ပြန်မရတော့တဲ့ ဆောင်းရာသီများ

ပြန်မရတော့တဲ့ ဆောင်းရာသီများ

ကျွန်တော်တို့ငယ်ဘဝကို ပြန်မရနိုင်သလို ငယ်ဘဝကဆောင်းရာသီတွေကိုလည်း ပြန်မရနိုင်တော့ပါလားလို့ ကျိုးတို့ကျဲတဲ နှင်းမြူတွေကို ကြည့်ပြီး ကျွန်တော်တွေးနေမိတယ်။ ငယ်ဘဝကို ပြန်မရနိုင်ပေမယ့် ငယ်ငယ်တုန်းက ဆောင်းကိုတော့ အကောင်းအတိုင်း ကျနော်တို့ပြန်ရသင့်တယ်လို့လည်း တောင့်တနေမိတယ်။

ပြန်မရတော့တဲ့ ဆောင်းရာသီတွေထဲမှာ ပါသွားတာတွေက အများကြီးပါပဲ။ နှင်းပေါက်ကြီးကြီးတွေ၊ ထူပိန်းနေတဲ့မြူတွေ၊ အော်ဂဲနစ်စစ်စစ် အသီးအနှံတွေ စသဖြင့် ပြန်မရနိုင်တော့တာတွေ အများကြီး။ နှင်းတွေစိုစွတ်နေတဲ့ မြက်ခင်းစိမ်းတွေ၊ ချိုးကူသံတွေလို ပြန်မရနိုင်တော့တဲ့ လွမ်းစရာတွေကလည်း အများကြီး။

ကျနော်တို့ငယ်ငယ်က ဆောင်းရာသီဆို မီးဖိုဘေးမှာ မီးလှုံရင် ကောင်ညှင်းနဲ့ ခရမ်းချဥ်သီးချက်ကို စားရတဲ့အရသာ ဘယ်မေ့နိုင်မလဲ။ ကောင်ညှင်းကလည်း လယ်ကွင်းထဲက ရိတ်ကာစ စပါးကနေရထားတဲ့ ကောက်ညှင်းဆန်အသစ်စက်စက်ဆိုတော့ ရနံ့က‌ မွှေးမြပြီး ကောက်ညှင်းထမင်းကလည်း စေးနေတာကိုး။ ခရမ်းချဥ်သီးဆိုတာကလည်း ဘာဓာတ်မြေသြဇာမှမသုံး၊ ဘာဓာတုပိုးသတ်ဆေးမှမသုံးတဲ့ ပေါ်ဦးပေါ်ဖျား သဘာဝခရမ်းချဥ်သီးပါ။ ကောက်ညှင်းကို ချက်စားတာအပြင် အရှေ့တောင်က တင်းဝါးနဲ့ဖုတ်ပြီး ပေါင်းတင်းလတ်လတ်ဆတ်ဆတ်လည်း စားခဲ့ကြရတယ်။ ကျနော့်အဖိုးဖြစ်သူဟာ ကောက်ညှင်းဆန်သစ်ကို အစောဆုံးစားရမှကျေနပ်သူမို့ လယ်ထဲမှာ အဖိုးကြိုက်တဲ့ကောက်ညှင်း စောစောပေါ်အောင် စိုက်ကြရတာ မှတ်မိနေသေးတယ်။

ဆောင်းရာသီမှာ ရွာအနောက်ဘက်က စီးဆင်းနေတဲ့ မြစ်ဟာ ရေတွေသိပ်ကြည်လင်တယ်။ မိုးရာသီမှာ မြစ်ဟာ ရေကြီးပေမယ့် ဆောင်းရာသီရောက်လာရင် အရင်နှစ်က မြစ်ကြောင်းအတိုင်းပဲ ရေစီးတယ်။ မြစ်ကြောင်းပြောင်းတာမျိုး မရှိဘူး။ အဲ့ဒီမြစ်ထဲကို ဝါးလုံးခေါင်း အတိုအပြတ်လေးတွေချထားရတယ်။ ရေချိုးရင် ဝါးလုံးခေါင်းအပြတ်လေးတွေကို လက်နဲ့ပိတ်ပြီး ကမ်းပေါ်ယူလာရင် ငါး‌မြွှေဒိုးတွေရတာပေါ့။ ဒီလိုနည်းနဲ့ ဟင်းစားလေးတွေရခဲ့ကြတယ်။ ငါးရှော့တိုက်တာမရှိသေးတော့ ငါးတွေလည်းပေါခဲ့တယ်။

ဆောင်းရာသီ စပါးသိမ်းပြီးတာနဲ့ လူတွေရော၊ ကျွဲ၊ နွားတွေရော အနားရကြတယ်။ အဲ့ဒီထဲမှာမှ ကျွဲ၊နွားတွေက လွတ်လပ်မှုပိုရကြတယ်။ ရိတ်သိမ်းပြီးခါစ လယ်ကွင်းပြင်တွေမှာ သူတို့ကို လွတ်လွတ်လပ်လပ် လွှတ်ထားကြတာကိုး။ အဲ့ဒီတုန်းက လယ်ကွင်းထဲမှာ မိုးစပါးကလွဲပြီး ဘာသီးနှံမှ မစိုက်ကြသေးဘူး။ လယ်ကွင်းထဲက တလင်းပြင်မှာ ငှက်အုပ်တွေဟာ အစာလာကောက်ကြတယ်။ ငှက်အုပ်တစ်အုပ်ကို အနည်းဆုံး အကောင်ငါးဆယ်တော့ရှိမယ်။

လယ်ကွင်းပြင်တွေရဲ့အဆုံး တောစပ်မှာ ဆီးသီးပင်တွေအများကြီးရှိတယ်။ ကျနော်တို့ကလေးတသိုက် ဆီးသီးကောက်ထွက်ရတာဟာ အပျော်ဆုံးပေါ့။ ဆီးပင်တပင်ချင်းစီက ဆီးသီးတွေကိုမြည်းကြည့်ပြီး အချိုဆုံးအပင်ကကောက်ကြရတယ်။ တခါတခါ ယုန်ကလေးတွေတွေ့ရင် ပြေးလိုက်ကြရတယ်။ ဒါပေမယ့် ယုန်ကလေးတွေကို ဘယ်တော့မှ မမီခဲ့ကြပါဘူး။

ခုတော့ မြစ်ကြောင်းတွေလည်း မမှတ်မိလောက်အောင်ပြောင်းခဲ့ပါပြီ။ လယ်ကွင်းပြင်အစပ်က တောတွေလည်း မရှိတော့။ အခင်းပြင်တွေ၊ လယ်ကွင်းတွေဖြစ်ကုန်ပြီ။ စပါးရိတ်ချွေစက်တွေပေါ်လာတော့ တလင်းပြင်ဆိုတာလည်းမရှိတော့။ ငှက်အုပ်တွေလည်းမရှိတော့။ အဖိုးလည်း မရှိတော့။ အော်ဂဲနစ် ခရမ်းချဥ်သီးလည်း မရှိတော့။ ပြန်မရတော့တဲ့ ဆောင်းရာသီတွေထဲမှာ အားလုံးဟာ ကျန်ခဲ့ပြီ။

မဖြစ်နိုင်မှန်းသိပေမယ့် ငယ်ငယ်ကဆောင်းကို ပြန်ရချင်မိတယ်။ ငယ်ငယ်ကဆောင်းကို ပြန်မရနိုင်ရင်လည်း နှင်းပေါက်ကြီးကြီး၊ မြူတွေမှိုင်းတဲ့ ဆောင်းစစ်စစ်ကို ရချင်သေးတယ်။ အော်ဂဲနစ်အသီးအနှံတွေထွက်တဲ့ ဆောင်း၊ ငှက်အုပ်တွေပျံသန်းတဲ့ဆောင်း၊ ချိုးကူသံပါတဲ့ ဆောင်းတွေကို လွမ်းမိပါတယ်။

ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply