နှင်းနဲ့ထွေးတဲ့ နောင်ချိုဆောင်း

နှင်းနဲ့ထွေးတဲ့ နောင်ချိုဆောင်း

ထုံကျင်အေးစက်နေသော ခြေထောက်များကို ကြိုးစားမယူ လျှောက်လှမ်းရင်းက walking shoe စီးမလာမိတာ မှားပြီဟု တွေးလိုက်မိသည်။ ထင်းရူးပင်များ ဝဲယာခြံရံထားသော လမ်းကလေးအတိုင်း လမ်းလျှောက်နေရာက ကျောင်းဝန်းအတွင်း တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်နေသော ဆရာလေးသုံးပါးကို မြူနှင်းဖွေးဖွေးအောက်တွင် တွေ့ရသည်။ ဆရာလေးတွေက ဆောင်းနှင့် အသားကျနေပုံရသည်။ သူတို့ကိုကြည့်ရသည်မှာ ထွေထူးပြီး အအေးဒဏ်ကို ခံစားရသည့်ပုံမပေါ်။ ကျွန်တော့်မှာသာ ကိုယ့်ကိုယ်ကို ထိန်းမရအောင် တုန်ခါနေသည်။ ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုဆောင်းကို တစ်ကြိမ်တစ်ခါမျှပင် မကြုံဖူးသော ကျွန်တော့်အတွက် ရှမ်းပြည်ဆောင်းဆိုတာ ဒီလိုမျိုးပါလားဟုတွေးလိုက်မိရင်း ဘာမှ ကောင်းကောင်းမမြင်ရသော တောရကျောင်းဝန်းထဲ ဖွေးဖွေးလှုပ် ပြိုဆင်းနေသော နှင်းဖတ်မျှင်မျှင်လေးများကြားတွင် လိုက်လံစူးစမ်းနေမိသည်။ တောရိုင်းပန်းဖြူဖြူလေးများသည် နှင်းဖွေးဖွေးအောက်တွင် ပျောက်နေသည်။ ရှမ်းတောင်တန်း၏ သင်္ကေတ နေကြာရိုင်းဝါဝါများကိုလည်း ကောင်းကောင်းမမြင်ရ။ စေတီခြေတော်ရင်းတွင် ဖိနပ်ကိုချွတ်ကာ စေတီရင်ပြင်ပေါ်သို့ ခြေထောက်ချလိုက်တော့ တင်းမာအေးခဲနေသော ကွန်ကရစ်သားများကြောင့် ခန္ဓာကိုယ်က ဆတ်ခနဲတုန်သွားပြန်သည်။ စေတီရင်ပြင်တော်ထက်မှ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြင်ကွင်းအားလုံးသည် တစ်သွေးတစ်ရောင်တည်း မှိုင်မှုန်းဖွေးဆွတ်နေသည်။ မြင်နေကျ မလှမ်းမကမ်းက ဂုတ်တွင်းတောင်ရိုးကိုပင် မမြင်ရ။ ကျွန်းပင်တန်း၊ ထင်ရူးတန်း၊ ယူကလစ်ပင်တန်း အားလုံးသည် မှုန်မှိုင်းဖွေးဆွတ်လျက်။

မနေ့မနက်ကလည်း ဒီနေရာလေးကို ရောက်ခဲ့သေးသည်။ ပတ်ဝန်းကျင်ကို ငေးလို့တွေးလို့မဝသေးခင် တူတော်မောင်ဟိန်းထက်အောင်က “အကို ဘယ်ရောက်နေတာလဲ။ ဒီမှာ ကန်တော့ပွဲစတော့မယ် ပြန်လာတော့လေဟု ဖုန်းဆက်တာကြောင့် ပြန်သွားခဲ့ရသည်။ ပြန်ရောက်သွားတော့ လူတော်တော်စုံနေပြီ။ အမဖြစ်သူက ကန်တော့ပွဲမစခင် အဝတ်အစားလဲရန် ပြောသည်။ ကျွန်တော်က အဝတ်အစားမလဲ။ လူမှာအဝတ် တောင်းမှာအကွပ်ဆိုသော်လည်း အဝတ်အစား ဘယ်လိုကောင်းတာဝတ်ဝတ် ချမ်းအေးလှသော နောင်ချိုဆောင်းတွင် အနွေးထည်ကိုသာ အားပြုဝတ်ရသည်။ ထို့ကြောင့် အဝတ်အစားမလဲတော့။ မကြာခင် ကန်တော့ပွဲအစီအစဉ်စသည်။ သတို့သားလောင်း မောင်လင်းထက်အောင်နှင့် သတို့သမီးလောင်း မမေသင်္ကြန်အောင်တို့က အနန္တောအနန္တ ငါးပါးနှင့်တကွ နှစ်ဖက်သောမိဘများ၊ အဘိုးအဘြားမ်ား၊ ဦးကြီးဦးလေး ဒေါ်ကြီးဒေါ်လေးများကို ကန်တော့သည့်ပွဲဖြစ်သည်။ သတို့သားလောင်း၊ သတို့သမီးလောင်းတို့သည် မင်္ဂလာပွဲအခမ်းအနား မကျင်းပမီ ထို့သို့ ကန်တော့ခြင်းပြုလုပ်ရသည်မှာ ဒေသရိုးရာဓလေ့ဟု ဆိုသည်။ ထိုအခမ်းအနားကို အသက် ၉၀ ကျော် အဘိုးအိုတစ်ဦးက ဦးဆောင်ကျင်းပပေးသည်။ အဘိုးအိုသည် ထူထဲသောအနွေးထည်ကြီးနှင့် သိုးမွှေးခေါင်းစွပ်ကို ဝတ်ဆင်ထားသည်။ သူ၏အာခံတွင်းမှ စကားပြောလိုက်တိုင်း ထွက်လာသောအခိုးအငွေ့များက ရှေ့တွင်ရှိသော သပြေခက် နှင်းဆီးပန်းများဆီ ပြေးသွားနေသည်မှာ တစ်မျိုးပင်ကြည့်၍ကောင်းနေသည်။ အဘိုးအိုသည် သတို့သား၊ သတို့သမီးတို့ကို အနန္တောအနန္တငါးပါးကို ကန်တော့ခိုင်းပြီးနောက် နှစ်ဖက်ဆွေမျိုးများကို ကန်တော့ခိုင်းသည်။ ကန်တော့ခံလူကြီးသူမများသည် ချမ်းအေးလှသောကြောင့် လက်ဖဝါးချင်း အဆက်မပြတ်ပွတ်ရင်း ဆုတောင်းပေးကြသည်။ အားလုံး အနွေးထည် ထူထူကြီးများဝတ်ထားသော်လည်း ဆောင်းကပေးသော အအေးဒဏ်ကို ဆတ်ဆတ်တုန်အောင် ခံစားနေကြရသည်။ အဘိုးအိုက လက်ထပ်လက်စွပ်စွပ်၍ ထိမ်းမြားခြင်း၊ ဦးခေါင်း ရေစင်သွန်းဖြန်း၍ ထိမ်းမြားခြင်း၊ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်းစသော ထိမ်းမြားခြင်းများကို အစီအစဉ်အတိုင်းပြုလုပ်နေသည်။ ကျွန်တော့်စိတ်ကတော့ အပြင်တွင် နောက်ကျလွန်းမှရောက်လာသော နေရောင်အောက်သို့ပြေးကာ နေပူစာလေးလှုံရ သိပ်ကောင်းမှာပဲဟု တွေးနေမိသည်။ အခမ်းအနားပြီးတော့ နောင်ချိုစျေးထဲ လမ်းလျှောက်သွားသည်။ ငြိမ်ငြိမ်လေးထိုင်၍ အအေးဒဏ်ကို ရင်ဆိုင်သည်ထက် လမ်းလျှောက်ရင်း နေပူစာလှုံရင်း အအေးဒဏ်ကို ရင်ဆိုင်ရသည်ကို ပိုအဆင်ပြေသည် မဟုတ္လား။ မင်္ဂလာအခမ်းအနားပွဲကတော့ စည်ကားသိုက်မြိုက်စွာဖြင့် အဝေးတွင် ကျန်ရစ်ခဲ့သည်။

ဒီနေ့တော့ တောရကျောင်းဝန်းထဲတွင် နေရောင်လာအောင်စောင့်မည်ဟု ဆုံးဖြတ်ထားသည်။ မျှော်လေသူ မောရအောင်လုပ်လေသလား မသိ။ နေရောင်သည် တော်တော်နှင့်ပေါ်မလာ။ မြူနှင်းများကသာ ပိုမိုအုံ့ဆိုင်းလာသည်။ အအေးဓာတ်ကလည်း ပိုမိုလွန်ကဲလာသည်။ တောရကျောင်းမှ စေတီတော်ကလည်း မြူဖွေးဖွေးအောက်တွင် ဝေဝါးလို့နေသည်။ ၈ နာရီထိုးသည်အထိ နေရောင်မသာ နှင်းမြူများသာ ပိုမိုထူထပ်လာသည်။ နှင်းရည်နှင်းဖတ်တို့ ကျွန်းရွက်များပေါ် ကြွေကျနေသော တဖောက်ဖောက်အသံများက ပိုမိုကျယ်လာသည်။ ဦးခေါင်းကို ပွတ်သတ်ချလိုက်တော့ ဆံပင်များတွင် သီးခိုနေသော နှင်းရည်ကလေးများ လမ်းပေါ်ပြုတ်ကျကုန်သည်။ နေရောင်လာဖို့မလွယ်တော့ဟူသော အတွေးဖြင့် နေထိုင်နားခိုရာအိမ်သို့ ပြန်လာခဲ့သည်။ အိမ်ရှင်ကိုမောင်စန်းက အစားအသောက် အပြောင်းအလဲဖြစ်အောင် လက်ဖက်ရည်ဆိုင်သွားရအောင်ဟု ခေါ်သည်။ လက်ဖက်ရည်ဆိုင်သွားသော လမ်းတစ်လျှောက်လုံး မြူတွေဝေဆင်းနေသည်မှာ လမ်းဘေးဝဲယာက အဆောက်အဦးများ၊ ကြော်ငြာဆိုင်းဘုတ်များ၊ သစ်ပင်များ အားလုံးသည် ဖွေးဖွေးဆွတ် မှုန်မှိုင်းနေသည်။ လက်ဖက်ရည်ဆိုင်ရောက်တော့ အလာပသလ္လာပပြောရင်းက နောင်ချိုဆောင်းနှင့် အညာဆောင်းကို နှိုင်းယှဉ်နေမိသည်။ အဆိုတော်ခင်ဝမ်း၏ ပြည်မှာဆောင်း သီချင်းကိုလည်း သတိရမိသည်။ မိတ်ဆွေတစ်ဦးက အညာဆောင်းနဲ့ ရှမ်းပြည်ဆောင်း ဘာကွာသလဲဟုမေးတော့ အညာဆောင်းက အရိုးထဲကို အပ်ဖြင့်ထိုးဆွသလိုအေးပြီး ရှမ်းပြည်ဆောင်းက အသားအရေကို ဓားဖြင့်မွှန်းသလိုအေးသည်ဟု ဖြေလိုက်မိသည်။ နောင်ချိုဆောင်း၏အောက်တွင် ဂေါရခါးလူမျိုးတို့၏ လက်ဖက်ခြောက်နံ့သင်းနေသော လက်ဖက်ရည်နွေးနွေးလေး သောက်ရခြင်းကလည်း အရသာတစ်မျိုးရှိသည်။ လက်ဖက်ရည်တစ်ခွက်ကို ၈၀၀ ပေးရသည့်အတွက်တော့ အိမ်ရှင် ကိုမောင်စန်းကို စိတ်ထဲက အားနာနေမိသည်။

ထုံးစံအတိုင်း ဆယ်နာရီဝန်းကျင်ခန့်မှာ မြူရောနှင်းပါ ကွဲသွားပြီး နေရောင်သာလာသည်။ မီးဖိုဘေးမှာသာ အချိန်ပြည့်ကပ်နေကြသော ကျွန်တော့်အမတွေကတော့ ရောက်မှတော့ မထူးတော့ဘူးဟုဆိုကာ တိမ်ပင်လယ်သွားမည်၊ ဂုတ်ထိပ်သွားမည်၊ ဂုတ်တွင်းသွားမည်စသဖြင့် ပြောဆိုနေကြသည်။ ကျွန်တော်က အခန်းထဲပြန်ဝင်ကာ စောင်ခြုံကွေးနေလိုက်သည်။ ညက မီးလင်းဖိုဘေးတွင် ဆန်အရက်သောက်ရင်း ကြားခဲ့ရသော ကိုလိုနီအစိုးရကို တော်လှန်ခဲ့သော လယ်သမားကြီး ဂဠုန်ဆရာစံအကြောင်း။ ယနေ့ခေတ်အင်ဂျင်နီယာများပင် လက္ဖ်ားခါရလောက်သော တောင်နှစ်လုံးကြားက ဖြတ်ဖောက်ထားသော အကွေ့အကောက် အတက်အဆင်း ၂၀ ကျော်ရှိသည့် ဂုတ်တွင်းလမ်းများအကြောင်း။ တောင်နှစ်လုံးကို ဆက်သွယ်ထားသည့် ကမ္ဘာကျော် ဂုတ်ထိပ်တံတားအကြောင်း၊ Facebook ခေတ်တွင် နာမည်ကြီးလာသည့် တိမ်ပင်လယ်အကြောင်း၊ ဒုဋ္ဌဝတီမြစ်အတွင်း စီးဝင်နေသော ရေပျံကြီးရေတံခွန်အကြောင်း၊ ထိုသို့ နောင်ချိုမြို့၏ အနီးတစ်ဝိုက်မှ အကြောင်းပေါင်းစုံကို စောင်ခြုံကာ တွေးတောနေမိသည်။ “နောင်ဆိုတာက အင်း၊ ချိုဆိုတာက စိမ်းတာကိုပြောတာ၊ အစိမ်းရောင်ပေါ့။ အဲဒီတော့ နောင်ချိုဆိုတာ ဗမာလို အင်းစိမ်း၊ အစိမ်းရောင်အင်းနဲ့ မြို့ပေါ့ဆိုသည့် ဒေသခံတစ်ဦး၏စကားကိုလည်း ပြန်ကြားယောင်မိသည်။

စောင်ထဲဝင်ကွေးပြီး တောင်တွေးမြောက်တွေး တွေးလို့မှမဝသေးခင် တူမတစ်ယောက်က လာခေါ်သည်။ ကျောက်မဲ သွားမလို့ဟု ဆိုသည်။ စောင်အောက်က ရုန်းထပြီး အပြင်ထွက်လာတော့ အမငယ်က အနွေးထည်ထပ်ဝတ်ရန် ပြောသည်။ ကျွန်တော်က ဒီလောက်ဆိုရပါပြီ နေ့လယ်ခင်းလည်း ရောက်တော့မှာပဲဆိုတာကို မရ။ ဂုတ်တွင်းကိုဖြတ်ရင် အရမ်းအေးလိမ့်မည်ဟု ဆိုသည်။ ကျောက်မဲသားဖြစ်တဲ့ ဦးတိုးကလည်း ဒီနေ့ရာသီဥတုကြမ်းတာကြောင့် အနွေးထည် ထူထူထဲထဲဝတ်ခဲ့ရန် ပြောသည်။ သူတို့ပြောသည့်အတိုင်းပင် လမ်းတွင် ကွဲသွားသော နှင်းမြူတွေက ပြန်ရောက်လာပြန်သည်။ ဂုတ်တွင်းလမ်းပိုင်းမှ ရှမ်းရိုးမတောင်တန်းကြီးကို လှမ်းငေးတော့ စိမ်းညို့နေသော တောင်တန်များကို မမြင်ရဘဲ ဖွေးဖွေးလှုပ်နေသော နှင်းမှုန်မြူခိုးများကိုသာ မြင်ရသည်။ “တိမ်ပင်လယ်ကို သွားမနေတော့နဲ့။ ဘယ်နေရာရောက်ရောက် တိမ်ပင်လယ်ချည်းပဲဟု တစ်ယောက်က ပြောသည်။ ဂုတ်တွင်းကျော်သွားတော့လည်း ထွက်လာသော နေရောင်သည် ဘယ်အရာကိုကြောက်၍ ပြန်လည်ပုန်းကွယ်သွားသည် မသိ။ လမ်းဘေးဝဲယာ ဖွေးဖွေးလှုပ်နေသော မြင်ကွင်းများကိုသာ မြင်ရသည်။ ကျောက်မဲဝင်ခါနီးမှ နေရောင်ကို ပြန်ရကြတော့သည်။ ကျောက်မဲ-ပြင်ဦးလွင်-မန္တလေး-မိတ္ထီလာ ခရီးသည်တင်ကားတစ်စီး၏ နောက်ပိုင်းဘော်ဒီတွင် ရေးထားသောစာလေးကို အမွတ္တမဲ့ ဖတ်လိုက်မိသည်။ “တောင်ပေါ်သား အချမ်းအအေးဒဏ်ခံနိုင်တယ် အလွမ်းအဆွေးဒဏ်တော့ မခံနိုင်ပါတဲ့။ ကျွန်တော် ရန်ကုန်အခြေစိုက်ကဗျာဆရာကတော့ အချမ်းအအေးဒဏ်ကို မခံနိုင်သလို အလွမ်းအဆွေးဒဏ်ကိုလည်း မခံနိုင်ပါဟု နွေးထွေးသောနှလုံးသားဖြင့် တိတ်တိတ်လေး ရေရွတ်လိုက်မိသည်။

ခိုင်သွေးကို
၅.၁.၂၀၂၂ Daily Eleven တွင်ဖော်ပြခဲ့သော စာမူဖြစ်ပါသည်။

About The Author

greenness_mm

No Comments

Leave a Reply