ထိန်းသိမ်းရန်လိုအပ်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်
ဂေဟစနစ်(Ecosystem)ဆိုသည်မှာ သက်ရှိစက်ဝန်းတစ်ခုဖြစ်ပေါ်လာစေရန် အပင်၊
တိရစ္ဆာန်နှင့် တခြားဇီဝရုပ်များအပြင် မိုးလေဝသနှင့် မြေမျက်နှာသွင်ပြင်တို့ပါ အတူတကွ ပူးပေါင်း
လုပ်ဆောင်နေကြသော ပထဝီဝင်ဒေသတစ်ခုကို ဆိုလိုပါသည်။ဂေဟစနစ်များတွင် biotic ဟုခေါ်
သော သက်ရှိများ အပြင် abiotic ဆိုသည့် သက်မဲ့အစိတ်အပိုင်းများလည်း ပါဝင်နေပါသည်။
သက်ရှိအပိုင်း(Biotic factors)တွင် အပင်၊တိရစ္ဆာန်နှင့် တခြားဇီဝရုပ်များ ပါဝင်ပါသည်။
သက်မဲ့အပိုင်း(Abiotic factors)တွင် ကျောက်တုံးများ၊အပူချိန်နှင့် စိုထိုင်းခြင်း စသည်တို့ ပါဝင်နေပါ
သည်။ဂေဟစနစ်အတွင်း ပါဝင်သော အပိုင်းများသည် တစ်ခုနှင့်တစ်ခု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်
၍ဖြစ်စေ အပြန်အလှန် မှီခိုနေကြပါသည်။ဥပမာ-ဂေဟစနစ်တစ်ခု၏ အပူချိန်ပြောင်းလဲမှုသည် ယင်းဒေသတွင် မည်သို့သောအပင်များ ပေါက်မည်ဆိုသည့် အချက်အပေါ် သက်ရောက်မှုရှိပါသည်။
ထိုအပင်များအပေါ် နေစရာ၊စားစရာအဖြစ် မှီခိုနေရသော တိရစ္ဆာန်များ အနေနှင့်လည်း ပြောင်းလဲမှု
အပေါ်မူတည်ပြီး ညှိယူ ပြောင်းလဲခြင်းမျိုး၊တခြားဂေဟစနစ်တစ်ခုဆီ ရွှေ့ပြောင်းသွားလာခြင်းမျိုး လုပ်ရမည်။ထိုသို့မဟုတ်လျှင် သေဆုံးသွားပါလိမ့်မည်။
ဂေဟစနစ်တစ်ခုသည် အကြီးကြီးလည်း ဖြစ်နိုင်သကဲ့သို့ သေးသေးလေးလည်း ဖြစ်နိုင်ပါ
သည်။ ဒီရေကျသွားချိန်တွင် သမုဒ္ဒရာကြီးမှ ချန်ထားခဲ့တတ်သော ဒီရေအိုင်များသည် လုံးဝပြည့်စုံ
သော ဂေဟစနစ်သေးသေးလေးများ ဖြစ်သည်။ဒီရေအိုင်များအတွင်းတွင် ရေညှိတစ်မျိုးဖြစ်သော ပင်လယ်ရေမှော်များ ရှိပါသည်။ထိုပင်လယ်ရေမှော်များသည် ဖိုတိုဆင်းသစစ်(Photosynthesis- အလင်းဖြင့် အစာဖွဲ့ခြင်း)နည်းနှင့် အစာကို ဖန်တီးကြပါသည်။ပင်လယ်ခရုကဲ့သို့ အပင်စားသတ္တဝါ
များသည် ပင်လယ်ရေမှော်ကို စားပါသည်။ကြယ်ငါးကဲ့သို့ အသားစားသတ္တဝါများသည် ဒီရေအိုင်
အတွင်းရှိ ဂုံး(ခုံး) သို့မဟုတ် ယောက်သွားကဲ့သို့ အခွံမာအကောင်များကို စားသုံးပါသည်။
ဒီရေအိုင်
များသည် ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှုအပေါ် မှီခိုနေပါသည်။ပင်လယ်ရေမှော်ကဲ့သို့ တချို့
ဇီဝရုပ်များသည် ဒီရေရှိနေပြီး ရေအိုင်ပြည့်နေချိန် ရေရှိရာပတ်ဝန်းကျင်မျိုးတွင် ဖြစ်ထွန်းကြပါ
သည်။ဝင်ကစွပ်ကဲ့သို့ တခြားဇီဝရုပ်များသည် ရေအောက်တွင် မနေနိုင်သည်မို့ ဒီရေနည်းနည်းသာ
ကျန်သောရေအိုင်တိမ်တိမ်များကို မှီခိုကြရသည်။ထိုနည်းအားဖြင့် ဂေဟစနစ်နှင့် သက်ရှိအပိုင်းများ
သည် သက်မဲ့အပိုင်းများအပေါ် မှီခိုနေကြရပါသည်။
ကမ္ဘာ့မြေမျက်နှာပြင်တစ်ခုလုံးသည် ဂေဟစနစ်များစွာကို တွဲဆက်ထားခြင်း ဖြစ်သည်။ဂေဟ
စနစ်များ ဆက်ပေါင်းလိုက်သောအခါ ၄င်းတို့ထက်ပိုကြီးသော ဇီဝထုများဆိုတာ ဖြစ်လာသည်။ဇီဝထု (biomes)ဆိုသည်မှာ ကြီးမားသော ကုန်းမြေ၊ပင်လယ် သို့မဟုတ် လေထုအစိတ်အပိုင်းများ ဖြစ်ပါ
သည်။ဥပမာ- သစ်တောများ၊ရေအိုင်များ၊ပင်လယ်ရေအောက် ကျောက်တန်းများနှင့်လွင်တီးခေါင်ပြင်
များအားလုံးသည် ဇီဝထုများပင် ဖြစ်သည်။ယင်းတို့ကို ယေဘုယျအားဖြင့် ၄င်းတို့အတွင်းတွင်
နေထိုင်တည်ရှိသော တိရစ္ဆာန်နှင့် အပင်အမျိုးအစားများအပေါ် အခြေခံပြီး စုစည်းထားပါသည်။
သစ်တောတစ်ခုစီ၊ရေအိုင်တစ်ခုစီ၊ ပင်လယ်အောက် ကျောက်တန်းတစ်ခုစီ သို့မဟုတ် လွင်တီးခေါင်
ပြင်၏အပိုင်း တစ်ခုစီတိုင်း၏အတွင်းတွင် မတူညီသော ဂေဟစနစ်အများကြီးကို တွေ့နိုင်ပါသည်။
ဂေဟစနစ်အမျိုးအစား(၂)မျိုး
ဂေဟစနစ် (Ecosystem) ဟူသည့် ဝေါဟာရကို ၁၉၃၅ ခုနှစ် တွင် အင်္ဂလိပ်လူမျိုး ရုက္ခဗေဒပညာရှင် Sir Arthur George Tansley က စတင်တီထွင် ခဲ့ခြင်းဖြစ်ပါသည်။ကမ္ဘာပေါ်ရှိ ဂေဟစနစ်ကို အဓိက
အားဖြင့် ကုန်းမြေဂေဟစနစ်နှင့် ရေနေဂေဟစနစ် ဟူ၍ အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်ပါသည်။
၁။ကုန်းမြေ ဂေဟစနစ်
ကုန်းမြေဂေဟစနစ်ဆိုသည်မှာ မြေယာအခြေပြု ဂေဟစနစ်များ ဖြစ်သည်။ ကုန်းမြေ ဂေဟစနစ်တွင် မြေမျက်နှာ သွင်ပြင်ပေါ်မူတည်ပြီး ကုန်းမြေဂေဟစနစ် အမျိုးမျိုးရှိပြီး သစ်တောဂေဟစနစ်၊ မြက်ခင်းပြင် ဂေဟစနစ်၊ စိမ့်မြေလွင်ပြင်ဂေဟစနစ်နှင့် သဲကန္တာရ ဂေဟစနစ်တို့ပါဝင်ပါသည်။
သစ်တောဂေဟစနစ်(Forest Ecosystem)တွင် မျိုးစုံသော အပင်များ၊ တိရစ္ဆာန်များနှင့် သေးငယ်
သော ဇီဝသက်ရှိများသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်မှုကို သစ်တော
ဂေဟစနစ်ဟု ခေါ်သည်။ သစ်တောဂေဟစနစ်တွင် အမြဲစိမ်းတော၊ အင်တိုင်းတော၊ ထင်းရှူးတော၊ ဆားနယ်မြေတော၊ ဂဝံကျောက်တော၊ ယာယီသွေ့ခြောက်တော၊ အထက်ရွက်ပြတ်ရော တောခြောက်၊ ဒီရေတော စသည်တို့ပါဝင်ပါသည်။
မြက်ခင်းပြင် ဂေဟစနစ် (Grassland Ecosystem)တွင် အပင်များသည် အများအားဖြင့် မြက်ခင်း
များနှင့် ဟင်းသီးဟင်းရွက်များဖြစ်ပြီး ကမ္ဘာ့မျက်နှာပြင်ဧရိယာ၏ ၂၀ ရာခိုင်နှုန်းမှာ မြက်ခင်းပြင်
ဂေဟစနစ်များ ဖြစ်သည်။
စိမ့်မြေလွင်ပြင်ဂေဟစနစ် (Tundra Ecosystem) များသည် သစ်ပင်များမရှိသဖြင့် အေးသော ရာသီဥတု သို့မဟုတ် မိုးရွာသွန်းမှုနည်းပါးသောနေရာတွင် တွေ့ရပြီး တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံး
လွှမ်းနေတတ်သည်။ အာတိတ်ရေခဲပြင်ဒေသ သို့မဟုတ် တောင်ထိပ် ရှိ ဂေဟစနစ်သည် စိမ့်မြေလွင်
ပြင် ဂေဟစနစ်အမျိုးအစားဖြစ်ပါသည်။
သဲကန္တာရ ဂေဟစနစ် (Desert Ecosystem) များသည် မိုးရွာသွန်းမှုအလွန်နည်းသော ဒေသများ ဖြစ်သည်။ အကြီးမားဆုံး သဲကန္တာရဂေဟစနစ်များကို အန္တာတိက၊ မြောက်အာဖရိက၊ အာတိတ်
ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တွေ့နိုင်သည်။ ဆာဟာရ သဲကန္တာရ၊ ဂိုဘီ သဲကန္တာရများ
သည် သဲကန္တာရဂေဟစနစ်တွင်ပါဝင်သည်။ သဲကန္တာရများ တွင် သာမန်ရာသီဥတုအခြေအနေ၌ အပူချိန် ၂၀ ဒီဂရီဆဲလ်စီးရပ်မှ ၂၅ ဒီဂရီဆဲလ်စီးရပ် အထိ ရှိပြီး ပြင်းထန်သော ရာသီဥတုတွင် အနုတ် ၁၈ ဒီဂရီ ဆဲလ်စီး ရပ်မှ ၄၉ ဒီဂရီ ဆဲလ် စီးရပ် အထိ ရှိကြသည်။
၂။ရေနေ ဂေဟစနစ်
ရေနေ ဂေဟစနစ်များသည် ရေထဲတွင် သက်ရှိသက်မဲ့များ စုစည်းတည်ရှိနေသော ဂေဟစနစ်များ ဖြစ်သည်။ ယင်းဂေဟစနစ်တွင် ရေချိုဂေဟစနစ်နှင့် အဏ္ဏဝါဂေဟစနစ် အမျိုးအစားနှစ်ခုပါဝင်
သည်။
ရေချိုဂေဟစနစ် (Freshwater Ecosystem) သည် ဆားပါဝင်မှုမရှိသော အိုင်များ၊ ရေကန်များ၊ မြစ်များ၊ စမ်းချောင်းများနှင့် စိုစွတ်သောမြေများပါ၀င်ပါသည်။ ရေချိုဂေဟစနစ် အတွင်း ကမ္ဘာပေါ်ရှိ ငါးမျိုးစိတ်များ၏ ၄၁ ရာခိုင်နှုန်းခန့် ရှင်သန်ပေါက်ပွားလျက်ရှိသည်။
အဏ္ဏဝါဂေဟစနစ် (Marine Ecosystem)တွင် ပင်လယ်နှင့်သမုဒ္ဒရာများ ပါဝင်ပါသည်။ ၎င်းတို့တွင် ရေချိုဂေဟစနစ်နှင့် နှိုင်းယှဉ်လျှင် ပိုမိုသိသာထင်ရှားသော ဆားပါဝင်မှုများနှင့် ပိုမိုကောင်းမွန်သော ဇီဝမျိုးစုံမျိုးကွဲများရှိတတ်သည်။ ယင်းဂေဟစနစ်တွင်ပါဝင်သည့် ပင်လယ်သမုဒ္ဒရာရေပြင်သည် ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းခန့်ဖုံးလွှမ်းနေပြီး ကမ္ဘာ့ ရေအရင်းအမြစ်၏ ၉၇ ရာခိုင်နှုန်းခန့်
ရှိသည်။
အချုပ်အားဖြင့် ဆိုရသော်-
ထိုသို့ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများအပါအဝင် သဘာဝပတ်ဝန်းကျင်၏ အကျိုးပြုမှု
တန်ဖိုးများကိုသိရှိပြီး ယနေ့ရင်ဆိုင်နေကြရသော ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်
ယိုယွင်းပျက်စီးမှုဆိုင်ရာ ဘေးဒုက္ခများကို ဖြေရှင်းနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ
စနစ်များကို မဖြစ်မနေထိန်းသိမ်းရန် လိုအပ်လျက်ရှိပါကြောင်း လေ့လာရေးသားအပ်ပါသည်။
မသန်းလှ(ပညာရေး)
မှီငြမ်း-ဂေဟစနစ်ဆိုတာ (သီဟစည်သူ)
No Comments