နှလုံးသားအဖော်နဲ့ အပြုံးမြို့တော်ဆီသို့

နှလုံးသားအဖော်နဲ့ အပြုံးမြို့တော်ဆီသို့

ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ နိုင်ငံခြားသား အများစု ငယ်ရွယ်တဲ့အချိန်မှာ ပညာပြည့်စုံအောင် ဆည်းပူးတယ်။ အလုပ်လုပ်ရမယ့် အရွယ် ရောက်လာရင်လည်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အလုပ်ကို ပရော်ဖက်ရှင်နယ်ပီပီ သေချာတာဝန်ကျေအောင် ကြိုးစားလုပ်ဆောင်တတ်တယ်လို့ ဖတ်ခဲ့ဖူးတယ်။ မြန်မာအခေါ် တတိယ အရွယ်ပေါ့၊ အလုပ်က အနားယူတဲ့ အချိန်၊ သူတို့ စိတ်နဲ့ အလျဉ်းသင့်သလို သက်သောင့်သက်သာ နေနိုင်အောင် စီမံထားတတ်တယ်။ ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် ဖိအားတွေကို လုံးဝလွှတ်ချထားပြီး အနားယူလေ့ ရှိတာကိုး။ အနောက်နိုင်ငံသား အများစုရဲ့ ရဝ ရာခိုင်နှုန်းဟာ ခရီးသွားပြီး အတွေ့အကြုံသစ်တွေဖွေရှာရတာ စိတ်အဝင်အစားဆုံးလို့ မှတ်သားခဲ့ဖူးတယ်။ သူတို့တစ်တွေဟာ ရည်မှန်းထားသလိုမျိုး ခရီးသွားနိုင်အောင်လည်း ကျန်းမာရေးကို အထူးဂရုစိုက်လေ့ရှိတယ်။ ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်ပြောဖူးတယ်၊ ဘဝမှာ အတွေးအမြင်သစ်တွေရချင်ရင် စာအုပ်စာပေဖတ်ပါ၊ ပြီးရင် နိုင်သလောက် ခရီးသွားပေးပါတဲ့။

ကျွန်တော်တို့ မြန်မာလူမျိုးအများစုရဲ့ အတွေးအမြင်က သူတို့နဲ့ နည်းနည်းတော့ ခြားနေမယ်ထင်တယ်။ ဟိုအရင်းကဆို သေတစ်ပန်သက်ဆုံး ကိုယ့်အိမ်က တစ်ဖဝါးမှ မခွာပဲ နေသွားကြတဲ့လူတွေ အများကြီး ရှိခဲ့ဖူးတယ်။ ကိုယ့်ဒေသ ချစ်စိတ်၊ ကိုယ့်အိမ် ကိုယ့်ရွာ ကိုယ့်နယ်ကို ခင်တွယ်စိတ်နဲ့ ဘယ်ကိုမှ ခရီးမသွားဖူးတဲ့ တောင်သူဦးကြီး တချို့ကိုလည်း ကျွန်တော် တွေ့ခဲ့ဖူးတယ်။ ဒီကနေ့ ဒီအချိန်မှာတော့ လုံးဝကြီးမဟုတ်တောင် ခြားနားသွားခဲ့ပါပြီ။ မြန်မာလူမျိုး ၅၀ ရာခိုင်နှုန်းက အခွင့်အရေးရရင် ရသလို ခရီးသွားအပန်းဖြေတာမျိုးတွေ လုပ်လာကြပြီလို့ ကြေးမုံသတင်းစာမှာ ဖတ်လိုက်ရတယ်။ အတွေးအမြင် ဗဟုသုတ များတာမများတာ နောက်ထား စိတ်ကို လွတ်လပ်ပေါ့ပါးစေပြီး တစ်နှစ်စာ အားရှိသွားစေတယ်လို့ ယူဆလာကြပါတယ်။ မြန်မာလုပ်ငန်းရှင် တချို့တောင် အလုပ်သမားတွေကို စိတ်အပန်းပြေစေဖို့ ခရီး စီစဉ်ပေးနေတာတွေ ရှိလာခဲ့တယ်။

ကျွန်တော်အဖို့တော့ တစ်မူခြားနားစွာ ကံကောင်းစေခဲ့တယ်လို့ ဆိုရမှာပဲ။ ကျွန်တော် အလုပ်လုပ်တဲ့ ကုမ္ပဏီက တစ်လမှာ အနည်းဆုံး တစ်ပတ်စာခရီး (သို့မဟုတ်) နှစ်ပတ်စာ ခရီးသွားဖို့ ညွှန်ကြားထားလို့ပါ။ မာကတ်တင်းသမား တစ်ယောက် စျေးကွက်ထဲမှာ ရှိနေစေဖို့ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ “ဟင်းရွက်ခူးရင်း မှိုရသလို” “လမ်းလျှောက်ရင်း ပန်းကောက်နိုင်တဲ့ အခွင့်အရေး” အပိုဆုအနေနဲ့ အဆစ်ရခဲ့တာပါ။ ပတ်ဝန်းကျင်အကြောင်း စိတ်ဝင်စားတဲ့ ကျွန်တော်အတွက်တော့ အလုပ်တာဝန်လည်းကျေ၊ စိတ်ကိုလည်း အာဟာရဖြစ်စေခဲ့လို့ နှစ်သီးစားပေါ့လေ။

ကျွန်တော်တာဝန်ကျခဲ့တာ ကလေးမြို့ပါ။ ကလေးကနေ ဟုမ္မလင်းမြို့အထိ စျေးကွက်အခြေအနေလေ့လာဖို့နဲ့ မာကတ်တင်းလုပ်ဖို့ ခရီးတစ်ခု သွားဖြစ်ခဲ့တယ်။ အရောင်းဝန်ထမ်းတွေနဲ့ ကျွန်တော်ကိုယ်တိုင် သူတို့နဲ့ တစ်သားတည်းဖြစ်အောင် အရောင်းကားနဲ့ အတူတူ ခရီးဆက်ခဲ့ပါတယ်။ ဘေးကထိုင်လိုက်နေရင်း လူက ကားပေါ်မှာ ရှိနေပေမဲ့ စိတ်အစဉ်က အတိတ်ဆီ ပြေးလွှားသွားခဲ့တော့တာကိုး။ ဟိုးအရင် လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်က မုံရွာကနေ မင်းကင်း- ဟုမ္မလင်း- နောင်ပိုအောင်- နမ့်တော – ဟောင်ပါး-တာမခံအထိ အမြန်ယာဉ်နဲ့ ချင်းတွင်းမြစ်ကတစ်ဆင့် ဥရုချောင်းကို ဆန်တက်ပြီး ခရီးသွားခဲ့ဖူးပါတယ်။ လေးညအိပ်၊ ငါးရက်ခရီးမို့ အတွေအကြုံ ဗဟုသုတ အတော်အသင့် ရခဲ့ပါတယ်။ အစားအသောက်က အမြန်ယာဉ်စက်လှေပေါ်မှာ စက်လှေသမား ချက်ကျွေးတာစား၊ သူတို့ ကပ်တဲ့နေရာမှာ ညအိပ်ရုံသာပါ။ ချင်းတွင်းမြစ်ထဲက လတ်လတ်ဆက််ဆက် ငါးဟင်းစားရတာ ဒီခရီးစဉ်ရဲ့ အသက်ပဲ။ ချင်းတွင်းမြစ်ဘေး ဆန်တက်ရင်း စိမ့်ကြီး၊ မြိုင်ကြီး အရိပ်ကြီးတွေက သိပ်ကြီး မနက်ဖူးဆိုပေမဲ့ တောရိပ်တောင်ရိပ်တွေကို တဝကြီး ခံစားခဲ့ရပါတယ်။ တချို့ ချင်းတွင်းမြစ်ပြင်က တစ်မိုင်နီးပါးရှိတတ်သလို၊ တချို့နေရာမှာဆို ပေနစ်ရာလောက်သာ မြစ်အကျယ်ရှိတတ်တယ်။ မြစ်ရေစီးကြမ်းပြီး မြစ်ကမ်းဝဲယာမှာ ချုံနွယ်ပိတ်ပေါင်းတွေ ယှက်နွယ်နေလိုက်တာများ တကယ့် ကမ္ဘာတစ်ခု ရောက်သွားသလို ခံစားခဲ့ရတာပါ။

မှတ်မိသေးတယ် ချင်းတွင်းမြစ်ကမ်း ဘေး ဖြတ်သွားရင်း မျောက်မိသားစု ဆော့ နေတာပါ။ လက်ထဲမှာလည်း ရေသဖန်းသီးတွေ ဆွတ်နေတယ်။ ကျွန်တော်တို့ အမြန်ယာဉ်ဖြတ်လာတေ မျောက်တစ်ကောင်က လက်ထဲကအသီးနဲ့ လှမ်းပစ်လိုက်တာ အပြင်ထွက်ရပ်နေတဲ့ ကျွန်တော် အမြန်ရှောင်လိုက်ရသေးတယ်။ အမြန်ယာဉ်ပေါ်က စက်လှေသမားတစ်ယောက်က ပြောပြတယ်။ “ဟုတ်တယ်ဗျ။ ကျွန်တော်ဆို တစ်ခါ ခဲနဲ့အထုခံရတာ ကျောကို မှန်ဖူးတယ်။ မြစ်ကမ်းပါးကျဉ်းတဲ့နေရာရောက်ရင် အဲဒီ လက်ဆော့တဲ့ မျောက်လောင်းတွေ သတိထားနေရတယ်ဗျ” အဲဒီအချိန်က လှည်းဘီးလောက် ပျားအုံကြီးတွေ လေးငါးဆယ်ခု အပင်အမြင့်ကြီးတွေပေါ်မှာ တွေ့ခဲ့ဖူးတယ်။ လူတစ်ဖက်စာ သစ်ပင်တွေကတော့ လက်ညှိုးထိုးမလွှဲပါပဲ။ ဒါက အရင် နှစ်နှစ်ဆယ်လောက်က ဟုမ္မလင်းကို ချင်းတွင်းမြစ်ကနေ ဖြတ်သွားရင်း တွေ့ခဲ့ရတဲ့ အခြေအနေပါ။ အရင်က ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို သွားဖို့ဆို ရေလမ်းခရီးတစ်ခုသာ အားကိုးစရာရှိခဲ့တဲ့ အနေအထား။ ကားလမ်းဆိုတာ ရှိတယ်ဆိုရုံလောက်သာ။ သွားမရတဲ့ အခြေအနေက တစ်နှစ်မှာ ဆယ့်နှစ်လလောက် ဖြစ်နေတာ။

လက်ရှိ ဟုမ္မလင်းမြို့ကို သွားမယ်ဆိုရင် လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း အဆင်ပြေသလိုနေ့ည မရွေးသွားလို့ ရနေပါပြီ။ အခု ကျွန်တော် သွားတာ ကုန်းလမ်းခရီးဆိုတော့ အတွေးအမြင် ပိုစုံသွားတာပေါ့။ ကလေးကနေ-ဟုမ္မလင်းကို သွားဖို့ရာ လမ်းကြောင်းပြောမယ်ဆိုရင် သုံးမျိုးလောက် ရွေးလို့ရတယ်။ ပထမတစ်ကြောင်းက ကလေးကနေ- ကလေးဝမြို့ကိုသွား တံတားကူး၊ အောင်ချမ်းသာ သက်ကယ်ကျင်းလမ်းကနေ ဖောင်းပြင်- နတ်နန်း- နောင်ပိုအောင်-ဟုမ္မလင်းအထိ ခရီးက မိုင် ၂၆ဝ နီးပါးရှိတယ်။ ဒုတိယ လမ်းကြောင်းအနေနဲ့ ကလေးကနေ- ကလေးဝ- မော်လိုက်-တွန်းပင်ရွာ ဇက်ဆိပ်ကနေကူးပြီး ဖောင်းပြင်လမ်းပေါ်မှာဆုံတယ်။ ဒီလမ်းက မိုင်လိုဆို မိုင် ၂၂၀ ကျော် ရှိတယ်။ သူက ခရီးတိုတယ်၊ ဒါပေမဲ့ ချင်းတွင်းမြစ်ကို ဇက်နဲ့ ကူးမှ အဆင်ပြေတာပါ။ ဒီးလမ်းက မိုးတွင်းဆို အဆင်မပြေဘူးလို့ သိရတယ်။ မိုးတွင်းမှာ သင်္ဘောကပ်ဖို့ ကမ်းပါး ဇောက်နက်လို့ အခက်အခဲရှိတယ်တဲ့။ နောက် တတိယလမ်းကတော့ ကလေး-တမူး-အောင်ဇေယျကနေ တောင်ကိုဖြတ်ပြီး ချင်းတွင်းတံတားဆီ တန်းရောက်တယ်။ ချင်းတွင်းတံတားကနေ ဟုမ္မလင်းမြို့ကိုသွားရတဲ့ ကက်သာလမ်းပါ။ ခရီးမိုင်လိုဆို အတိုဆုံး မိုင် ၁၅ဝ ။ ဒီလမ်းကြောင်းထဲမှာရှိတဲ့ တောင်ပေါ်ခရီး မိုင် ၃ဝ ကျော်က လမ်းဆိုးပြီး မိုးတွင်းဆို ဒုက္ခရောက်တတ်သလို၊ လမ်းမှာ လူပြတ်တယ်။ အခန့်မသင့်ရင် အိန္ဒိယနယ်စပ် ကသည်းသူပုန်တွေရဲ့ ရန်ကို ထည့်တွက်ရသေးတယ်လို့ နယ်မြေခံတွေ ပြောပြလို့ သိခဲ့ရပါတယ်။ အခု ကျွန်တော်ကတော့ ပထမလမ်းကို ရွေးချယ်သွားဖြစ်ခဲ့ပါတယ်။

ဟိုးအရင် အခြေအနေနဲ့စာရင် လမ်းပန်းဆက်သွယ်ရေး သိပ်ကိုကောင်းသွားပြီ။ ချွင်းချက်အနေနဲ့ ပွင့်လင်းရာသီတော့ သွားဖို့ တိုက်တွန်းချင်တယ်။ မိုးတွင်းသွားမိရင်တော့ အခန့်မသင့်လို့ လမ်းမှာ အိမ်ထောင်ကျသွားရင်လည်း အံံ့သြမယ့်သူ မရှိဘူးထင်တယ်။ လမ်းကြောင်းပြောမယ်ဆိုရင် ကလေးကနေ ကလေးဝအထိ ၂၄ မိုင်က ကတ္တရာလမ်းဆိုပေမဲ့ တရားသဘောကို လက်လွတ်လို့ မရတဲ့ လမ်းဆိုရင် ပိုမှန်မယ်။ မြန်မြန်ရောက်ချင်တဲ့လောဘကိုထိမ်း၊ တံတားရောက်ရင် အတင်းခေါင်းထိုးပြီး နေရာဦးတဲ့ စကတ် (skat) ကားသမားတို့၊ ကျောက်မီးသွေးအပြည့်နဲ့ ဆယ့်နှစ်ဘီးကားသမားတို့နဲ့ အတ္တချင်း မပြိုင်လေနဲ့။ သတိလေးကပ်လို့ ပြောချင်တယ်။ ကလေးဝကနေ ချင်းတွင်းတံတားကိုဖြတ်ပြီးရင် မဟာမြိုင်တောကို ဖြတ်ရတော့မယ်။ အဲဒီမဟာမြိုင်တောထဲမှာ အချိန်မရွေး လမ်းပိတ်နိုင်တယ်ဆိုတာ မမေ့ဖို့ အရေးကြီးတယ်။ ဖြစ်နိုင်မယ်ဆိုရင် မုန့်ခြောက်ဝယ်ထား၊ ရေသန့်အပြည့်အစုံဝယ်လာခဲ့ပါ။ အဆင်မပြေရင် လမ်းမှာ တစ်ရေးတစ်မောကနေ တစ်ညနှစ်ည ဖြစ်သွားတတ်တယ်။ လမ်းကောင်းသလား မေးတာလား။ တရားသဘောကို လက်ကိုင်ထားရင် ဘယ်သူကိုမှ အပြစ်မြင်မှာ မဟုတ်တော့ဘူး။ မြန်မာပြည်မှာ အဆိုးဆုံးလမ်းတွေထဲကတစ်ခုလို့ မှတ်ထားရင် မင်းနေရထိုင်ရ သွားရလာရ အဆင်ပြေပြီ။ တစ်ခါတစ်ရံ ကွန်ကရစ်ခင်းထားတဲ့လမ်မျိုး တွေ့နေရပြီဆိုရင် အဲဒါ ရွာတစ်ရွာအနီး ရောက်နေပြီလို့ သတ်မှတ်လိုက်ပါ။ ဒါဆို စားရေးသောက်ရေး အဆင်ပြေပြီ။ ထမင်းဟင်း ကြေးမများလေနဲ့။ ထမင်းနဲ့ ကြက်ဥကြော် စားနေရရင် နတ်သုဒ္ဒါစားနေရတယ်လို့ မှတ်လို့ရတယ်။ ဒါက ပွင့်လင်းရာသီ ခရီးသွားတာကို ပြောတာနော်၊ မိုးတွင်းများသွားလို့ရတော့ လူပြည်ကို နေချင်စိတ်ကုန်သွားလိမ့်မယ် သိလား။

အခု ကျွန်တော်ခရီးသွားတဲ့အချိန် ရာသီလိုဆို ဆောင်းနှောင်းကုန်ခါနီး၊ ဖေဖော်ဝါရီ လကုန်တစ်ဝိုက်မို့ အေးတဲ့ဘက်နဲ့ ပူတဲ့ဘက် အချင်းချင်း အားပြိုင်နေသလိုလိုပါ။ “အုံ့မှိုင်းငယ်မှစွတ်စို၊ တိမ်မိုးဆွတ်ခြွေ၊ ဆီးနှင်းကဝေသနှင့် မြောက်လေကဖျန်း၊ မိုးသားငယ်ဆန်းသည်၊ တောင်ကမ်းငယ် ညိုပါလိမ့်လေ” ဆိုတဲ့ စာဆိုတော် ဦးယာရဲ့ ဆောင်းဖွဲ့အဲချင်းတစ်ပုဒ်ကို မှတ်မိနေသေးတယ်။

ဆက်ပြောရမယ်ဆိုရင် မဟာမြိုင်တောကိုဖြတ်နေတဲ့အချိန် လမ်းဘေးဝဲယာ သစ်ပင်လူတစ်ဖက်စာကြီးတွေ တွေ့ရလိမ့်မယ်။ လမ်းဘေးဝဲယာ ပေ ၂ဝဝ လောက်မှာ အဲဒီလို သစ်ပင်ကြီးကြီးဖြောင့်ဖြောင့် ကြီးတွေ တွေ့နေရမှာပါ။ တောအတွင်းပိုင်း ဝင်လိုက်ရင်တော့ တွေ့ရမယ့်တောက ကျန်းမာရေးမကောင်းတဲ့ အသက်ခုနှစ်ဆယ်ကျော် အဖိုးအိုခေါင်းလို ဖြစ်နေလိမ့်မယ်လို့ ဒေသခံတွေပြောစကားအရ သိခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် လမ်းဘေးက သစ်မာပင် အကြီးတွေက သိပ်သရုပ်ဆောင်ကောင်းနေလေတော့ တောအတွင်းပိုင်းက ဘာမှမရှိတော့တဲ့ သစ်ပင်တွေအတွက် အကာအကွယ် ပေးနေသလိုပဲ။ ဟိုးအရင်နှစ်နှစ်ဆယ်ကျော် ရေလမ်းတုန်းက အမြန်ယာဉ်ပေါ်က တွေ့ခဲ့တဲ့ မျောက်သားအမိတွေရဲ့ မျိုးဆက်တွေ နေဖို့ သစ်ပင်တွေရှိမှရှိပါတော့မလားလို့ တွေးမိသေးတယ်။ အဲဒီမျောက်တွေက လူလောက်နီးပါး အသိဉာဏ်ရှိနေလေတော့ သစ်တောတွေ ခုတ်တဲ့အချိန် ဒီအကောင်တွေ ခွဲတမ်းများ ရနေမလား မသိဘူး။ တွေးကြည့်မိတာပါ။

သတင်းစာထဲမှာ သစ်လုပ်ငန်းတွေ ရပ်နားထားတယ်လို့ ဖတ်မိလိုက်ကတည်းက ကျွန်တော် ပထမ တော်တော်လေး ဝမ်းသာကြည်နူးခဲ့ရတယ်။ ဒုတိယ စိတ်လိုလက်ရ ပျော်တဲ့အရသာ ခံစားခဲ့ဖူးတယ်။ တတိယ ဖြစ်မိတဲ့ စိတ်ခံစားမှုက သဘာဝပတ်ဝန်းကျင်အပေါ်ထားတဲ့ လူသားတွေရဲ့ လျှစ်လျူရှုမှုကို နည်းနည်း စိုးရိမ်စိတ်ဝင်ခဲ့မိတယ်။ အဲဒီသတင်းစာထဲမှာပါတဲ့ သစ်တောတွေ မခုတ်တော့ဘူးဆိုတဲ့ ကိစ္စကို တာဝန်ရှိလူသားအားလုံး လိုက်နာပါ့မလားဆိုပြီးတော့။ ကျွန်တော် မော်လိုက်ကနေ ၇ မိုင်သွားတော့ တွန်းပင် ဇာတ်ဆိပ်ရောက်တယ်။ တစ်ဖက်ကမ်းကူးပေးတဲ့နေရာပါ။ ကူးတို့ဆိပ်မှာ သစ်တုန်းတွေပုံထားတာ တောထဲမှာ သစ်ပင်တွေ ရှိပါ့ဦးမလားတောင် တွေးမိသေးတယ်။ ထားပါတော့ ဒါက တကယ့်နိုင်ငံတော်အတွက် ဝင်ငွေတစ်ခုဆိုတော့ ချက်ချင်းကြီး ရပ်လိုက်ဖို့က မလွယ်လောက်ဘူးထင်တယ်။ နောက်တစ်နေရာ ဖောင်းပြင်မြို့အနီး တွန်းပင်ကူးတို့ဆိပ်နားက သစ်ပုံတွေထက် နှစ်ဆလောက်များတာ ထပ်တွေ့ခဲ့ရတယ်။ ကျွန်တော်မြင်လိုက်ရတဲ့ မြင်ကွင်းတွေဟာ တတိယ ဖြစ်မိတဲ့စိတ်ကို ပိုပြီးအားကောင်းစေခဲ့တယ်။

အောင်ချမ်းသာ လမ်းခွဲကနေ ဖောင်းပြင်အထိက ၁၃၂ မိုင်ရှိတယ်။ အဝင်ဝ လမ်းကလေးမှာ ကွန်ကရစ် လတ်လတ်ဆတ်ဆတ် ခင်းနေတာ တွေ့ရတော့ ဝမ်းသာသွားတယ်။ ဒီလို လမ်းမျိုးသွားရလို့ကတော့ ဘယ်လောက်ဝေးဝေးလို့ စိတ်ထဲက တွက်နေတုန်း ကားဘီးက ဒေါက်ခနဲဲ့ အောက်ပြုတ်ကျတော့မှ ကွန်ကရစ်လမ်းဆုံးသွားပြီဆိုတာ သိလိုက်ရတယ်။ ကွန်ကရစ်လမ်းဆုံးတော့ ဘာအရေးလဲ။ အမြဲတမ်းလည်း ဒီလို သွားနေကျဖြစ်နေတာပါကွာလို့ ကိုယ့်ဘာသာ အားပေးရင်းနဲ့ပါ။ လမ်းဘေးမှာ ခရမ်းရောင်တောပန်းလေးတွေက သစ်ပင်ထိပ်ဖြားမှာ သိပ်ကို လှပလွန်းနေတယ်။ တစ်ခုပဲ ဖုန်လမ်းဆိုတော့ ခရမ်းရောင်တောပန်းလေးတွေက ညိုညစ်ညစ်အရောင်ဘက်ကို မဆိုစလောက် ပိုရောက်နေတယ်။

ခရမ်းရောင်တောပန်းက လမ်းအခြေအနေပေါ်မှာ ကြည့်ပြီး အရောင်ပြောင်းသွားပါလားလို့ မဆီမဆိုင် တွေးလိုက်သေးတယ်။ ဖောင်းပြင်ရောက်ခါနီး သစ်မာပင်ကြီးကြီး တစ်ပင်စ နှစ်ပင်စတွေ့ရတယ်။ ဘယ်လောက် လုံးပတ်ကြီးသလဲဆိုရင် လူကြီးနှစ်ယောက် လက်ချင်းချိပ်ပြီးပတ်မှ လုံးပတ်ကို ဆက်မိမယ်ထင်တယ်။ ဒီလို အပင်မျိုးက တစ်မိုင်နှစ်မိုင်လောက်မှ တစ်ပင်စ နှစ်ပင်စ တွေ့ရတယ်။ တွန်းပင်ဇာတ်ဆိပ်၊ ဖောင်းပြင်အထွက် သစ်တုန်းတွေပုံထားတဲ့ အမျိုးတူ သစ်ပင်တွေက မှာခဲ့လေသလား မသိဘူး။ ဒီတောထဲမှာ ငါတို့လို အပင်ကြီးတွေ ရှိခဲ့ဖူးတယ်ဆိုတာ မင်းက သက်သေပြရင်း ကျန်ရစ်ခဲ့ပါလို့ ဆိုပြီးတော့။ ဖောင်းပြင်မြို့အဝင်မှာ ဆိုင်းဘုတ် မတွေ့ရသေးပေမဲ့ ကျွန်ကရစ်လမ်းအသစ်တွေ့လိုက်ရတော့ သေချာပြီ ဒါရွာ မဟုတ်ရင် မြို့ဖြစ်ရမယ်ဆိုတာ။ ထင်တဲ့အတိုင်းပဲ ဖောင်းပြင်မြို့မှ လိုက်လှဲုစွားကြိုဆိုပါ၏တဲ့။ ကျွန်တော် အလုပ်က ဖောင်းပြင်မြို့မှာ တစ်ညနားခဲ့တယ်။ ဖောင်းပြင်မြို့မှာ နှစ်တိုင်း ရေကြီးတဲ့ဒဏ်ကို ခံရတယ်။ အဆိုးဆုံးက ၂၀၁၅ တုန်းက ကြီးခဲ့တဲ့ ရေကြောင့် နယ်ခံတွေ တော်တော်လေး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိခဲ့ရပါတယ်။

နောက်နေ့ မနက်လင်းတော့ ဖောင်းပြင်မြို့ကနေ ခရီးဆက်ဖြစ်ခဲ့တယ်။ မိုင် ၃၀ လောက် ခရီးပေါက်တော့ နတ်နန်းဆိုတဲ့ ရွာကြီးရောက်တယ်။ နတ်နန်းပင်မရွာက တောင်ကုန်းအမြင်လေးပေါ်မှာပါ။ ရွာကနေ နှစ်မိုင်လောက် သွားမှ အင်မတန်စည်ကားတဲ့ နတ်နန်းစျေးဆိုင်တန်းဘက် ရောက်ပါတယ်။ ဒေသခံတွေ ပြောစကား အရ ရွှေမှော်လုပ်ကွက်တွေ အနီးမှာ တည်ထားရင်း ရွာအသစ်လို ဖြစ်နေတဲ့ အကြောင်း သိခွင့်ရခဲ့တယ်။ ရွှေမှော်အတွက် လိုအပ်တဲ့ စက်အပိုပစ္စည်းအစုံ ဆိုင်ကြီးတွေရှိသလို၊ ရွှေမှော်လုပ်သားတွေအတွက် ယမကာမျိုးစုံမှီဝဲရာ ဘီယာဆိုင်တွေပါ တွေ့ခဲ့ရတယ်။ နတ်နန်းရွာကနေ ဆက်သွားလို့ မိုင် ၂ဝ လောက်ဆိုရင် နောင်ပို်အောင်ရွာ ရောက်ပါပြီ။ နောင်ပိုအောင်ရွာက ဥရုချောင်းဖျား၊ ဟုမ္မလင်းမြို့အနီးနား ချင်းတွင်းကနေ ဥရုချောင်းအတိုင်း ဆန်တက်ရတဲ့ ရွာတစ်ခုပါ။ အရောင်းအဝယ်ကောာင်းတဲ့ နောင်ပိုအောင်ရွာမှာ တိုက်အိမ်အများစုနဲ့ သစ်သားအိမ်ကောင်းကောင်းတွေချည်းပါ။ စီးပွားရေးအတန်အသင့်ကောင်းပုံရပါတယ်။ ဆိုင်တိုင်းမှာ ရွှေဝယ်တဲ့ ချိန်ခွင်လေးတွေ တွေ့နေရခြင်းဟာ အနီးအနားတစ်ဝိုက် ရွှေလုပ်ကွက် ဘယ်လောက်များတယ်ဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး။ နောင်ပိုအောင် အနီးအနား ဥရုချောင်းဖျားမှာ စက်သံ ဆူဆူညံညံနဲ့ ရွှေကျင်နေတဲ့ လုပ်ကွက် အများစုကိုလည်း တွေ့ခဲ့ရပါတယ်။ သယံဇာတ ကျိန်စာဆိုတဲ့ စကားတစ်ခုကို မဆိမဆိုင် တွေးမိလိုက်သေးတယ်။

နောင်ပိုအောင်ရွာကနေ ကားလမ်းအတိုင်း ဟုမ္မလင်းဘက်သွားတဲ့အခါ ဥရုတံတား (သံမဏိကြိုးတံတား) ပေါ်က ဖြတ်သွားရပါတယ်။ နောင်ပိုအောင်နဲ့ ဟုမ္မလင်းကြားမှာ တောင်ကုန်းအတက်နား ခဏနားပြီး ကျန်းမာရေး အပေါ့အပါး သွားဖို့ ကားရပ်လိုက်တဲ့အချိန် မျောက်ကလေးတစ်ကောင် လမ်းမြန်မြန်ကူးသွားတာ တွေ့လိုက်ရတယ်။ မျက်လုံးလေး ကလယ်ကလယ်နဲ့ ကြောက်လန့်တကြား ပြေးသွားတာ ဘာကြောင့်လဲ စဉ်းစားမိတယ်။ ဟိုးအရင် ရေလမ်းတုန်းက လူကိုတောင် ဒုက္ခပေးတဲ့ မျောက်မျိုးဆက်တွေက အခု လူတွေမြင်ရင် ဘာလို့ ကြောက်နေတာလဲ တွေးမရေတော့ပါဘူး။ ၁၈ မိုင်လောက် ဆက်သွားရင် ဟုမ္မလင်းမြို့ကို ရောက်မှာပါ။ ဟုမ္မလင်းရောက်ခါနီးတော့ ကွန်ကရစ်လမ်း အသစ်ကို စပြီးမြည်းစမ်းခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ နောင်ပိုအောင်နဲ့ ဖောင်းပြင်ကြားမှာ ညနေစောင်း ညီအစ်ကို မသိတသိ အချိန်လောက်မှာ ဆိုင်ကယ်ဒိုအသံလိုမျိုးကြီး ချိန်းစောအသံကြီးကြားလိုက်ရတယ်။ ဟွန့်…ဟွန့်…ဟွန့် ဆိုတဲ့ ချိန်းစော အသံကြီးက ကျွန်တော်နားစည်ထဲကို ပါးရွတ်ဆိပ် နှစ်ကောင်လောက်ဝင်ပြီးမွှေနေသလိုကြီး မသက်မသာ ခံစားခဲ့ရတယ်။ နောက် တစ်မိနှစ်ကျော်လောက်ကြာတဲ့အချိန်မှာ အုန်းခနဲ့ အသံ တစ်ခု ကြားလိုက်ရတယ်။ သေချာတယ် ကျွန်တော် နှလုံးသား တစ်ခု ဖဲ့ခြွေခံလိုက်ရပြန်ပြီဆိုတာ။ ချိန်းစောဆိုတာ ဘယ်လောက် လုံးပတ်ကြီးတဲ့ သစ်ပင်ဖြစ်ပါစေ မိနှစ်နည်းနည်းလေးအတွင်းမှာ ဇိဝှိန် ကြွေသွားစေနိုင်တယ်ဆိုတာ အနီးအနားက သစ်ပင်တိုင်း သိနိုင်မယ်ထင်တာပါပဲ။ အဲဒီအသံကြီးက ဟုမ္မလင်းမြို့ အဝင်ဝအထိ နားထဲမှာ အဆက်မပြတ် ကြားနေရ သလိုကြီး ခံစားနေရတယ်။ ဟုမ္မလင်းမှာ ပြုံးရင်း ခရီးသွားနိုင်ဖို့အတွက် နှလုံးသားတွေမာနိုင်သမျှမာအောင် ပြင်ဆင်ထားဖို့တော့ လိုလိမ့်ဦးမယ်လို့ ကျွန်တော်ကိုယ့် ကျွန်တော် သတိပေးလိုက်မိတယ်။ မြို့နဲ့နီးလာတော့ ကွန်ကရစ်လမ်းက ငါးပိုင်းကွဲနေတာ ထူးထူးခြားခြား တွေ့ရတယ်။ အရင် ဘတ်ဂျတ်အခြေအနေအရ ကားဘီးနှစ်ဘက်စာသာ ခင်းထားပုံရတဲ့ ကွန်ကရစ် လမ်းကို ပြန်ပြီး ဘေးနှစ်ဘက်အပိုင်းရယ်၊ လမ်းလယ်အပိုင်းရယ် အားထပ်ဖြည့်ထားတာ ဖြစ်မယ်။

နောက်ထပ် ဆယ်မိနှစ်လောက် နေတော့ ဟုမ္မလင်းမြို့ကို ချောမောစွာ ရောက်ခဲ့ပါပြီ။ ဆက်မောင်းလာလိုက်တာ အရောင်းအဝယ် သိပ်ကိုစည်ကားတဲ့ ကမ်းနားလမ်းကို တွေ့ရပါတော့တယ်။ ရှမ်းလူမျိုး၊ ဗမာလူမျိုးအများစုနဲ့ အခြားတိုင်းရင်းသား နည်းနည်းပေါင်းစပ်ထားတဲ့ စီးပွားရေးအချက်အချာကျတဲ့ မြို့ကြီး တစ်မြို့အဖြစ် ဟုမ္မလင်းမြို့ကြီးကတော့ ခမ်းနားလျှက်ပါပဲ။ လမ်းဆုံဗိုလ်ချုပ် ကြေးရုပ်ကြီးကျော်သွားပြီး မြို့ထဲဘက်ကို ရောက်သွားတယ်ဆိုရင်ပဲ မောသမျှတွေမေ့၊ ပန်းသမျှတွေပြေ၊ မြို့သူမြို့သားတွေရဲ့ ခင်မင်နှစ်လိုဖွယ် အပြုံးတွေကြောင့် ဒီဒေသကို မကြာမကြာ ရောက်ဖြစ်ဦးတော့မယ်ထင်တယ်။ ရေမြေကြောင့်လားမသိဘူး ဒီမြို့ကလူတွေ အသားအရည်လှပြီး အပြုံးတွေက အသက်ဝင်လွန်းတယ်လို့ ပထမဆုံးအကြိမ် မှတ်ချက်ချလိုက်တယ်။ ကျွန်တော်တို့တွေ အပြစ်ကင်းတဲ့ အပြုံးတွေပိုင်ဆိုင်ဖို့အတွက် မြို့သူမြို့သားတွေဆီမှာ အပြုံး မွမ်းမံသင်တန်း တက်ဖို့ လိုလိမ့်မယ်လိို့ အတူပါလာတဲ့ အရောင်းညီလေးတွေကို ပြောဖြစ်တယ်။ ဒါမှသာ နောက်တစ်ကြိမ် ဟုမ္မလင်းကို ပြုံးရင်းသွားနိုင်မယ် မဟုတ်လား။ ဟုမ္မလင်းမြို့နယ်အတွင်းက တကယ့်စီးပွားရေး ရွှေလုပ်ကွက်တွေ၊ ဒေသခံတွေနဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မယ့်အကြောင်းကိုတော့ နောက်အဆင်သင့်ခဲ့ရင် ပြောခွင့်ရချင်ပါသေးတယ်။

စိုးသူ LPZ
20.2.2020

 

 

 

 

About The Author

greenness_mm

No Comments

Leave a Reply