-ပျောက်ဆုံးသွားသော ပန်းချီကားတစ်ချပ်-
အကွေ့အကောက် အဝေ့အဝိုက်
ဟော… နောက်တစ်နေရာ
ဖြောင့်ဖြောင့်စင်းစင်း ဖြာစီးဆင်း
မြစ်မင်းဧရာ…
ဗေဒါ မစီနိုင်အဖြစ်
ရေဇလာ မကြည်နိုင်သနစ်
တို့ ဧရာ၀တီမြစ် ရေမနစ်နိုင်တော့
ရေမှမရှိတော့တာ ဘယ်ရေနစ်နိုင်တော့မလဲ
ဒီကြားထဲ သောင်ထွန်း ကမ်းပြို
အို… မြစ်ကောကြီးလို။
လက်ပံတောင်းတောင် ကြေးနီတောင်
တောင်.. တောင်..တောင်..
မိုးထိုးမြင့်မား အမောက်ကြီးများ တလူလူထောင်
ဘယ်လောက်များ လှလိုက်သလဲ
ဘယ်လောက်များ ဝံ့ကြွားစရာလဲ
အထင်အရှား လက်ညှိုးထိုးပြနိုင်ခဲ့
ဟော… အဲဒီအလှတရားက
ခုတော့လေ အလကား
တောင်တွေ ဖြိုချခံလိုက်တာ လွင်ပြင်ကြီးလို။
ကျွန်း ပျဉ်းကတိုး
ပျဉ်းမ သစ်ရာ ပိတောက်
နေတစ်ပြောက်တိုးဝင်မရ
ကန္တာရမဖြစ်ခင်ကပေါ့…
ခုတော့လည်း အဲဒီသစ်တော
ဘယ်ဆီမှာမှ ရှာမရ ပျောက်ပျောက်သွားလိုက်တာ
တောပြုန်းလို့ တောင်ပျက်သုဉ်းဆိုသလို။
မြန်မာ့ရှုခင်း မြန်မာ့အလှ
ပန်းချီကားတစ်ချပ်
ခုတော့ ပျက်ယွင်းခဲ့ရရှာ။ ။
သင်းအောင်ပန်
အောင်ပင်လယ်မဂ္ဂဇင်း၊ ၂၀၁၄။
No Comments