖြစ်မည်ထင်သည်။ နွေနဲ့မိုးကတော့ ဆောင်းလို မဟုတ် အနည်းငယ် အရိုင်းဆန်သည်ဟု ထင်သည်။
ဆောင်း
———–
ပြောစရာစကားများရှားပါးလာပြီးနောက်
ဆောင်းဟာပိုအေးလာတဲ့ အကြောင်း
မြူတွေပိုကျလာတဲ့အကြောင်း
အချိန်ဟာ လူအိုတစ်ယောက်လို လေးလံနေချိန်
စိမ့်၀င်နေတဲ့ အတွေးဟာ ပြာကျသွားတယ်။
သတိရခြင်းဟာ အပေါ်ယံကြောမှာအေးခဲပြီး
အတွင်းသားမှာ မီးစွဲနေတယ်
သစ်ရွက်ခြောက်လို ကြွပ်ဆတ်နေသော
အိမ်ပြန်လမ်းတလျှောက်
ဓါတ်တိုင်အောက်က ဖြတ်လျှောက်စဉ်မှာ
မှောက်မှားနေသူ အရိပ်တစ်ယောက်ကို မြင်တယ်
လမ်းဟာ တကိုယ်ရေမှောင်မည်းလို့
အိမ်ဟာ တစ်စစီပြိုကျလို့
ဘယ်သူရှိခဲ့တာလဲ
ဟို အဝေးမှာ
တောမီးတွေလည်း လောင်လို့ပေါ့။ ။
အေးမင်းစော
ကလေးဘ၀ ရွာမှာ နေခဲ့တုန်းက အခုလို ဆောင်းတွင်းမှာ အိမ်ရှေ့ကွက်လပ်က မီးဖိုမှာ မီးလှုံရင်း ထန်းပင်မြစ်ဖုတ်စားခဲ့ရသည်ကို အမှတ်ရလိုက်မိသည်။ အဖေ၊ အမေတို့နှင့် ညီအကို မောင်နှမတတွေ မီးဖိုကို ဝိုင်းထိုင်ပြီး စကားတပြောပြောနှင့် ထန်းပင်မြစ်ဖုတ်ကို ဆီနဲ့ ဆားနဲ့ ရောထည့်ထားသော ခွက်၌ တို့စားခဲ့ရသည်မှာ အရသာပဲဖြစ်သည်။ အခုတော့ ရွာမှာ ဆောင်းတွင်း မီးဖိုပြီး မီးလှုံကြသည့်အလေ့ပင် မရှိတော့ဘူးထင်သည်။ ရင်ထဲက ကိုယ်စီတောက်လောင်နေသော ရင်အပူတို့ဖြင့် ဆောင်း၏ အအေးဒဏ်ကို ခုခံနေကြပုံ ရပါသည်။ လူတွေ၏ လောဘ၊ ဒေါသအပူတွေကြောင့် ဆောင်းကပဲ အရင်ကလောက် မအေးနိုင်တာလည်း ဖြစ်နိုင်သည်။ ရွာဘေးမှာလည်း အရင်လို တောကောင်းကောင်းက လည်း မရှိတော့ပြီပဲ ဖြစ်သည်။
ကလေးဘ၀တုန်းကတော့ နှင်းရည်တို့ဖြင့် စိုစွတ်နေသော မြက်ခင်းပြင်ကို ဖြတ်ကာ ယာတောအစပ်မှာ ရှိသည့် သခွပ်ပင်အောက်ကို သွားပြီး သခွပ်ပွင့်တွေ လိုက်ကောက်ခဲ့ရတာကို ပျော်စရာလို့ ထင်သည်။ အခုတော့ ထိုသခွပ်ပင်ကြီးလည်း မရှိတော့၊ ဆောင်းမှာ အတူပျော်ခဲ့ရသည့် အဖေလည်း မရှိတော့ ၊ အစ်မလည်း မရှိတော့။ သူသည် လေပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်။ ပါးစပ်ထဲမှ အငွေ့များ ထွက်လာကာ မြူနှင်းတွေ ထဲ ရောထွေးပျောက်ကွယ်သွားတာ တွေ့လိုက်ရသည်။ ။
စိုးခိုင်ညိန်း

About The Author

greenness_mm

No Comments

Leave a Reply