ပင်လယ်ကြီးသာ စကားပြောတတ်မည်ဆိုလျှင်
(၁)
ရွှေလက်က မြစ်ဝကျွန်းပေါ်ဒေသမြစ်၊ချောင်းများကြားတွင် တည်ရှိသည့် ကျေးရွာကလေးတစ်ရွာ၌ မွေးဖွားခဲ့သော်လည်းပင်လယ်နှင့် အနေမနီးခဲ့ပေ။ လပွတ္တာမြို့နယ်အတွင်းရှိပင် လယ်နှင့်နီးသောကျေးရွာများတွင် ဆွေမျိုးများရှိသော်လည်းတစ်ခါမှ မရောက်ခဲ့ဖူးပေ။ ထိုဒေသမှ ဆွေမျိုးများရွှေလက်တို့ ရွာသို့ အလည်လာပြီးအပြန်တွင် ပင်လယ်ဘက်သို့ အလည်လိုက်ခဲ့ ရန် ခေါ်ကြပါသည်။ သို့သော် မိခင်ကြီး၏ စိုးရိမ်ပူပန်မှုကြောင့် ပင်လယ်သို့ လိုက်ခွင့်မသာခဲ့ချေ။ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ က တပ်မတော်(ရေ) ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက် ပြီးသတင်းယူရန်အတွက် ကိုကိုး ကျွန်းသို့ သွားရောက်ခဲ့ရသည်။ ထိုအခါမှ ရွှေလက်တစ်ယောက် ပထမဆုံးအကြိမ် ပင်လယ်ကို မြင်ခွင့်ရခဲ့သည်။ ကိုကိုးကျွန်းသို့ ရောက်ရန် ပင်လယ်ပြင်ကိုလေယာဉ်ဖြင့် ဖြတ်ခဲ့ရသည်။ ကိုကိုး ကျွန်းပေါ်တွင် ပင်လယ်လှိုင်းရိုက် သံများကိုနားဆင်ကာတစ်ညအိပ်ခဲ့ရသည်။ ကိုကိုးကျွန်းမှတစ် ဆင့် တပ်မတော်စစ်ရေယာဉ်များ ဖြင့် ပင်လယ်ကိုဖြတ်ကာစစ်ရေးလေ့ကျင့်မှုကိုဓာတ်ပုံရိုက် သတင်းယူခဲ့ရသည်။
ရွှေလက်သည် မီဒီယာအဖွဲ့ များနှင့်အတူနေကပူပူ၊ လေကတိုက်တိုက် ပူလောင်မှုများဖြင့် ပင်လယ်ပြင် တွင် တစ်နေကုန် နီးပါးနေထိုင်ခဲ့ရသည်။ မိုးနှင့် လေပြင်းများမရှိသောပင်လယ် ပြင်သည် ကြွကြွရွရွလေးသာယိမ်းနွဲ့နေသည်။ ပြာလွင်လွင် ကောင်းကင်တွင် တိမ်ဖြူလေးများဟိုတစ်စသည်တစ်စ ပြန့်ကျဲနေသည်။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီးတွင် ရေတပ် သင်္ဘောအုပ်စုကခပ်မှန်မှန် ခုတ် မောင်းနေသည်။ ထိုသို့ ခုတ် မောင်းနေပြီးနာရီအနည်းငယ် အကြာတွင် ဒုံးကျည်ပစ်လွှတ်သံများ၊ အမြောက်ပစ်သံများ၊ စက် သေနတ်ပစ်သံများဆူညံစွာထွက်ပေါ်လာသည်။ ပင်လယ်ပြင် တွင် ဒုံးကျည်များ၊ အမြောက် ကျည်များ၊ စက်သေနတ်ကျည် များကျရောက်ပေါက်ကွဲသည်ကို မြင်တွေ့ရသည်။ ငြိမ်သက်နေသောပင်လယ်ပြင်သည် ချက် ချင်းပင် စစ်မြေပြင်အသွင်သို့ ပြောင်းလဲသွားခဲ့သည်။ မီးခိုးများ ဖြင့် အကျည်းတန်သွားခဲ့ရသည်။ ထိုပစ်ခတ်မှုများကြောင့် ပင်လယ် ထဲတွင် နေထိုင်ကျက်စားကြသည့် ဇီဝမျိုးစုံမျိုးကွဲများမည်မျှသေကျေ ပျက်စီးခဲ့သနည်း။ ပင်လယ် ပြင်ကြီးသာစကားပြောတတ် လျှင် ဘာများပြောလေမလဲ။ ထိုအတွေးများသည် ရွှေလက်ခေါင်းထဲ ကြာကြာနေခွင့်မရခဲ့။ အဓိကတာဝန်ဖြစ်သည့် သတင်းအတွက် ဓာတ်ပုံများရိုက်၊ အင်တာဗျူးများလုပ်ရင်းအချိန်များကုန်မှန်းမသိကုန်ခဲ့ရသည်။ ထိုသို့ဖြင့် ရွှေလက် ၏ ပထမဆုံးအကြိမ် ပင်လယ်ပြင် နှင့် ထိတွေ့မှုသည် ကဗျာမဆန် ဘဲသတင်းဆန်ဆန် ပြီးဆုံးခဲ့ရသည်။
(၂)
ပြီးခဲ့သည့် မတ်လကုန်ခါနီးတွင် ပင်လယ်သို့ ဒုတိယအကြိမ် ရောက်ရှိရန် အကြောင်းဖန်လာခဲ့ သည်။ ယခုအကြိမ်ကသတင်းတာဝန်နှင့် သတင်းသမားတစ်ဦးအနေဖြင့် သွားရောက်ရခြင်းမဟုတ်။ ဖျာပုံခရိုင် အမာမြို့နယ် ခွဲရှိအောင်လှိုင်ကျေးရွာတွင် ပြု လုပ်သည့် ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟောပြောပွဲတွင် ကဗျာရွတ်ဖတ် ရန်အတွက် ကဗျာဆရာတစ်ဦးအနေဖြင့် လိုက်ပါခဲ့ရခြင်းဖြစ် သည်။ (ရွှေလက်ကသဘာဝပတ် ဝန်းကျင်နှင့် အခြားဆောင်းပါးများရေးသားခြင်း၊ သတင်းစာတစ်ခုတွင် အယ်ဒီတာလုပ်ခြင်း၊ ကဗျာရေးသားခြင်း၊ စာအုပ်ထုတ် ဝေခြင်းလုပ်ငန်းများကိုလုပ်ကိုင် နေသူဖြစ်ပါသည်။ ထို့ကြောင့် လူတစ်ဦးတည်း ဖြစ်သော်လည်းကလောင်အမည်များကိုတော့ ခွဲထားခဲ့ရသည်။ ယခုဒုတိယအကြိမ် ပင်လယ်သို့ ရောက်ရှိရာတွင်လည်းရွှေလက်အဖြစ် ရောက်ရှိခြင်းမဟုတ်၊ ကဗျာဆရာအနေဖြင့် ရောက်ရှိခြင်းဖြစ် သည်) ရွှေလက်တို့ စာပေအဖွဲ့ တွင် ကဗျာဆရာငါးဦး၊ စာရေးဆရာသုံးဦးနှင့် ဓာတ်ပုံဆရာတစ်ဦးပါဝင်သည်။
ရွှေလက်သည် ဖိတ်ကြားသူရှိလျှင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာဟောပြောပွဲများလိုက်လံဟောပြောသဖြင့် ကဗျာရွတ်ဖတ် ရန် တောင်းဆိုလာသည့် သူငယ် ချင်းကဗျာဆရာကအားနာနေဟန်တူသည်။ ထို့ကြောင့် ဟောပြောပွဲတွင် ကဗျာရွတ်သည့် အပြင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာလေးနည်းနည်းပွားရန် ပြောထားသည်။ သဘာဝပတ် ဝန်းကျင်ဆိုင်ရာဟောပြောရန် အတွက် မြန်မာအစိမ်းရောင် ကွန်ရက်တာဝန်ခံဒေါ်ဒေဝီသန့် စင်ကိုဖိတ်ကြားခဲ့သဖြင့် ရွှေ လက် ဘာမှပြောစရာမလိုအောင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာအတွက် ပြည့်စုံနေပြီဖြစ်သည်။ ပညာရေးဟောပြောမှုအတွက် 7Day Daily သတင်းစာတွင် ပင် တိုင်ဆောင်းပါးရေးသားနေသည့် စာရေးဆရာဗညားလှိုင်ဦးပါလာသည်။ ဟာသအသော့၊ အထေ့ နှင့် စာပေဆိုင်ရာများဟောပြောရန်အတွက် စာရေးဆရာအကြည်တော်တို့လည်းပါလာသဖြင့် စာပေဟောပြောပွဲကအတော်ပင် မြိုင်နေခဲ့ပြီဖြစ်သည်။ ထိုအခြေအနေမှာပင် ကဗျာဆရာငါးဦးကကဗျာရွတ်မည်၊ ကဗျာအော်ပရာဖြင့် ဖျော်ဖြေမည်ဆိုလာသဖြင့် ထိုစာပေဟောပြောပွဲသည် ရွှေလက်ကြုံဖူးသည့် ဟောပြောပွဲများအနက် အခမ်းနားဆုံးဟုပင် ဆိုလိုက်ချင်သည်။ ထို့ ကြောင့် ရွှေလက်အနေဖြင့် မည် သည့်နေရာမှ ပါဝင်ရသည်ဖြစ်စေကျရာနေရာမှ အကောင်းဆုံးအားဖြည့်ပေးရန် လိုက်ပါလာခဲ့ ခြင်းဖြစ်သည်။
(၃)
ရွှေလက်တို့အဖွဲ့ စာပေဟောပြောပွဲသွားရန်အတွက် ထိုနေ့ နံနက် ၆ နာရီခန့်တွင် လူစုသည်။ နံနက် ၇ နာရီခန့် လူစုံသည့်အခါ လှိုင်သာယာမြို့နယ်ရှိဆိုင်တစ်ဆိုင်တွင် နံနက်စာစားပြီးခရီးစဉ်ကိုစတင်လိုက်သည်။ နံနက် ၅ နာရီခန့်ကတည်းကအိပ်ရာထခဲ့ရသဖြင့် ရွှေလက် ခေါင်းထဲမကြည်လင်။ ကားကအန်စာတုံးကား။ လူကအပြည့်။ ကားဆရာကလည်းကားကိုညှာတာလွန်းသဖြင့် ဖျာပုံမြို့သို့ နံနက် ၁၀ နာရီခွဲမှရောက်သည်။ ဖျာပုံတွင် လက်ဖက်ရည်သောက် ခဏနားပြီးခရီးဆက်ခဲ့သည်။ ကျောက်ခင်းလမ်း ၁၅ မိုင်ကို ဖြတ်ကျော်ပြီးလျှင် ဟောပြောပွဲ ပြုလုပ်မည့် ရွာသို့ရောက်မည်ဟုကားပေါ်တွင်ပါလာသည့် ရွာခံတစ်ဦးကပြောသည်။ လမ်းကအနည်းငယ်ကြမ်းခြင်း၊ ကားဆရာကကားကိုငဲ့ညှာခြင်းများကြောင့် ၁၅ မိုင်ခရီးကို နှစ်နာရီကျော်သွားခဲ့ရသည်။
ဟော… ရောက်ပါပြီ။ ပင် လယ်သို့ ဒုတိယအကြိမ် ရောက် ပါပြီ။ ရွှေလက်တို့ တည်းခိုမည့် အိမ်သို့ ရောက်ရှိရန် ပင်လယ် ကမ်းခြေသောင်ပြင်တစ်လျှောက် ကားဖြင့် အချိန်အနည်းငယ်ကြာ ဖြတ်သန်းရသည်။ ပင်လယ်ကြီး က မည်မျှကျယ်သည် မသိ။ မျက် စိတစ်ဆုံး မြင်ကွင်းများကိုရေပြင် များကသာလွှမ်းမိုးထားသည်။ ကမ်းခြေနှင့် မနီးမဝေးတွင် ရပ် ထားသည့် ငါးဖမ်းလှေများကအဝတ်စများကိုအလံတော်တလူလူလွှင့်လို့ ယိမ်းကနေကြသည်။ ကမ်းခြေသို့ အဆက်မပြတ် ရိုက် ခတ်နေသည့် လှိုင်းလုံးများကသိမ်မွေ့ညင်သာလွန်းလှသည်။ ကမ်းခြေသဲသောင်ပြင်ပေါ်တွင် ဖြူဆွတ်ဆွတ် ခရုခွံကလေးများ ပြန့်ကျဲနေသည်။ ကမ်းခြေနေရာတစ်ခုတွင် ကားအပျက်များစွန့် ပစ်ထားသည်ကိုတွေ့ရသည်။ ထိုနေရာနှင့် မလှမ်းမကမ်းတွင် အမှိုက်ရောင်စုံတို့ ပြန့်ကျဲနေသည်။ ထိုမြင်ကွင်းကပင်လယ်၏ အလှကိုဖျက်ဆီးနေသည်ဟုရွှေလက်စိတ်ထဲခံစားမိသည်။ ပင်လယ်ကမ်းခြေသဲသောင်ပြင် တွင် ရွှေလက်တို့စီးလာသည့် ကားအပြင် ဆိုင်ကယ်များနှင့် ကားတစ်စီးစ၊ နှစ်စီးစလည်း ဖြတ် သန်းနေကြသည်။ မည်သို့ပင်ဆိုစေကာမူရာသီဥတုသာသာယာယာရှိသောကြောင့် ပင်လယ်ကဣန္ဒြေရလွန်းနေသည်ဟုရွှေ လက် ထင်မိပါသည်။
(၄)
‘‘ရွာကလူတွေကအမှိုက် တွေကိုစည်းကမ်းမဲ့ ပစ်ကြတယ်။ ပင်လယ်ကမ်းခြေမှာပစ်တယ်။ ချောင်းတွေထဲပစ်တယ်။ အဲဒီအမှိုက်တွေဟာပင်လယ်ထဲကိုအကြောင်းအမျိုးမျိုးနဲ့ ရောက် သွားတယ်။ ရွာသားတွေကငါးဖမ်းတော့ ပိုက်ထဲမှာငါးတွေနဲ့ အတူအမှိုက်တွေ ပါလာတယ်။ သူတို့ကငါးကိုပဲရွေးယူပြီးအမှိုက်ကိုပင်လယ်ကမ်းစပ်မှာပဲပုံထားလိုက်တယ်။ အဲဒီအမှိုက် တွေကပင်လယ်ရေနဲ့ ပင်လယ်ထဲ ပြန်ရောက်ရပြန်တယ်။ အခုပင် လယ်မှာအမှိုက်တွေဟာအရင် ကထက်များနေပြီ။ နောက်ပြီးအမှိုက်ပစ်လို့ ရွာမှာရှိတဲ့ ချောင်းလည်းကောသွားပြီ။ ချောင်းအလယ်မှာအိုင်ကြီးလိုဖြစ်ပြီးရေကဝပ်နေတယ်။ ရေစီးရေလာမရှိတော့ဘူး။ ဒါကြောင့် ခြင် ပေါက်ဖွားမှုနှုန်း မြင့်မားလာပြီးရွာမှာလည်း ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေ စတင်ဖြစ်ပွားလာတယ်’’
ဟောပြောပွဲစီစဉ်သူတစ်ဦး ဖြစ်သည့် ကိုသန်းထိုက်ဦး၏ ပြောစကားများကရွှေလက်နားထဲပေါ်လိုက်ပျောက်လိုက်။ သူ့ ပြောစကားများအရပင်လယ်တွင် အမှိုက်များများပြားလာပြီးငါးများရှားပါးလာခဲ့ပြီဖြစ်သည်။ ငါးများရှားပါးလာသည့်အပြင် ငါး မျိုးသုဉ်းမှုများနှင့်လည်းရင်ဆိုင် နေကြရသတဲ့။ ဆီမယောင်၊ ငါးရောင်ဝါ၊ ငါးကျောင်းသဘတ်၊ ကကူရံ၊ ကက်သမျှင်၊ ငါးကြားမ၊ ငါးခူ၊ သဲလူးပုစွန်၊ အရာတော် ပုစွန် စသည့် ငါး၊ ပုစွန်များရှားပါးမျိုးသုဉ်းလာပြီးငါးပလွေကိုလည်းအကောင်ငယ်များသာဖမ်းဆီးရမိတော့သတဲ့။ ပင်လယ် တွင် ငါး၊ ပုစွန် ရှားပါးလာမှု ကြောင့် ဒေသခံများ၏ စားဝတ် နေရေးခက်ခဲလာခဲ့ရသည်။ ထို့ အတွက် ပင်လယ်ပြင်နှင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်နိုင်ရန် ရည်ရွယ်ချက် ဖြင့် စာပေဟောပြောပွဲ ပြုလုပ်ပြီးဒေသခံများကိုအသိပညာပေးရခြင်းဖြစ်ကြောင်းကိုသန်းထိုက် ဦးကပြောသည်။
(၅)
ကိုသန်းထိုက်ဦး၏ ရင်ဖွင့် ပြောပြချက်များနှင့် ရွှေလက်၏ လေ့လာတွေ့ရှိချက်များအရပင်လယ်ပြင်တွင် ငါးများရှားပါးလာရခြင်းအကြောင်းရင်းကိုရှာဖွေကြည့်ချင်ပါသည်။ ပင်လယ် တွင် ငါးများတစ်စတစ်စလျော့ နည်းလာသည်မှာဆယ်စုနှစ် အနည်းငယ်ပင် ကြာခဲ့ပြီးပြီ။ နာဂစ်မုန်တိုင်းလွန် ကာလများတွင် ပိုမိုဆိုးရွားလာခဲ့သည်ဟုရွှေလက် ထင်မြင်မိပါသည်။ ကမ္ဘာ့ သတင်းစာမျက်နှာများတွင် ပင် လယ်ရေညစ်ညမ်းမှု၊ ပင်လယ် ရေ မြင့်တက်လာမှုနှင့် ငါး၊ ပုစွန် အပါအဝင် သယံဇာတများရှားပါးနေကြောင်းသတင်းများကိုလည်းမကြာခဏဖတ်ရှုရပါ သည်။ ပင်လယ်တွင် ငါး၊ ပုစွန် ရှားပါးလာမှုကိုအဖြေထုတ် ကြည့်လျှင် ပင်လယ်ရေညစ်ညမ်းလာခြင်း၊ ဒီရေတောများ ပြုန်းတီး ခြင်း၊ ငါး၊ ပုစွန်များကိုတရားဝင်၊ တရားမဝင် စည်းကမ်းမဲ့ ဖမ်းဆီး ခြင်းတို့ကြောင့်ဖြစ်သည်ဟုယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။
ထိုအရာများသည် လူတို့၏ ဝိသမလောဘတို့ကြောင့် ဖြစ် တည်လာခြင်းဖြစ်သည်။ ငွေ ကြေးချမ်းသာသောလူတစ်စုသည် ဘယ်သူသေသေငတေမာရင်ပြီးရောစိတ်ဓာတ်ဖြင့် ချမ်းသာကြွယ်ဝရေးကိုသာလောဘတကြီးဆောင်ရွက်ခဲ့ကြသည်။ ဒီရေတောများကိုခုတ်ထွင်ပြီးပုစွန်ကန်များတူးဖော်သည်၊ ဆားကွင်းများ ပြုလုပ်သည်၊ လယ်မြေများချဲ့ထွင်သည်၊ စီးပွားဖြစ် မီးသွေးဖုတ်သည်။ ဒီရေတောများ ပြုန်းတီးကုန်သဖြင့် ငါး၊ ပုစွန်တို့၏ ပေါက်ဖွားကြီး ပြင်းရှင်သန်ရသည့်နေရာများပျက်စီးခဲ့ရပြီးငါး၊ ပုစွန်ပေါက် ဖွားမှု လျော့နည်းခဲ့သည်။ ထိုအချိန် တွင် ဝိသမလောဘသားတို့ကတရားဝင်ရောတရားမဝင်ပါ နည်းလမ်းမျိုးစုံစက်အင်အား၊ လူအင်အားများစွာဖြင့် ငါး၊ ပုစွန် များကိုဖမ်းဆီးခဲ့ကြသည်။ ထိုအခြင်းအရာများကြောင့် ပင် လယ်တွင် ငါး၊ ပုစွန်များလျော့ နည်းလာပြီးတစ်နိုင်တစ်ပိုင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သောဒေသခံများလည်းအခက်ကြုံနေခဲ့ရသည်။ (ထိုအကြောင်းအရာများ နှင့်ပတ်သက်ပြီးအခါအခွင့်သင့် လျှင် အသေးစိတ် ရေးပြပါဦးမည်) ဝိသမလောဘသားတို့ ပင် လယ်ပြင်တွင် ထင်တိုင်းကြဲနိုင် သည်မှာလည်း နိုင်ငံတော်အစိုးရ ၏ စီမံခန့်ခွဲမှု အားနည်းချက်များ၊ သက်ဆိုင်ရာဌာနများ၏ အဂတိလိုက်စားမှုများကြောင့်ဟုဆိုနိုင် ပါသည်။
ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် မြန်မာ့ပင်လယ် တွင် ငါး၊ ပုစွန်နှင့် ရေထွက်သယံဇာတများလုံးဝပျောက်ကွယ် မသွားခင် တရားဥပဒေဖြင့် တင်းတင်းကျပ်ကျပ် ထိန်းသိမ်းစောင့် ရှောက်ရန် လိုပါသည်။ တစ်ဖက် တွင်လည်းဒီရေတောများထိန်းသိမ်းခြင်း၊ ပြန်လည်စိုက်ပျိုးခြင်းတို့ကိုစနစ်တကျ ဆောင်ရွက်ရန် လိုပါသည်။ ထို့အပြင် ပင်လယ် ပြင် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ အဖွဲ့အစည်းများနှင့်လည်းဆွေး နွေးတိုင်ပင် အဖြေရှာဆောင်ရွက် ရန် လိုအပ်မည်ဟုထင်ပါသည်။ ရွှေလက်် စာပေဟောပြောပွဲမှ နေအိမ်သို့ ပြန်အရောက်တွင် ခရီးပန်းခြင်းကြောင့် စိတ်ရောလူ ပါ ထိုင်းမှိုင်းနေသဖြင့် အိပ်ရာထဲတွင် လဲလျောင်းနေမိသည်။ ထို့ နောက် ပင်လယ်တွင် မြင်ခဲ့၊ ကြားခဲ့ရသည်များနှင့် ပင်လယ် ပြင်တွင် ဖြစ်ပျက်နေသည်များကို ပြန်လည်တွေးတောနေရင်းပင် လယ်ကြီးသာစကားပြောတတ် လျှင် သူခံစားနေရသည်များကိုရင်ဖွင့်ပြောကြားနေမလားဟု ကြံကြံဖန်ဖန် တွေးနေမိပါတော့ သည်။ ။
**ရွှေလက်**
7Day Daily(No.1779 Tuesday, April 24, 2018)
No Comments