ဖလော်ရီဒါတေးသွား

ဖလော်ရီဒါတေးသွား

အခန်းထဲကနေထွက်ကာ အိမ်နောက်ဖေးဝရံတာကနေမြင်နေရတဲ့မြင်ကွင်းကို စိတ်ထဲဆွဲထည့်နေမိတယ်။ ရှေ့တည့်တည့်ရှိဒန့်သလွန်ပင်အကိုင်းကိုကျော်ကာ ခပ်ဝေးဝေးက တောထန်းပင်လေးတွေကို ငေးကြည့်နေမိတယ်။ တိုက်ခတ်နေတဲ့လေတဖြူးဖြူးကြောင့် သစ်ကိုင်းတွေနဲ့သစ်ရွက်တွေတဖျပ်ဖျပ်လှုပ်ရမ်းနေပြီး သစ်ရိပ်တွေဟာလည်း မြေကြီးပေါ်ရမ်းခါကျနေလေရဲ့။
တစ်ပင်ပြီးတစ်ပင် ပြေးလွှားဆော့ကစားနေတဲ့ရှဥ့်ငယ်လေးတွေကတေ့ာ ရှုခင်းထဲထပ်ဖြည့်ပေးထားတဲ့ ဖြည့်စွက်အရသာဖြစ်မှာပေါ့။ သူတို့ဦးခေါင်းသေးသေးလေးတွေနဲ့အမြီးတွေကတေ့ာ မကြာခဏဆက်ခနဲလှုပ်ရှားနေတတ်ပြီး သူတို့အပြုအမူတိုင်းဟာ မနာလိုစရာကောင်းအောင် လျှင်မြန်ဖြတ်လက်လွန်းလှချည်ရဲ့။ စိမ်းနေတဲ့သစ်ရွက်တွေအပေါ် နေရောင်ခြည်ကျနေပုံက ခပ်ဖွဖွလေး။ သစ်ရွက်တွေနာကျင်သွားမှာစိုးရိမ်တဲ့ပုံနဲ့ အသာအယာဖြာကျနေပုံမျိုး။ အခုတလော မကြာခဏရွာတတ်တဲ့မိုးကြောင့် မြေသားဟာအနည်းငယ်စိုစွတ်နေပြီး သစ်ရွက်ကြွေများကတေ့ာ ဟိုတစဒီတစ ပြန့်ကျဲနေလေရဲ့။ ဆန့်ကျင်ဘက်အရပ်မှာရှိတဲ့ မျက်နှာချင်းဆိုင်ကခြံဝန်းထဲမှာတေ့ာ အမြဲတမ်းလိုလိုငြိမ်သက်တိတ်ဆိတ်နေတဲ့တိုက်အိမ်များသာမြင်ရလေ့ရှိပြီး လူမြင်ရလေ့မရှိတာကတေ့ာ နေ့စဉ်လိုလိုပါပဲ။
ကျွန်တော့်အနေနဲ့ နေ့စဉ်သတင်းဆိုးတွေနဲ့ကမ္ဘာကြီးကို အဆက်အသွယ်ဖြတ်ချင်လာရင်တေ့ာ အိမ်နောက်ဖေးဝရံတာဘက်လာထိုင်လေ့ရှိပြီး ဒီမှာရနိုင်တာကတေ့ာ သစ်ပင်များ၊လေကောင်းလေသန့်၊တိတ်ဆိတ်မှုနဲ့ ကိုယ့်ကိုယ်ကိုပြန်လည်ရရှိမှုတွေပါပဲ။ ဖလော်ရီဒါပြည်နယ်ဟာ နေပူတဲ့နေရာဖြစ်ပြီး သစ်ပင်သစ်တောများလည်းပေါများတဲ့ဒေသပါ။ ကိုဗစ်ရောဂါမဖြစ်ခင် ဟိုအရင်အချိန်တွေတုန်းကတေ့ာ ကမ္ဘာအရပ်ရပ်ကခရီးသွားတွေဟာ ဖလော်ရီဒါကို နေ့စဉ်တဖွဲဖွဲလာနေကြပါ။ အခုတေ့ာ နိုင်ငံအတွင်းကအပန်းဖြေလိုသူအချို့သာ လာရောက်နေကြပေမယ့် မြို့ကတေ့ာ သူ့အလှကို သူဆက်ထိန်းထားဆဲပါပဲ။ မိုင်ယာမီကမ်းခြေ၊အာကာသထဲဒုံးချည်များလွှတ်တင်လေ့ရှိတဲ့နာဆာ၊ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးလေ့ရှိတဲ့ ယူနီဗာဆယ်စတူဒီယို၊ ကမ္ဘာကျော်ကာတွန်းဇာတ်လမ်းများရိုက်လေ့ရှိတဲ့ ဒစ္စနေဝေါလ် အစရှိတဲ့ ကမ္ဘာကျော်နေရာတွေကတေ့ာ ဖလော်ရီဒါရဲ့အမှတ်အသားတွေပေါ့။
နိုင်ငံအသီးသီးကခရီးသွားတွေဟာ သူ့အရေပြားပေါ်မှာရှိတဲ့အဲဒီအမှတ်အသားတွေဆီ မကြာခဏ လာကြည့်ကြလေ့ရှိပါတယ်။ နေရာတိုင်းလိုလိုမှာ ကမ်းခြေတွေရှိနေပြီး အခြားပြည်နယ်တွေဆီကနေလာလည်ကြသူတွေကိုလည်း အမြဲလိုလိုတွေ့မြင်ရလေ့ရှိပါတယ်။ သူတို့ဟာ ကမ်းခြေမှာအပန်းဖြေပြီး သဲပြင်ပေါ်အသည်းရုပ်လေးတွေ ရေးဆွဲကြလေရဲ့။ ရေတိုက်စားတဲ့အခါပျက်သွားမှာသိပေမယ့် သူတို့စိတ်ထဲရှိတဲ့အရုပ်လေးတွေကိုတေ့ာ ရေးဆွဲသွားကြတာပါပဲ။ နေရာအတော်များများမှာ ကားရပ်နားဖို့နေရာတွေရှိပြီး အလကားရပ်လို့ရတဲ့နေရာလည်းရှိသလို ပိုက်ဆံပေးပြီး ကားရပ်ရတဲ့နေရာတွေလည်းရှိပါတယ်။ မိုးရွာတာတို့ တိမ်ထူထပ်တာတို့ဆိုတာ တခါတရံမှဖြစ်တတ်ပြီး နေ့စဉ်လိုလိုနေပူနေတာများပါတယ်။ အိမ်ရှင်သူငယ်ချင်းပြောတာကတေ့ာ ဆောင်းရာသီရောက်တဲ့အခါ အအေးဓာတ်ကဲတဲ့ပြည်နယ်ကလူတွေက ဖလော်ရီဒါကိုနေပူဆာလှုံဖို့ ရောက်လာကြလေ့ရှိတယ်လို့ ဆိုပါတယ်။ နယူးယောက်နဲ့အခြားအေးလွန်းတဲ့ပြည်နယ်ကလူတွေ အနွေးထည်ထူထူတွေဝတ်ဆင်နေရတဲ့အချိန်မှာ ဖလော်ရီဒါကလူတွေကတေ့ာ ဘောင်းဘီနဲ့အင်္ကျီ အတိုအပြတ်တွေနဲ့ နေထိုင်ကြပါတယ်။
နယူးယောက်သားတွေက အိမ်ထဲကထွက်လိုက်တာနဲ့ နီးစပ်ရာစျေးဝယ်စင်တာ၊သို့မဟုတ် ရထားဘူတာရုံထဲအမြန်ပြေးဝင်ရလေ့ရှိပေမယ့် ဖလော်ရီဒါသူတွေကတေ့ာ နေရောင်ခြည်ကိုဝတ်ဆင်ကာ လမ်းမတွေပေါ် ပေါ့ပါးစွာသွားလာနေကြပါတယ်။ လူအချို့ကတေ့ာ မိသားစုတစ်ခုလုံးကိုကားပေါ်တင် နီးစပ်ရာမြစ်ကမ်းဘေးထိုင်ကာ မြစ်ထဲကိုငါးမျှားတံချပြီး ညနေခင်းကိုမျှားယူနေကြပါတယ်။ အချို့ကလည်း ကားပေါ်တင်ယူလာတဲ့ပက်လက်ကုလားထိုင်တွေကိုမြစ်ကမ်းဘေးချထိုင်ပြီး နေရောင်ခြည်ကို သူတို့ခန္ဓာကိုယ်ထဲ စုပ်ယူနေကြပါတယ်။ ကမ်းခြေကို အရှိန်ပြင်းပြင်းလာလာရိုက်နေတဲ့မြစ်ရေကို လှမ်းကြည့်နေရင်းနဲ့ ကဗျာဆရာကိုဇော်ထိန်ပြောဖူးတဲ့ ဖလော်ရီဒါရာသီဥတုက မြန်မာပြည်နဲ့တူတေ့ာ မင်းသဘောကျမှာပါ ဆိုတဲ့စကားကိုလည်း သတိရမိတယ်။ ကိုဗစ်ရောဂါဖြစ်တဲ့နှုန်းမြင့်တက်နေဆဲဆိုပေမယ့် ခရီးထွက်ရတာကြိုက်သူတွေကတေ့ာ မကြောက်မလန့် သွားလာနေကြဆဲပါပဲ။ အမေရိကန်အစိုးရကတေ့ာ နိုဝင်ဘာနောက်ဆုံးအပတ်ထဲက ကျေးဇူးတော်နေ့နဲ့အတူ မကြာခင်ရောက်လာတေ့ာမယ့်ခရစ္စမတ်ကာလတွေမှာ အပြင်မထွက်ကြဖို့နဲ့ လူစုလူဝေးမလုပ်ကြဖို့ ကြေညာထားပါတယ်။ ကိုဗစ်ရောဂါဟာ လူအသေအပျောက်များစေခဲ့ပေမယ့် အချို့လူတွေရဲ့လွတ်လပ်စွာနေထိုင်လိုမှုကိုတေ့ာ မတားဆီးနိုင်ပါဘူး။
တီဗွီကလာနေတဲ့သတင်းတွေထဲမှာတေ့ာ လေဆိပ်တွေထဲတန်းစီးနေတဲ့လူအုပ်ကြီးကိုမြင်တွေ့ရပြီး အဝေးပြေးလမ်းမတွေပေါ်က ခရီးသွားလာနေကြတဲ့ ကားတန်းရှည်ကြီးတွေကိုလည်းရိုက်ပြထားပါတယ်။ ကြောင်တွေအမွှေးခါသလို အိပ်ခန်းကျဉ်းကျဉ်းလေးတွေထဲ လပေါင်းများစွာနေထိုင်ခဲ့ရတဲ့ သူတို့ရဲ့ငြီးငွေ့ပျင်းရိမှုတွေကို မြို့အပြင်ထွက်ပြီး ခါချနေပုံပါပဲ။ သစ်ပင်ကိုကိုင်ပြီးသစ်ရွက်ဟောင်းတွေကိုလှုပ်ချလိုက်သလို သူတို့စိတ်ထဲကကိုက်ခဲညောင်းညာနေမှုတွေကို အခြားမြို့တွေဆီသွားပြီး လှုပ်ချနေသလိုပဲ။ သေပြီးသားလူက ကြိုးစားဖို့မလိုတေ့ာပေမယ့် ရှင်သန်ကျန်ရစ်နေသူတွေကတေ့ာအသက်ဆက်ရှင်ဖို့ ကြိုးစားကြရပါတယ်။ လက်ကိုမကြာခဏဆေးပြီး အိမ်ထဲကနေအပြင်ထွက်တာနဲ့ ဘယ်နေရာကိုပဲသွားသွား မျက်နှာဖုံးတပ်သွားကြရပါတယ်။ စျေးဝယ်ရင်လည်း မျက်နှာဖုံးတပ်ထားရသလို လမ်းလျှောက်ရင်လည်း မျက်နှာဖုံးတပ်ထားရပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ မျက်နှာဖုံးချွတ်ရိုက်ကြပေမယ့် အချို့ကတေ့ာ မျက်နှာဖုံးတပ်ထားရင်းနဲ့ ဘဝရဲ့အမှတ်တရဓာတ်ပုံများကို ရိုက်ယူသိမ်းဆည်းထားကြပါတယ်။ ဘဝရဲ့နေထိုင်ရှင်သန်မှုပုံစံအသစ်ကို လက်ခံရယူပြီး လိုက်လျောညီထွေဖြစ်အောင် ကျင့်ကြံနေကြပုံပါပဲ။
နေရာဒေသအမျိုးမျိုးကရောက်လာကြတဲ့သူတွေဟာ ဖလောရီဒါရဲ့မြစ်ရေများ၊နေရောင်ခြည်ဆွတ်ထားတဲ့ရှုခင်းများနဲ့ လမ်းဘေးတောအုပ်များကို သူတို့ရဲ့ဖုန်းကင်မရာထဲ ထည့်ယူသွားကြပါတယ်။ အိမ်ထဲကနေအပြင်ထွက်တာနဲ့ ဘယ်နေရာကိုပဲသွားသွား သစ်ပင်သစ်တောအုပ်တွေကို နေရာများစွာမှာတွေ့မြင်ရတတ်ပြီး သစ်ပင်တောအုပ်တွေဟာ အမြဲလိုလိုစိမ်းလန်းနေကြပါတယ်။ အလုပ်၊အိမ်နဲ့ မြေအောက်ရထားတွေပေါ်မှာသာ အချိန်ကုန်ခဲ့ရသူကျွန်တော့်အတွက်တေ့ာ ဖလော်ရီဒါကတောအုပ်တွေဟာ စိတ်ကိုလက်ဆက်သစ်လွင်လာစေပြီး သဘာဝဆန်မှုဆီပြန်ခေါ်ဆောင်သွားပါတယ်။ အအေးပိုင်းဒေသတွေမှာတွေ့ရတတ်တဲ့ မေပယ်လ်၊ထင်းရှူးပင်စတဲ့အပင်တွေလည်းရှိသလို အပူပိုင်းဒေသတွေမှာသာပေါက်တတ်တဲ့ ဒန့်သလွန်ပင်၊တောထန်းပင်အစရှိတာတွေလည်း ပေါက်တတ်ပါသေးတယ်။ ကားလမ်းနံဘေးတွေမှာ တောထန်းပင်တွေစီတန်းရှိနေပြီး တောအုပ်စိမ်းစိမ်းတွေကတေ့ာ မြစ်ကမ်းနံဘေး၊ကားလမ်းဘေးတလျှောက်နဲ့ မြို့အပြင်တဝိုက်ဘယ်နေရာမှာမဆို ရှိနေတတ်ပါတယ်။
မနီးမဝေးအရပ်မှာရှိတဲ့ နာဆာကနေအာကာသထဲဒုံးပျံတွေလွှတ်တင်တဲ့အခါဆိုရင်တေ့ာ အိမ်ရှင်သူငယ်ချင်းရဲ့အိမ်ဟာ အနည်းငယ်လှုပ်ရမ်းနေတတ်ပါတယ်။ အဲဒီလိုဒုံးပျံတွေလွှတ်တင်တဲ့အခါဆိုရင် လူပေါင်းများစွာဟာမြစ်ပေါ်ဖြတ်ထိုးထားတဲ့တံတားပေါ်ကနေလှမ်းကြည့်လေ့ရှိတယ်လို့ သူငယ်ချင်းကပြောပေမယ့် ကျွန်တော်ကတေ့ာ အခန်းထဲရှိတီဗွီကနေပဲ ကြည့်နေခဲ့တာများပါတယ်။ ကျွန်တော်လည်း အခန်းထဲနေခဲ့ရပါများတေ့ာ အပြင်ထွက်ဖို့တောင် မေ့လျေ့ာနေပါပြီ။ အိမ်တံခါးတွေကိုပိတ်ပြီး လူတွေကိုအခန်းထဲသိပ်ထည့်ထားတဲ့ လူနေမှုပုံစံအသစ်ကို ကိုဗစ်ရောဂါက ကမ္ဘာကြီးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ ကျွန်တော်ကတေ့ာ အခန်းထဲခွေခေါက်နေရတာငြီးငွေ့လာတဲ့အခါ နောက်ဖေးဝရံတာဘက်ထွက်ပြီး သစ်ပင်တန်းကိုငေးကြည့်ပါတယ်။ စိမ်းလန်းစိုမြနေတဲ့သစ်အုပ်ထဲကသစ်ပင်အားလုံးရဲ့အမည်ကိုမသိသလို သိဖို့လည်းမကြိုးစားခဲ့ပါဘူး။ ကြည့်မြင်နေရရုံနဲ့လုံလောက်ခဲ့သလို ကိုယ်သိတဲ့ဒန့်သလွန်ပင်၊ငှက်ပျောပင်နဲ့တောထန်းပင်လေးတွေရဲ့အမည်နဲ့တင် ပြည့်စုံနေခဲ့ပါတယ်။ အထူးသဖြင့် ဒန့်သလွန်ပင်လေးရဲ့ အရွက်သေးသေးလေတွေ၊အပွင့်ဖြူဖြူတွေနဲ့ သူ့အကိုင်းအခက်တွေ ညင်သာစွာလှုပ်ယမ်းနေပုံလေးတွေကြည့်နေရရုံနဲ့တင် ကျေနပ်သာယာနေခဲ့ပါတယ်။
အိမ်နောက်ဖေးသစ်တောတန်းထဲက အပင်တွေထဲမှာ ဒန့်သလွန်ပင်က အိမ်နဲ့အနီးကပ်လျက်မှာရှိနေပြီး အမည်မသိတဲ့သစ်ပင်အကြီးကြီးတစ်ခုကလည်း သူ့အပေါ်အုပ်မိုးပေးထားပါသေးတယ်။ ဒန့်သလွန်ပင်လေးဟာ တခါတရံကျွန်တော့်စိတ်ကို အတိတ်ဆီခေါ်သွားတတ်ပါသေးတယ်။ ငယ်စဉ်ကလေးဘဝတုန်းက ကျွန်တော်တို့အိမ်ရှေ့မှာ ဒန့်သလွန်ပင်ခပ်ကြီးကြီးတစ်ပင်ရှိပြီး သူ့ရဲ့အသီးနဲ့အရွက်တွေကို အမေကချက်ပြုတ်ကျွေးတတ်ပါတယ်။ ဒန့်သလွန်ပင်နဲ့ကပ်လျက်ဘေးမှာ ရေချိုးကန်ရှိနေလေတေ့ာ ရေချိုးရာကကျလာတဲ့ရေတွေဟာ အပင်ရဲ့ဘေးပတ်လည်မှာ ဝေ့ဝိုက်စီးနေကြပြီး ရေတွေဟာတဖြည်းဖြည်းနဲ့အမြစ်တွေထဲ စီးဝင်ကုန်ကြပါတယ်။ တစ်အိမ်လုံးရဲ့အဝတ်တွေကို တစ်ယောက်တည်းဒိုင်ခံလျှော်ဖွတ်လေ့ရှိတဲ့အဒေါ်က အဲဒီအပင်ကြီးရဲ့ဘေးမှာ ကျောက်ဖျာခပ်ကြီးကြီးတစ်ချပ်ချပြီး အဝတ်လျှော်လေ့ရှိပါတယ်။ အပင်ရဲ့ဘေးမှာ ဒန့်သလွန်သီးခူးဖို့အတွက် ဝါးလုံးခပ်ရှည်ရှည်တစ်ချောင်းကိုလည်း ထိပ်ပိုင်းမှာချိတ်တစ်ခုတပ်ပြီး အမြဲထောင်ထားပါသေးတယ်။ ကျွန်တော်တို့မောင်နှမတွေက အဲဒီအပင်ရဲ့ဘေးမှာ ဆော့ကစားကြလေ့ရှိပေမယ့် အိမ်ကလူကြီးတွေကတားမြစ်ထားလို့ အပင်ပေါ်ကိုတေ့ာ တစ်ခါမှတက်မဆေ့ာခဲ့ကြပါဘူး။ အိမ်ရှေ့တည့်တည့်မှာရှိတဲ့ မန်ကြီးပင်အုပ်အုပ်ကြီးကလည်း ကျွန်တော်မမွေးခင်ကတည်းကရှိခဲ့သလို အဲဒီဒန့်သလွန်ပင်ကလည်း ကျွန်တော်လူမှန်းသိတတ်စအရွယ် မတိုင်ခင်ကတည်းက ရှိနေခဲ့တာပါ။ ဒါဟာ အဖိုးအဖွားတွေဆီကရခဲ့တဲ့အမွေဖြစ်သလို ကျွန်တော်တို့ကလေးဘဝရဲ့အမှတ်အသားလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီဒန့်သလွန်ပင်နဲ့အတူ ထမင်းချက်အိမ်၊ ပြဇာတ်တွေမကြာဖွင့်နားထောင်ခဲ့ရတဲ့ရှေးဟောင်းကက်စက်ကြီးတစ်လုံး၊ အဖေ ပုံပြင်တွေပြောပြလေ့ရှိတဲ့အိမ်ရှေ့ဝရံတာ၊ လသာတဲ့ညတွေမှာ ကျွန်တော်တို့ရွယ်တူကလေးတွေဆော့ကစားလေ့ရှိတဲ့ အိမ်ခေါင်းရင်းလမ်းပေါ်ကမြေကွက်လပ် စတဲ့မြင်ကွင်းတွေပါ တစ်ဆက်တည်းသတိရမိပါတယ်။ မြင်နေရတဲ့ဒန့်သလွန်ပင်ငယ်လေးရဲ့သစ်ကိုင်းတွေဟာ အတိတ်ကလမ်းမတချို့ဆီ စိတ်နဲ့ပြန်လျှောက်စေခဲ့သလို ဖြတ်သန်းခဲ့ရတဲ့ဘဝရဲ့တကယ့်အဖြစ်အပျက်တချို့ကိုလည်း ပြန်လည်အမှတ်ရစေခဲ့ပါတယ်။
အိမ်နောက်ဘက် သစ်တောတန်းလေးကိုမြင်နေရတဲ့ ၀ရံတာဟာ အတိတ်ဆီလည်းပြန်သွားလို့ရသလို လိုအပ်ရင် အနာဂတ်ကိုလည်း ကြိုတင်တွေးခေါ်လို့ရပါသေးတယ်။ နယူးယောက်ဟာ လှိုင်းတံပိုးတွေနဲ့ဆူညံစွာစီးဆင်းနေတဲ့ မြစ်တစ်စင်းဆိုရင် ဖလော်ရီဒါဟာ တိတ်တိတ်ဆိတ်ဆိတ်စီးနေတဲ့ရေအလျဉ်လို့ ဆိုရမယ်ထင်တယ်။ အဲဒီရေစီးကြောင်းဟာ လူသားတွေရဲ့နေ့စဉ်ဘဝနဲ့အတူ သူရင်ဆိုင်နေရတဲ့ခေတ်ကြီးကိုလည်း သယ်ဆောင်လာခဲ့ပါတယ်။ နယူးယောက်မြို့တော်ဟာ ဥဥ့်နက်ပိုင်းကလွဲရင် မနက်မိုးလင်းကနေညမိုးချုပ်တဲ့အထိ တစ်နေကုန်မြင်နေရတဲ့လမ်းပေါ်ကလူများ၊အမြဲမပြတ်သွားလာနေတဲ့ကားများ၊နေ့ညမပြတ်ခုတ်မောင်းနေတဲ့မြေအောက်ရထားတွေနဲ့ ရှုပ်ရှက်ခတ်နေပြီး ဖလော်ရီဒါကတေ့ာ နာဆာ၊မိုင်ယာမီကမ်းခြေစ တဲ့နေရာအချို့ကလွဲရင် နေရာအများစုဟာ တိတ်ဆိတ်စွာလှုပ်ရှားသက်ဝင်နေတာမျိုးပါ။ နယူးယောက်ဟာ ပြင်းထန်ပေါက်ကွဲသံနဲ့မြည်နေတဲ့ သီချင်းတေးသွားလိုမျိုးဆိုရင် ဖလော်ရီဒါဟာ ငြိမ်သက်တိုးလျပြီး ပေါ့ပါးလွတ်လပ်နေတဲ့တေးသွားမျိုးပါ။နေရာတိုင်းလိုလိုမှာ မြင်တွေ့ရတတ်တဲ့ မြေလွတ်မြေရိုင်းတွေက သူ့ကိုမမွန်းကျပ်စေပဲ လွတ်လပ်ပေါ့ပါးစေခဲ့တာ ထင်ပါတယ်။ လက်ဆတ်တဲ့လေထု၊ စိမ်းမြလှပလွန်းတဲ့တောအုပ်များ၊မြစ်ပေါ်ဖြတ်ထိုးထားတဲ့တံတားများနဲ့အတူ အလွယ်တကူပေါပေါများများရနိုင်တဲ့ နေရောင်ခြည်တွေဟာ သူ့အသားအပေါ်ထိုးနှိပ်ထားတဲ့ တံဆိပ်တွေဖြစ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံမြေပုံရဲ့ အရှေ့တောင်ဘတ်အစွန်းလေးမှာ တည်ရှိနေတဲ့ ဖလော်ရီဒါဟာ အတ္တလန်တိတ်မုဒ္ဒရာရဲ့အစပ်မှာရှိနေပြီး သူ့ကိုအချို့က နေရောင်ခြည်ပြည်နယ်(sunshine state) လို့လည်း ခေါ်ကြပါသေးတယ်။ သူ့ဆီရောက်တဲ့အခါ အလုံပိတ်ခန်းမတစ်ခုထဲမှာ ဆူညံပူလောင်တဲ့တေးတစ်ပုဒ်ကို နားထောင်နေရသလိုမခံစားရပဲ ကျယ်ပြန့်လွတ်လပ်တဲ့မြက်ခင်းပြင်ပေါ်မှာ နူးညံ့ကြည်လင်တဲ့ ကျေးလက်တေးတစ်ပုဒ်ကိုနားဆင်နေရသလို ခံစားရပါလိမ့်မယ်။ သူကိုယ်တိုင်ရေးသားထားတဲ့တေးကို သူကိုယ်တိုင်ပဲဆိုပြီး ကမ္ဘာအရပ်ရပ်ကလူတွေက သူဆိုတဲ့တေးကို လာရောက်နားဆင်ကြလေ့ရှိပါတယ်။ အအေးဓာတ်များလွန်းတဲ့နိုင်ငံမို့ သူက နေရောင်ခြည်နဲ့ဧည့်ခံလေ့ရှိပါတယ်။ ကျွန်တော်လည်း ဖလော်ရီဒါတေးသွားကို အိမ်နောက်ဖေးဝရံတာပေါ်နေ အခုနားဆင်နေပါတယ်။ ။
#ဆောင်းဝေ (နတ်မောက်)
#Daily Eleven သတင်းစာ (Nov 29, 2020)

About The Author

greenness_mm

No Comments

Leave a Reply