ပုံတောင် ပုံညာကို ဖြတ်ကာ…..

ပုံတောင် ပုံညာကို ဖြတ်ကာ…..

ဗိုလကို (ပန်းတနော်)- ရေးသည်၊

———————————-
ကလေးမြို့သို့ လေ့လာရေး နှင့်ရိုက်ကူးရေး တစ်ခုပြုလုပ်ရန် စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး လမ်းအတိုင်း ခရီးနှင်ခဲ့ကြပါသည်။ လမ်းတစ်လျှောက်တွင် ပထဝီဝင်ဘာသာထဲတွင် သင်ယူခဲ့ရသည့် ပုံတောင်ပုံညာ တောင်တက်တောင်ဆင်းလမ်းအတိုင်း ဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး ထိုလမ်းကိုဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။

ထူးခြားသည့်အချက်တစ်ခုမှာ ရွာအမည်၊မြို့အမည်များမှာ အသံတစ်သံသာထွက်ရတဲ့ အမည်နာမတွေသာ ဖြစ်သည်။ ကျော၊ စော၊ ယော စသည့်အလွယ်တကူ အမှတ်ရခေါ်ဆိုရလွယ်သည့် နာမည်တွေသာဖြစ်သည်။ တောင်စဉ်တောင်တန်းများကြားက ကျေးရွာများ၊ မြို့များကို ဖြတ်ကာသွားခဲ့ရခြင်းဖြစ်သည်။ ထိုသို့ တောတောင်ရေမြေအရ အမှတ်တမဲ့ကြည့်ပါက အပူအအေးမျှတမည်ဟု ထင်မှတ်ရသော်လည်း ရာသီဥတုက ပူပြင်းသည့်ရာသီမျိုးကိုသာ ခံစားရမည်ဖြစ်ည်။ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်တွင် လူတို့စိုက်ပျိုးထားသည့် သစ်တောစိုက်ခင်းများကို တွေ့ရမည်ဖြစ်သည်။ ထိုသစ်တောစိုက်ခင်းများအားလွန်၍ မျက်စိတစ်ဆုံး လှမ်းမျှော်ကြည့်မည်ဆိုပါက တောင်ကတုံးများကို မြင်ရမည်ဖြစ်သည်။

“သစ်ပင်တွေက စကားပြောတတ်ရင် လူတွေကို လက်အုပ်ချီပြီး တောင်းပန်မယ်ထင်တယ်။ “ကျွန်တော်တို့ကို မခုတ်ပါနဲ့”ဆိုပြီး။ လူတွေက သစ်ပင်တွေကို မညာမတာ ခုတ်ခဲ့ကြတာပဲ။ ရာသီဥတုက ပိုပူလာဖို့ပဲရှိတယ်”

ကျွန်တော်တို့အဖွဲ့၏ ဦးဆောင်သူတစ်ဦးဖြစ်ပြီး လေ့လာရိုက်ကူးရေးအတွက် ရိုက်ကူးရေးတာဝန်ခံက ယဉ်မောင်ဘေးတွင် လိုက်ပါလာရင်းက အခုလိုပြောဆိုလိုက်ခြင်းဖြစ်သည်။ ကျွန်တော်တို့တစ်ဖွဲ့လုံး စကားစတစ်ခုရရှိသွားခဲ့ကာ ထိုလမ်းတစ်လျှောက် သစ်ထုတ်လုပ်ရေးအကြောင်း တစ်ယောက်သိထားသည်များကို တစ်ခြားသူတွေအား သိရှိနိုင်ဖို့ ခရီးသွားရင်းက ကားပေါ်တွင် ဆွေးနွေးပွဲစပါတော့သည်။

ဂန့်ဂေါ၊ ကလေး လမ်းဘေးဝဲယာတွင် တစ်ချိန်တစ်ခါက သစ်တောဧရိယာ အထူထပ်ဆုံးနှင့် တောနေ တောကောင်‌ များအသက်ရှင်ရာနေရာ ဖြစ်ခဲ့ကြောင်း၊ ထိုလမ်းတစ်လျှောက် တစ်ချိန်က မြင်း၊ လားများအသုံးပြုကာ သစ်ထုတ်လုပ်ရေးလုပ်ငန်းအပြင် ခရီးသွားသယ်ယူပိုဆောင်ရေးအတွက် အသုံးပြုခဲ့ကြကြောင်း၊ယင်းနှောက်ပိုင်းတွင် သစ်ထုတ်လုပ်ရေး လုပ်ငန်းမှာ ကြီးမာကျယ်ပြန့်လာကာ ဆင်နှင့် စက်ယန်းတရားကြီးများနှင့် ထုတ်လုပ်လာကြကြောင်း။ ထို့‌ နောက်ပိုင်းတွင် ခရိုနီ ၊ခရိုဝါတို့၏ ချယ်လှယ်အမြတ်ထုတ်ရာနေရာတစ်ခုဖြစ်လာခဲ့ကြောင်း၊ ဆွေးနွေးပြောဆိုခဲ့ကြသည်။

ကားပေါ်တွင် ယောဇာတိသားတစ်ဦးပါဝင်သည့်အတွက် ဒေသ၏အခြေအနေအရပ်ရပ်အား ပို၍ပြောဆိုဆွေးနွေးနိုင်သူတစ်ဦးဖြစ်လေသည်။

“ယောတွေက စုန်းတတ်တယ် လို့ ကျွန်တော်တို့ အောက်ပြည်အောက်ရွာက ကြားဖူးတယ်ဗျ တကယ်ရောဟုတ်ရဲ့လား”
ကျွန်တော်အမေးကို အခုလိုတုံ့ပြန်လာပါတော့သည်။

“ကျွန်တော်တို့ ယောနယ်က လူရိုးတွေများပါတယ်။အခုချိန်ထိပါပဲ။ အိမ်တစ်အိမ်မှာ ဧည့်သည်ရောက်ရင် “တို့အိမ်တော့ ဧည့်ရောက်တယ်ဟေ့”လို့ အသံပေးလိုက်ရင် ရှိရာဟင်းကိုယ်စီနဲ့လာပို့ကြတာပါ။ အဲ့ဒီစကားလုံးမှိုင်းတိုက်တာတွေက ဒီဒေသ သစ်မှောင်ခိုအရမ်းပေါတာ ဒီဒေသကို အသွားအလာ ဟန့်တာဖို့ အခုလို မှိုင်းတိုက်ပြောဆိုတာပဲဖြစ်ရမယ်။ ကျွန်တော့်သက်တမ်း မှာစုန်းတတ်တယ်။ ရွာလာရင်ပြန်လို့မရအောင် လုပ်တယ်ဆိုတာ တစ်ခါးမှ မကြုံဖူး မတွေ့ဖူးပါဘူးဗျာ”

ကျွန်တော်တို့ တစ်ဖွဲ့လုံးမှာ ထိုယောဒေသခံ အိမ်တွင် နေ့လည်စာဝင်စားခဲ့ကြသည်။ တကယ်လက်တွေ့ကြုံလိုက်ရခြင်းမှာ အိမ်တစ်အိမ်ဧည့်သည် ရောက်ပါက နီးစပ်ရာနေအိမ်များမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်အိမ်တစ်ယောက်ဆင့်ခေါ် ခဲ့လေသလားဟုထင်ရသည်။ ကျွန်တော်တို့ရောက်ရှိသည့်နေအိမ်သို့ စုရုံးရောက်ရှိလာကြခြင်းဖြစ်သည်။

ဖြတ်သွားရာ လမ်းတစ်လျှောက် တစ်ချိန်တစ်ခါက သစ်တောဧရိယာ ဖုံးလွမ်းခဲ့သည် ဆိုသော်လည်း တစတစခုတ်ယူသွားခဲ့သည့် အငုံးတိုသာ ကျန်တော့သော ပင်စည်များက ခရိးသွားနေကြသည့်ကျွန်တော်တို့အား လက်ယပ်ခေါ် အကူညီတောင်းနေကြဟန် တစ်ရိပ်ရိပ် ကျန်ခဲ့ကြပါတော့သည်။

မြေကမ္ဘာကြီးသည် သစ်ပင်များရှိမှသာလျှင် ဆက်လက်အသက်ရှင် နိုင်မှာဖြစ်သည်။ ကမ္ဘာကြီးရှင်သန်စိမ်းလန်းရေးနှင့် လူသားများအဖို့ အသက်ရှင်သန်နေထိုင်ရေးက တိုက်ရိုက်အချိုးကျနေလျှက်ရှိသည်။

ပုံတောင် ပုံညာအရပ်က သမိုင်းကြောင်းတစ်ခုရှိထားနှင့်သည်။ ပုံတောင်မှာ ရှင်ဘုရင်များခေတ်က မင်းပြစ်မင်းဒဏ်သင့်သူတို့ ပုန်းခိုခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ ပုံညာမှာ မင်းပြစ်မင်းဒဏ်သင့်သူများ အသက်ဘေးမှ လွတ်နိုင်ဖို့အရေး နောက်ယောင်ခံဖမ်းဆီးမည့် မှူးမတ်များအား ညာကာပြန်လွတ်လိုက်သည့် အရပ်ကိုအစွဲပြုကာ ခေါ်ဝေါ်သမုတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ပုံတောင်ပုံညာအရပ်က တောင်စဉ်တောင်တန်းများပေါ် ပေါက်ရောက်နေသော ထူထပ်ပိတ်ပိန်းသည့် သစ်တောများက လာရောက်ပုန်းခိုသူတို့အဖို့ ကျောလုံစေမည်ဖြစ်သည်။ သစ်တောသစ်ပင် အရိပ်အောက်တွင် အသက်ချမ်းသာခွင့် ရကြမည်သာဖြစ်သည်။ ထို့အပြင် သစ်ပင်ဝါးပင်များ၏ မြေဆီမြေနှစ် ထိန်းသိမ်းမူ အားကောင်းခဲ့မည်ဖြစ်သည်။ သစ်တောသစ်ပင်များမှာ စိုက်ပျိုးမြေအတွက် မြေဆီမြေနှစ်များအား အဓိကထိန်းသိမ်းပေးသူများ ဖြစ်သည်။ လာရောက်ပုန်းခိုသူတို့အဖို့ ကျောလုံစေမည့်အပြင် စားဝတ်နေရေး ဖူလုံစေဖို့ စိုက်ပျိုးစားသောက်ရေးအတွက် ပူပင်ရန်လိုမည်မထင်။ ယခင်အချိန်များဆီက ပုံစံအတိုင်း လာရောက်နားခိုလိုသူများ ရှိနေလေဦးမည်လားဟု တောင်တက်တောင်ဆင်းလမ်းပေါ်က ခရီးနှင်ရင်းစောကြောမိလေသည်။

တောင်တက်လမ်း အနည်းငယ် မြင့်မားနေပါက စီးလာသည့်ကားမှာ အဲကွန်းမနိုင်သည့် ပြသာနာ စတင်ကြုံရတော့သည်။ သို့အတွက်ကြောင့် လေးဘက်လေးလံ ကားမှန်ချကာ မောင်းနှင်ရ ပါတော့သည်။ ကားမှန်ချတယ်ဆိုရုံရှိ‌သေးသည် ပြင်းစပ်စပ် ပူလောင်သည့်လေက မျက်နှာပေါ် ထိမှန်လာပါတော့သည်။ ထိုလမ်းကိုဖြတ်သန်းသွားချိန်သည် နေ့လည်ချိန်ဖြစ်နေခြင်းကြောင့်သာဖြစ်နိုင်သည်ဟုယူဆမိသည်။ ညနေခင်းအချိန်များတွင် လေနုအေးတို့ဖြင့် ကြုံတွေ့နိုင်ကောင်းပါရဲ့ဟု တွေးဆမိပါတော့သည်။

လူတို့ဖန်တီးထားသည့် အဆိပ်ရည် အခိုးအငွေ့များက
မြေကမ္ဘာကြီးအား တုတ်နှောင်ထားခြင်းသာဖြစ်သည်။သစ်ပင်များမှတစ်ဆင့် မြေကမ္ဘာကြီး အသက်ရှုနေရခြင်းဖြစ်သည်။ မြေကမ္ဘာကြီးအပေါ် မှီခိုနေသူတို့အဖို့ အဆိပ်သင့်စေသည့် လုပ်ရပ်မျိုးများမှ ရပ်တန့်သင့်ပြီဖြစ်သည်။ အရိပ်နေနေအခက်ချိုးချိုး မဖြစ်စေဖို့ မြေကမ္ဘာကြီးပေါ်က အခက်အလက်များဖြစ်သည့် သစ်ပင်များအား တန်ဖိုးထားရမည်ဖြစ်ပါသည်။

ကျွန်တော်တို့အဖို့ အဲကွန်းကားထဲတွင် ဇိမ်ကျကျ တောင်တန်းရှု့ခင်းအလှများအား ကြည့်ရှု့လိုက်ပါလာသည်ဆိုသော်လည်း တကယ့် အန္တရာယ်ဇုံထဲတွင် ခရီးနှင်နေခြင်းကို အမှတ်မဲ့ သတိချပ်ရန် ခဲ့ရင်းပါလိမ့်မည်။ သဘာဝအပူဒဏ်နှင့် ကားအဲကွန်းမှ ထွက်သည့် အအေးဓာတ်တို့သည် ဆန့်ကျင်ဘက်သဘော‌ဆောင်သည်။ ကားလေးအေးပေးစက်မှ အအေးဓာတ်သည် အအေးတုသာဖြစ်သည်။ လူ့ ခန်ဓာကိုယ်မှ သက်စောင့်အပူနှင့် ကားအဲကွန်းမှအအေးတို့သည် သဟဇာတမဖြစ်နိုင်ခြင်းကြောင့် သတိပြုရန် ပညာရှင်တစ်ချို့ကမှတ်ချက်ပြုထားသောကြောင့်ဖြစ်သည်။

လမ်းတစ်လျှောက်ကို သတိပြန်မူမိချိန်တွင် တောမီးလောင်နေသည်ကို‌ တွေ့ရသည်။ တစ်ချို့တောမီးသည် ခရီးသွားကားများ လမ်းမြင်နိုင်ရန်အတွက် မီးခိုးတို့ဟန့်တားထားသည်ပင်ရှိနေသည်။ တောမီးလောင်ထားရာနေရာများတွင် အလေ့ကျပေါက်သည့် အပင်တို့နှစ်ဆအပင်များရှင်သန်လာနိုင်သည်ကို တွေးဆနေချိန်တွင် ခရီးသွားဖော်တစ်ဦး၏ဖုန်း စခရင်ပေါ်တွင် တောမီးကြောင့် ပဲခင်းဧက၂၀ ကျော်လောင်ကျွမ်းသွားသည့်သတင်း ကျွန်တော့်အားပြပါသည်။ တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသောနေရာမှာ ယောဒေသနှင့် နီးစပ်မူရှိနေခြင်းကြောင့်ဖြစ်သည်။ တောမီးကြောင့်ပျက်စီးသွားရသည့် တောင်သူအဖို့ ဆုံးရှုံးမူအကြီးမာဆုံးရှိနေလိမ့်မည်ဟု ခန့်မှန်းမိသည်။ ဒီအရပ်ဒီဒေသတွင် စိုက်ပျိုးတောင်သူများအတွက် မိုးရာသီ ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နိုင်သည့်အပြင် နွေရာသီတောမီး ဖျက်စီးမူဒဏ်ကိုပါ ဆင့်ပွား ခံစားနေရကြောင်းကိုလဲ စုံစမ်းသိရသည်။

ဒေသအကြောင်း ဆွေးနွေးကြရင်းက တစ်ခါတစ်ရံ အတွေးကိုယ်စီဖြင့် ကားပေါ်တွင် တိတ်ဆိတ်နေတတ်ကြသည်။ ပုံတောင်ပေါ်တက်ကာ ပုံတောင်ပေါ်ကဆင်းရသည်။ ပုံညာပေါ်တက်ကာ ပုံညာ‌ တောင်ပေါ်ကပြန်ဆင်းရပါသည်။ သွားရာလမ်းခရီးတစ်လျှေက် တောင်တက်တောင်ဆင်းလမ်း အကြိမ်ကြိမ်ပြုလုပ်ကာ သွားရသည်။ မိုင်ရာကျော်တောင်တက်တောင်ဆင်း လမ်းအတိုင်း ခရီးနှင်လာခဲ့ကြရာ တောင်တန်းများကြားက မြေပြန့်လွင်ပြင်ပေါ်အခြေတည်ထားသည့် ကလေးမြို့ကို ဆိုက်ရောက်လာပါတော့သည်။

ကလေးမြို့ အဝင်လမ်းမှာ အမြင်နီး၍ခရီးဝေးသည့် တောင်တန်းများကြားက မျှော်မဆုံး ငေးမဆုံး နေကြာခင်းကြီးများမှ ခရီးဦးကြိုပြုကြသည်။ သစ်ကြီးဝါကြီးများအား မတွေ့ရသော်လည်း တစ်မျှော်တစ်ခေါ်နေကြာခင်းကြီးများက နေညိုချိန်အလှတရားများနှင့် ကလေးမြို့အဝင် မိုခ်ဦးနှင့်အတူ အလှချင်းပြိုင်နေပါတော့သည်။ အလှတရားများအား ကြည့်ရှု့ခံစားမိသူတို့ စိမ်းလန်းသည့် မြေကမ္ဘာကြီး အသက်ရှည်ရှည်ရပ်တည်ရှင်သန်ခွင့် ရဖို့အရေး လူသားတိုင်းတာဝန်ကိုစီရှိကြပါသည်။ စိမ်းလန်းသည့် သစ်ပင်များအား ဖန်တီစိုက်ပျိုးခြင်းနှင့် အကြွင်းအကြံ သစ်ပင်များအား ထိန်သိမ်းစောင့်ရှောက်ရန် လိုအပ်နေပြီ ဖြစ်သည်။

Photo-crd

About The Author

greenness_mm

No Comments

Leave a Reply