ပုပ္ပါးမျောက်မြီးရှည် ထိန်းသိမ်းရေးနေ့ (၁၁.၁၁.၂၀၂၃) Popa Langur’s Day 2023 (11.11.2023)
ပုပ္ပါးလူငယ်စာကြည့်တိုက်မှ ဒေသခံလူငယ်များနဲ့ မဟာဂီရီ တောင်တက်အဖွဲ့တို့ ပူးပေါင်းပြီး ယခင်နှစ် (၁၁.၁၁.၂၀၂၂) မှစတင်ကာ နှစ်စဉ် နိုဝင်ဘာလ (၁၁) ရက်နေ့တိုင်းကို ပုပ္ပါးမျောက်မြီးရှည် ထိန်းသိမ်းရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ နိုဝင်ဘာလ (၁၁) ရက်နေ့ဖြစ်တဲ့ ယနေ့ကလည်း ပုပ္ပါးမျောက်မြီးရှည်ထိန်းသိမ်းရေးနေ့ ပဲဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာဆိုရင် မြန်မာနိုင်ငံမှာပဲ တွေ့ရှိရနိုင်တဲ့ ဌာနေရင်းမျိုးစိတ်ဖြစ်တဲ့ ပုပ္ပါးမျောက်မြီးရှည်လေး တွေဟာ မျိုးသုဉ်းလုနီးပါးအဆင့်ရှိမျိုးစိတ် (Critically Endangered Species) အဖြစ်သတ်မှတ်ခံထားရပြီး လက်ရှိစစ်တမ်းကောက်ယူမှုတွေအရ အကောင်ရေ (၃၀၀) ဝန်းကျင်သာကျန်ရှိတော့တယ်လို့ သိရှိရပါတယ်။
လက်ရှိမှာတော့ “ပုပ္ပါးတောင်ဥယျာဉ်၊ ပဲခူးရိုးမ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် ကရင်ပြည်နယ် ရသေ့ပျံဂူ”တို့မှာ တွေ့ရှိထားပြီး လူသားတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးတာ၊ စားသုံးဖို့နဲ့ မွေးမြူဖို့အတွက် အလွန်အကျွံအမဲလိုက်တာတွေနဲ့ နေထိုင်ကျက်စားရာဒေသတွေဆုံးရှုံးလာတာ စတဲ့အချက်တွေကြောင့် မျိုးသုဉ်းဖို့ အန္တရာယ်နဲ့ နီးကပ်လာနေတာပါ။
ဒီလိုမျိုး မြန်မာ့ဂုဏ်ဆောင် ပုပ္ပါးမျောက်မြီးရှည်လေးတွေ မြန်မာ့မြေပေါ်ကနေ မျိုးသုဉ်းပျောက်ကွယ်မသွားအောင် ဖမ်းဆီးတာတွေ၊ မွေးမြူတာတွေ၊ စားသုံးတာတွေလျော့ကျသွားအောင် ဒေသခံပြည်သူလူထုနဲ့ အတူပူးပေါင်းပြီး ပြည်သူလူထုတစ်ရပ်လုံးကလည်း မိမိတတ်နိုင်တဲ့ ကဏ္ဍကနေ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကာကွယ်ပေးကြဖို့ အရေးကြီးပါတယ်ဗျ။
Photo credit to Ko Aung Ye Tun

		
No Comments