တောအစပ် လယ်ထဲကရနံ့

တောအစပ် လယ်ထဲကရနံ့

သပြေရွာကလေးကမြို့နှင့်ဝေးလံခေါင်ပါးတဲ့အရပ်မှာရှိနေတာ။ဟိုတုန်းကသပြေရွာသားတွေကမြို့ကိုသွားရင်လှေနဲ့ပဲသွားကြ၊လာကြသေးတာ။သပြေရွာကမြို့မှာနေသူဆိုရင်မရှိသလောက်။မြို့ကိုသွာသည် ဆိုခြင်းမှာလည်းလူနာကို ဆေးခန်းပြတာ၊ သိပ်အရေးကြီး မှ မြို့ကို သွားကြသည်ပင်။
သပြေရွာက မြို့မှာတွေ့မြင်နေကျဆိုရင် တယုတယပွတ်သပ်လို့။ ရွာသို့ မြို့သားတစ်ယောက် ရောက်သည် ကိုပင် အထူးအဆန်းလုပ်လို့ ဝိုင်းအုံပြီး ကြည့်နေကြတာ ပွဲသဘင်ကျသည်အလား စည်စည်ကားကား။
မှုန်ရီမှုန်ဝါး ထူးထူးခြားခြား မှတ်ညာဏ်ထဲတွင် ရှိနေသည်က လူတောထဲတွင် တီဗွီ တိုးဝှေ့ကြည့်ကြခြင်း ဖြစ်၏။ ထိုအချိန်က ရွာထဲတွင် (TV) ဆိုလို့ အဒေါ်စိန် အိမ်တစ်အိမ်တည်းသာရှိသည် မဟုတ်လား။ ဇာတ်ကား တစ်ကားကြည့်ရဖို့ လူတောထဲမှာ မြေကြီးဖင်ခုထိုင်ပြီး စောင့်ရသည်မှာ ညည်းတွား စရာကောင်းသည်။ နွေရာသီဆို ပူကလည်းပူ၊ အိုက်ကလည်းအိုက် လူတွေရဲ့ အနံ့ပေါင်းစုံကို နှာခေါင်းခံပြီး ဇာတ်ကား ကြည့်ရသည့် ဘဝတွေကို တွေးမိတိုင်း ပြုံးသလို၊ ရွှင်သလို ခံစားချက် အသစ်အဆန်းဟု ဆိုရပါမည်။
လသာတဲ့ နေ့ညမျိုးဆိုရင် မိုးသောက်တို့ ကလေးတွေက ရွာရဲ့လမ်း ရိုးကျယ်ကျယ်ကြီး၌ ကစားနည်းပေါင်းစုံဖြင့် ဆော့ကြသည်မှာ သိပ်ပျော်စရာကောင်းသည်။ လူပျို၊ ပျိုဖြူတို့လည်း ထိုနည်းအတိုင်း။ တစ်ယောက်အပေါ် တစ်ယောက် မရိုးသားသည့် စိတ်ကလေးများ မထားကြ။ တစ်ယောက်ကျောကုန်းပေါ် တစ်ယောက်ပိုပြီး ကစားကြသေး၏။ အချင်းချင်းချစ်ခင်ကြလျှင် နှစ်ဦး နှစ်ဖက် မိဘများနှင့် ပွဲတင်ပြီး နားဖောက်ကြသည်ပင်။
လမိုက်ညဆိုရင်လည်း ပျော်စရာလေးတွေက ရှိသေး။ မိုးသောက်တို့ အိမ်ရှေ့ချောင်းကမ်းနားက ပြိုင်းပြိုင်းထလျက် ပေါက်နေကြသည့် ကျကန်းပင်၊ လမံပင်၊ ဆီးပင်၊ ဆူးတော၊ သင်းပုတ်တောတို့ အစုလိုက် အမှောက်ကျနေသည်မှာ ကြောက်စရာဟု ထင်မှတ်ရမည်ဖြစ်သော်လည်း တကယ်လက်တွေ့ကျရင် ဒီတောအုပ်တွေက ဘဝအမောတွေကို ဖျော်ဖြေနေသည်ဟု ဆိုရပါမည်။
ညည့်နက်ရင် ထိုတောအုပ်တွေဆီမှ ပိုးမွှားလေးတွေ မြည်တွန်တောက်တီးသံက မိခင်က သားဖြစ်သူအား အိပ်ရာဝင်ချိန် ပုံပြင်တစ်ပုဒ် ချော့သိပ်နေသသည်နှင့်တူ၏။ မိုးသောက်တို့ အပါအဝင် သူငယ်ချင်းကလေးတွေက စာဖတ်လို့ပျင်းလာရင် ဖေဖေတို့မသိအောင် ခြေသံတိုးတိုး ဖွပြီး တောအုပ်ဆီက မှိတ်တုတ်၊ မှိတ်တုတ် လင်းလက်နေသည့် ပိုးစုန်းကြူးလေးများကို အပြေးအလွှား လိုက်ဖမ်းကြ၏။ ပိုးစုန်းကြူးဖမ်းသည်ဆို မေမေတွေ့သွားရင် နားညည်းအောင် အဆူခံရတော့သည်။
မေမေ “ညည့်နက်နက်ပိုးစုန်းကြူးသွားပြီး မဖမ်းရတဲ့၊ မတော်တဆ လက်ထဲမှာ ပိုးစုန်းကြူးသေသွားရင် ဝဋ်လိုက်တယ်တဲ့” အခုလို မေမေက မိုးသောက်တို့ကို သင်ပြသောကြောင့် ပိုးစုန်းကြူးလေးတွေကို သနားစိတ်ဝင်မိသည်။
မိုးရာသီ ကျောင်းပိတ်ရက်တွေဆိုရင် မိုးသောက်က ဖေဖေ၊ မေမေနှင့် အတူ လယ်ကွင်းရှိရာများသို့လိုက်ရန် ပူဆာမြဲ။ အခုလို မိုးသောက် မေ့မေ့ကို ပူဆာရင် မေမေက စိတ်ဆိုးတတ်၏။ “မိုးထဲလယ်ထဲမှာ နေမကောင်းဖြစ်မည်၊ ဖျားရင်နာရင် ပိုက်ဆံဘယ်ကရမှာလဲ” ဆိုပြီး ပြောတတ်သည်။ မေမေက လယ်ကွင်းသို့ သွားရင် နေဝင်မိုးချုပ်မှ အိမ်ပြန်ရောက်တာများသည်။ ဤသို့ဖြင့် မေမေက မိုးသောက်အား ဆယ်ကြိမ်ပူဆာမှ တစ်ကြိမ်တစ်ခါသာ ခွင့်ပြုသည်။
လယ်ကွင်းကိုသွားရင် မေမေက ခမောက်ရှည်ကြီး ဆောင်း၊ ကဏန်းလုံးနှိုက်ဖို့ သံချိတ်ကြီးကိုယူ၊ ကဏန်းလုံးထည့်ရင် ပလိုင်းကြီးအားခါး၌ အသင့်ချည်ထားသည်။ ပြီးရင်မေမေက ပလတ်စတစ်ဘူးခွံ တစ်ခုကို ယူသေး၏။
အိမ်ကထွက်သည်နှင့် တောအုပ်၊ တောတန်းများကို ဖြတ်ရပြီ။ လယ်ကွင်းကို သွားရာလမ်း ဆိုသည်မှာလည်း ခြုံနွယ်၊ ဆူးပင်သစ် ကိုင်းရှည်ကြီးများကြား ယှက်နွယ်နေသည်။ တစ်ဖဝါးစာချသည့် လမ်းငယ် မျှသာဖြစ်သည်။ မိုးသောက် မေမေ့ နောက်က ထပ်ကြပ်မကွာ သတိနှင့် လိုက်ရသည်ပင်။
မိုးသောက်သည် ဖဝါး၌ ဆူးစူးလျှင် “အား…..အား…သေပြီအမေ” ဆိုပြီး ငယ်ကျိုး ငယ်နာ အော်ရင် မေမေက စိတ်ဆတ် ဆတ်ဖြင့် ဘုကြည့်ကြည့်ပြီး မိုးသောက်ဖဝါးဆီက ဆူးကိုနုတ် တတ်သည်။
လယ်ကွင်းကိုရောက်လျှင် မေမေက မိုးသောက်အား ရွာဦး မြစ်ကမ်းဘေး တောစပ်နားက နေစေသည်။ မိုးသောက်တို့ လယ်ကွင်းက ရွာဦးမြစ်ဦးဘေးကရှိသည် မဟုတ်လား။ လယ်ကွင်းများ၌ စပါးကြဲတာ မကြာသေးသဖြင့် တစ်တောင်ကျော်နက်သည့်ရေ၌ စပါးစေ့အညှောင့်ကလေးက မြေ၌ ကုပ်တွယ်မှု ကောင်းကောင်းမရှိသေး။ တချို့လယ်ကွင်းများက ဆည်တဲ့ကန်သင်း မကောင်းသဖြင့် တခြားနေရာစီးပြီး စပါးစေ့ညှောင့်လေးတွေက ခြောက်သွေ့ပြီး ကျန်ခဲ့တာ။
ဤသို့သော နေရာမျိုးဆိုလျှင် ကျီး၊ ဆက်ရက်၊ စာကလေး၊ ချိုးနှက် အမည်မသိ ငှက်တို့၏ အသိုက်၊ အခါ သင့် စားကျက်ကွင်းဖြစ်သွား၏။ ကျီးက တော်တော်ပါးရည်နှပ်ရည်ရှိသော ငှက်တစ်မျိုး။ ကျီးသည် အလွန်အာကျယ်သည့် တိရိစ္ဆာန်တစ်မျိုးဖြစ်သည်။ ကျီးက အကောင်တစ်ရာ၊ နှစ်ရာခန့် အသင်းဖွဲ့ပြီးနေတာ။ ကျီးတွေက လယ်ကွက်က ရေမရှိတဲ့ စပါးစေ့တွေကို ချောင်းတတ်သည်။ မေမေက ကျီးတွေလာရင် ပလတ်စတစ်ဘူးခွံကြီးကို ခေါက်ပြီး ဆဲဆိုကြိမ်းမောင်းအော်လျှင် ကျီးတွေက မြစ်ဦးကမ်းဘေး ရှိ အုံ့ဆိုင်းဆိုင်း မှိုင်းညို့နေသည့် မိုးသောက်ရှိရာ တောစပ်နားသို့ပျံလာပြီး တိတ်ကလေး ပုန်းနေတတ်သည်။ ကျီးထွက်လို့ ပျံပြေးရင်း ချိုး၊ ဆက်ရက်၊ စာကလေးအုပ်စုတို့က တိတ်တိတ်ကလေး ပျံလာပြီး စပါးစေ့တွေကို ခိုးစား၏။ မိုးသောက်က မေမေလို့ အော်ဟစ်ပြီး ဆဲလိုက်လျှင် ထိုငှက်တို့မှာည်း အလန့်တကြား ပျံပြေးတတ်၏။
မိုးသောက် တောစပ်နားက နေရသဖြင့် မိုးကြီး၊ လေကြီးလာလျှင် တောထဲ၌ တိရစ္ဆာန်ပေါင်းစုံ အော်ဟစ်နေကြသဖြင့် အလိုလို ကြောက်စိတ်ဝင်လာတော့သည်။ မေမေက ကျီးအုပ်တွေ လယ်ကွင်းထဲ ကျမည်စိုးရိမ်သဖြင့် ရင်တစ်မမ ဖြစ်နေရှာသည်။ ထိုသို့ သားမိနှဏ်ယောက် သုံးနာရီ လေးနာရီလောက်ကြာရင် ငှက်တွေက လူအော်သိုံ တောက်လျှောက် ကြားနေရသဖြင့် “ဒီနေရာမှာ အဆင်မပြေ” ဆိုပြီးအသိဖြင့် တခြားသူတို့ရဲ့ လယ်ကွင်းများကို ပျံသွားတတ်သည်။
ထိုအခါမှ မေမေက မိုးသောက်ရှိရာသို့ ကဆုန်ပေါက်ပြေးလာ၏။ တောစပ်နားက နာရီဝက်ခန့် ကြာပြီးမှ မေမေက ကျီးတို့ကို စိတ်ချသွားပုံရသည်။ မေမေသည် အိမ်မှ အသင့်ပါလာတဲ့ သံချိတ်ဖြင့် ကဏန်း လုံးကြီး နှိုက်ပါတော့သည်။ မေမေ ဂဏန်းလုံးကြီးနှိုက်ရင် လွဲသည်ဟူ၍ မရှိ။ ရွှံ့တွင်းထဲက ကဏန်း ခြေမကားကားဖြင့် ထွက်လာရင် မေမေရဲ့ အပြုံးတစ်ချက်ပွင့်လာမြဲ။ ကဏန်းလုံးကြီးတွေက လူတစ်ယောက် ဗိုက်ပြည့် နိုင်သည့်အိ အရွယ်အစားက မသေးလှ။ နာရီဝက်ခန့် ကဏန်းနှိုက်ရင် ကဏန်းလုံးကြီးတွေက ပလိုင်းထဲ၌ ပြည့်ခါနီးပြီ။ မေမေက ကဏန်းနှိုက်လို့ ပြီးရင် တောထဲက ဟင်းရွက်၊ ဟင်းနုတို့ကို ခူးတော့၏။ မေမေခူးသည့် ဟင်းရွက်တွေက သိပ်ချိုပြီး အရသာရှိသည်။ အရွက်တွေနှင့်အတူပေါင်းပြီး အသီးတွေ တန်းလန်းကြီးပါလာရင် မိုးသောက်ကို ပေးတတ်သည်။ လယ်ကွင်းသို့ မေမေနှင့် သွားရသည်မှာ သိပ်ပင်ပန်းသော်လည်း လယ်တောထဲက လက်တွ့ ရုန်းကန်နေရသည့် လယ်သမားတို့၏ ဘဝကို မြင်ရသဖြင့် ပိုပြီး ဂရုဏာဖြစ်ရရှာသည်။
မိုးအကုန် ဆောင်းအပြောင်း ချမ်းအေးတဲ့ ဆောင်းရာသီ၊ စပါးရိတ် သိမ်းချိန်ဆို လယ်ကွင်းသို့ သွားရသည်မှာ ပိုပြီးတောင် ပျော်စရာကောင်းသည်။ ချောင်းထဲမှာ လယ်သမားတို့ ငါးရှာရင် ကြည့်ရတာ အားကျစရာ။ ချောင်းထဲမှာ ပေါက်ရောက်နေကြသည့် ချုံတော၊ ချုံပုပ်တို့ကို ပိုက်ကြီးတွေနှင့် ရံကြသည်။ နာရီဝက်ခန့်ကြာရင် လယ်သမားတို့ ရံထားသည့် ပိုက်ကိုဖော်ရင် ငါးတွေရဲ့ ဆူးများက ပိုက်သားမှာ ငြိကပ်နေကြသည်ပင်။ ငါးတစ်ကောင်ဆိုရင် လယ်သမား ငါးယောက်စာ စားနိုင်သည့်ငါးမျိုး။ လယ်ကွင်းထဲမှာ ချောင်းရှိရင် ငါးတွေက ပေါမှပေါ။ ရေနှင့် သွားနေသည့် ငါး၊ ပုစွန်များကို လက်နှင့် ဖမ်းလို့ရသည် အထိယဉ်ပါးလှသည်။ ဤသို့ သား၊ ငါး၊ ပုစွန် ပေါလျှံသဖြင့် “ရေရှိလျှင်၊ ငါးရှိသည်” ဟု ဆိုရိုးစကား ပြောထွက် လာခြင်းဖြစ်သည်။
လယ်သမားတို့ တလင်းနယ်ရင် မိုးသောက်တို့က လယ်ကွင်းပြင်သို့ သွားကြမြဲ။ လ
ယ်သမားတွေက သီချင်းကလေး ညည်းဆိုလျက်၊ ကျွဲ တွေက အမြီးကိုအပေါ် တင်လိုက်၊ အောက်ချလိုက်နှင့် တလင်းပြင်က စပါးများကို ခိုးစားနေကြသည်မှာ သာယာနာဖွယ်ကောင်းသည့် မြင်ကွင်း ဖြစ်သည်။ ကျွဲတွေက ခန္ဓာကိုယ်သိပ်ထွားသဖြင့် အလုပ်ဒဏ်ကို သိပ်မထုံ။ လယ်သမားတွေက ကျွဲ ကောက်လှိုင်းစားရင် တုတ်ကြီးနှင့် ရိုက်သတ်ကြသည်။
ဖေဖေနှင့် မေမေက ကျွဲဆိုလျှင် အသက်နှင့် ရင်းပြီး ချစ်ကြသူမဟုတ်လား။ ဖေဖေ့ရှေ့မှာ လယ်သမားတွေ ကျွဲကိုသတ်ရင် ဖေဖေက ပြစ်တင်ကြိမ်းမောင်းတတ်သည်။။ ဖေဖေ၊ မေမေက ကျွဲတွေကို သားသမီးအရင်းပမာ ဂရုတ်တစိုက် ပြုစုတတ်သည်။ ဖေဖေ၊ မေမေက ကျွဲတွေကို ကန်သင်းမြတ်ကောင်းတွေကို ကိုယ်တိုင်ရိတ်ပြီး ကျွေးထားကြတာ။ စားကျက်ကွင်းက မြက်တွေက ထူထပ်လိုက်တာ မိုးသောက်တို့ ကလေးတွေဆို ထိုးလို့မပေါက်ဘူး။ စပါးပင်တွေရဲ့ နောက်ခံက စားကျက်မြေရဲ့ ရှုမြင်ကွင်းသည် ကမ္ဘာကျော် ပန်းချီဆရာတစ်ယောက်အတွက် အကောင်းဆုံးသော လက်ရာကောင်းဖြစ်၏။
မိုးသောက်သည် တလင်းနယ်တာ ကြည့်လို့မောရင် တလင်းရာ ဘေးနားက ကောက်ရိုပုံကြီးဆီ မျက်စိ ရောက်သွားသည်။ ကောက်ရိုးပုံ ကြီးတွေက တောင်တွေလို မောက်နေကြသည်။ မိုးသောက်တို့သည် သူငယ်ချင်းတွေနဲ့ ကောက်ရိုးပုံကြီးတွေပေါ် ခုန်ပေါက်ဆော့ကစားကြသည်မှာ ပျော်စရာကမ္ဘာဟု ထင်မှတ်ရ၏။ ဖေဖေ၊ မေမေတို့က လယ်ကွင်းထဲက စပါးတောနှင့် အခုတလင်း နယ်စပြုနေကြသည့် စပါးတွေကို စေ့စေ့ကြည့်နေကြတာ ပျော်လို့ မဆုံးတပြုံးပြုံး၊ ရွှေဝါရောင်စပါးစေ့တို့က အသီးအောင်ပြီး သွားဖြင့် ကိုက်ကြည့်လိုက်ရင် “ဖောက်ခနဲ” အသံမြည်သွားသည်။
မိုးသောက်တို့က ကောက်ရိုး ပုံကြီး၌ ဆော့ကစားပြီးရင် ချောင်းထဲ ကို ဒိုင်ဗင်ထိုးပြီး ဆင်းကြသည်ပင်။ ချောင်းရိုးတစ်လျှောက် ကြိုးကြာ၊ ရေဘဲ၊ ဗျိုင်း၊ ဘုတ်၊ ဘုတ်ငှက်စသည့် ဆောင်းခိုငှက်တို့နှင့် တွေ့ရင် မိုးသောက်တို့ သူငယ်ချင်းတွေက ကမ်းစပ်သို့ အပြေးအလွှားတက်ပြေးကြရ၏။ ကြိုးကြာငှက်တွေဆိုရင် လူတစ်ရပ်စာရှည်ပြီး နှုတ်သီးတွေက ချွန်ပြီး ကြောက်စရာ။ မိုးသောက်နှင့် သူငယ်ချင်းတွေက ဆောင်းခို ငှက်တို့ကို ခဲနှင့်ပစ်ရင် တောထဲသို့ ပျံဝဲ ထွက်ပြေးကြ၏။
စပါးရိတ်သိမ်းပြီးချိန် ပူပြင်းသည့် နွေခေါင်ခေါင်ဆို မိုးသောက်တို့သည် သူငယ်ချင်းများနှင့် ရွာဦးမြစ်ကမ်းဘေးရှိ တောအုပ်ရှိရာသို့ ချီတက်ကြသည်။ တောထဲ၌ ငှက်ထောင်ရန် လှောင်အိမ်ကလေးကို နှီးဖြင့် ရက်လုပ်ကြပြီ။ တခြားသူတွေဆိုရင် ငှက်ထောာင်ခြင်းကို ကြိုးကွင်းကို အသုံးချပြီး ဖမ်းကြသည်ပင်။ ငှက်ထောင်ရင် တောစပ် အပြင်ဘက်ရေစပ်နား မြေပျော့ သင်းသင်းရသည့်နေရာမှာ ငှက်ထောင်သားတို့အတွက် အကောင်းဆုံးသော နေရာဖြစ်၏။ ထိုကဲ့သို့သော နေရာမျိုးတွင် ငှက်တွေက အစာရှာဖွေ ထွက်ကြသည်မဟုတ်လား။
မိုးသောက်တို့ သူငယ်ချင်းတွေက ရောင်နီပျိုးချိန် မိုးလင်းသည်နှင့် တောထဲသို့ ရောက်နေကြပြီ။ ငှက်ထောင်ထားသည့် နေရာများကို ကြည့်ကြ၏။ ငှက်လှောင်အိမ်နှင့် ကြိုးကွင်းတို့၌ သားကောင်ဖြစ်နေကြသည့် ငှက်တို့က တွဲလွဲကြီး အခန့်သား။ မိုးသောက်တို့ ကလေးတွေဆိုရင် ငှက်တွေ ထောင်ချောက်ထဲမှာ မိရင် သိပ်ပျော်ကြသည်။ ငှက်တစ်ကောင်က အိမ်မှာ မွေးထားတဲ့ ကြက်တစ်ကောင်နှင့် ညီမျှ၏။ မိုးသောက်တို့က တောထဲမှ ငှက်တွေရလာရင် ထမင်းစုပေါင်းပြီး ချက်စားကြ၏။ သူငယ်ချင်းတွေနှင့် စုပေါင်းပြီး လဝန်းထိန်ထိန်အောက်၌ ထမင်းစားရသည်မှာ သိပ်ပျော်စရာ ကောင်းသည့် ဘယ်တော့မှ မမေ့နိုင်တဲ့ နေ့ညများဖြစ်ခဲ့ရသည်ပင်။
မိုးသောက်သည် ဇာတိ မွေးရပ်မြေသို့ရောက်တိုင်း ရွာဦးမြစ်ကမ်းဘေးရှိ တောစပ်ရှိရာများသို့ မဖိတ်ခေါ်ဘဲ ရောက်လေ့ရှိသည်။ မိုးသောက်သည် ငယ်ငယ်ကအကြောင်းတွေကို တွေးမိတိုင်း မျက်ရည်ဆို့နင့်ရ၏။ မိုးသောက်ခင်တွယ်ရတဲ့ အရာများက ခြေမွပျက်စီးကြလေပြီ။ မိုးသောက် သိပ်ချစ်ရတဲ့ တောအုပ်တွေ၊ တောထဲမှာ ငှက်မျိုးစုံရဲ့ သာယာငြိမ့်ညောင်းဖွယ်ရာ မြူးတူးသံ၊ တသွင်သွင်စီးဆင်းနေသည့် မြစ်ချောင်း၊ အင်းအိုင်စသည်တို့ကို တွေးမိတိုင်း အိပ်မက်တစ်ခုပမာ အတိတ်ကို မြင်ယောင်မိသည်။
နွေခေါင်ခေါင် မိုးကြိုးပစ်သံများကို ကြားမိတိုင်း လယ်ကွင်းရှိ ဘေးဘီဝဲယာကို ကြည့်လိုက်ရင် သိပ်တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသည်။ လူတွေရဲ့ အလွဲသုံးစား အခွင့်ကောင်းယူမှူတွေကြောင့် မဆုံးရှုံးသင့်သည့် အရာများ ဆုံးပါးသွားခဲ့လေပြီ။ စီးတဲ့ရေစီးခွင့်မရသလို စိမ်းလန်းမှုကင်းတဲ့ တောတောင်၊ သဘာဝရေမြေ ပျောက်ဆုံးမှုကြောင့် လေပြည် လေညင်းတို့ကလည်း အေးခွင့်မသာ။ ယခင်က စိမ်းလန်းဝဖြိုးနေသော လယ်ယာမြေတို့သည်လည်း ခေတ်ပေါ်ဓာတ်မြေဩဇာတို့စားပြီး အသက်ရှုနေကြရသည်။ ငုတ်တိုတို၊ ပြားချပ်ချပ် စားကျက်မြက်ခင်းပြင်၌ နံပိန်၊ ဖင်ပိန် ကျွဲနွား တိရစ္ဆာန်များ ဖြစ်နေသည်မှာ သနားစရာကောင်းလှသည်။ လယ်သမားတို့ ဘဝမှာလည်း ရခိုင်စကားပုံထဲက “ တလင်းလည်းမွဲ ပုပ်လည်းဆွဲ” ဆိုသလို မွဲပြာကျ​အောင် မွဲကြရ၏။
ယခုအချိန်တွင် နိုင်ငံတကာ ကမ္ဘာရပ်ဝန်းဒေသမှ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အတင်းအကျပ် ပြုလုပ်လာကြသည်မှာ ကမ္ဘာကြီးပြန်လည် ကျန်းမာလာဖို့ အကောင်းဆုံး ကုသခြင်းတစ်မျိုးဟု ယူဆရပါမည်။ အခုလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို မိုးသောက်တို့ ငယ်ငယ်တုန်းကပင် ပြုလုပ်ခဲ့ပါလျှင် တောအစပ်၊ လယ်ထဲက ရနံ့များမှာလည်း ပိုမို သင်းပျံ့မွှေးကြိုင် နေဦးမှာသေချာသည်။
ငွေဇင်ယော်

About The Author

greenness_mm

No Comments

Leave a Reply