ဖုန်းဆိုး၀န်းကျင်
မော့ကြည့်မိလိုက်သော ကောင်းကင်သည် ခါတိုင်းလို အပြာရောင် မဟုတ်ချေ။ နီညိုရောင် လွှမ်းနေသည့် ကောင်းကင်ကို အံ့သြစွာ တွေ့လိုက်ရသည်။ ဘယ်လိုဖြစ်တာပါလိမ့်။ ထို့အပြင် ကောင်းကင်ကို ကြည့်ရသည်မှာ ခါတိုင်းကဲ့သို့ ကြည်လင် လွတ်လပ်မှုကို မခံစားရပါ။ ကောင်းကင်ဟူသည် လွတ်လပ်မှု၏ သေင်္ကတ မဟုတ်လား။ အခုတော့ ကောင်းကင်ကို ကြည့်ရသည်မှာ မွန်းကျပ် ပိတ်လှောင်နေသကဲ့သို့ပင်။ ကြည့်ရင်း ကြည့်ရင်း အသတ်ရှူပင် မ၀သလို ခံစားနေရသည်။ ထိုအချိန်မျိုးမှာ လေပြည်လေညင်းကို တောင့်တမိသည်။ သို့သော် လေပြည် လေညင်းအစား စိမ်းရွှေရွှေ အနံ့ပါသည့် လေကိုသာ ရှူရှိုက်လိုက်ရသည်။ အားပါးပါး ဆိုးရွားလိုက်တဲ့ အနံ့ပါလား။
ယခင်ကဆိုလျှင် ကောင်းကင်ကို ငေးကြည့်လေတိုင်း ငှက်တစ်အုပ် ဖြစ်ဖြစ် ငှက်တစ်ကောင်တလေ ဖြစ်ဖြစ် အတောင်ဖြန့်ကာ အသာအယာ ပျံသန်းသွားသည်ကို တွေ့ရစမြဲ။ အခုတော့ ဘယ်ကဘယ်လို ရောက်လာသည် မသိရသော လင်းတငှက်တွေ စူးစူးဝါးဝါးအော်ဟစ် ပျံသန်းသွားကြပုံက အော်ဂလီဆန်စရာ။ ကြည့်နေရင်း ပျို့အန်ချင်သလိုလို ဖြစ်သွားရသည်။ အကြည့်ကို အမြန်လွှဲလိုက်သည်။ ကြည့်မိကြည့်ရာ ကြည့်လိုက်ရာ ရှေ့ခပ်လှမ်းလှမ်းက ရေမြောင်းလေးတစ်ခု ဖြစ်နေသည်။ ယခင်က ရေတွေ တ
ဝေါဝေါ တသွင်သွင် စီးနေကျ ရေမြောင်းကလေး။ ထိုရေမြောင်းကလေးသည် လယ်ကွင်းများကို သွယ်တန်းထားသည့် ရေမြောင်းဖြစ်သည်။ မိုးမရွာသည့် အချိန်ကာလမျိုးဆိုလျှင် လယ်ကွင်းတွေရှိရာ ရေတွေ စီးဆင်းစေသည့် ရေမြောင်းကလေး။ အခုတော့ ကြည့်ပါဦး။ ရေတွေက ကြေးနီရောင် ပေါက်နေကြသည်။ မစီးဆင်းတော့သည့် ရေသေအိုင်သာသာ။ သူ့တာ၀န်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်တော့သည့် အဆုံး ရေမြောင်းကလေး သေဆုံးသွားရှာပြီ ထင်၏။
ထိုရေသေမြောင်းလေးကို ဖြတ်သန်းလာသော လေသည်လည်း ရွှင်ရွှင်ပျပျ မရှိလှပါ။ သူ မပျော်တာ ကြာပါပြီ တဲ့။ မဝေ့ချင် ဝေ့ချင် ဝေ့လာ သည့် လေက ညည်းတွားရေရွတ်သည်။ ခါတိုင်းဆိုလျှင် သူသည် လေကလေး တချွန်ချွန်နှင့် ပျော်ရွှင်မြူးတူး တိုက်ခတ်လာနေကျ မဟုတ်လား။ တကယ်တော့ သူသည် မောပန်း နွမ်းနယ်လာသူများကို အမောပြေ နှစ်သိမ့် ပေးနေကျ ဖြစ်သည်။ အခုတော့ မည်သူ တစ်ဦးတစ်ယောက်မျှ သူ့ကို လိုလား နှစ်သက်စွာ ရှူရှိုက်ချင်ကြပုံ မပေါ်မှန်း သူ သိနားလည်နေပါပြီ။ သူသည် ၀မ်းနည်း နာကျင်လှစွာ ရေမြောင်းလေးကို ငုံ့ကြည့်မိသည်။ ထိုစဉ်မှာပင် ဥသြစွဲသံ တစ်ခုကို ကြယ်လောင်စွာ ကြားလိုက်ရသည်။ ဘယ်အရပ်မှာ အထိတ်တလန့် ဖြစ်နေကြပြန်ပြီနည်း။ တဖြည်းဖြည်း
ဝေးဝေးသွားသည့် ဥသြစွဲသံ နောက်မှာတော့ ခဏတာ ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ တကယ်တော့ အဆိုပါ တိတ်ဆိတ်မှုကလည်း ကြောက်စရာ တစ်မျိုးပင်။ အဘယ်ကြောင့်ဆိုသော် မုန်တိုင်းမလာခင် တိတ်ဆိတ်မှုနှင့် တူနေသော
ကြောင့် ဖြစ်သည်။
နီညိုရောင် ကောင်းကင်အောက်မှာတော့ အရာရာသည် ပြတ်သား ကြည်လင်မှုကင်းမဲ့နေသည်။ သစ်ရွက်ကလေးတွေပင်လျှင် လန်းလန်းဆန်းဆန်း မရှိကြပါ။ ကြည့်လိုက်တိုင်း အမြဲတစေ ငိုက်မျဉ်း နေလျက်သား။ သူတို့ကြည့်ရသည်မှာလည်း ဘယ်တော့မှ အိပ်ရေး မ၀သူတွေလိုပင်။ ညည ကောင်းကောင်း အိပ်မပျော်ကြပုံပေါ်သည်။ တကယ်တော့ သူတို့ကို ရေလောင်းပေးမည့်သူ မရှိကတည်းက သူတို့ အသက်ရှူ မ၀ကြတော့ချေ။ အိပ်လို့လည်း မပျော်ကြတော့ပေ။ တချို့ သူတို့အဖော်အပေါင်း သစ်ရွက်ကလေးများ ညှိုးခြောက်နွမ်းနယ်စွာ ဘ၀တစ်ပါးသို့ ပြောင်းရွှေ့သွားကြရပြီ။ သူတို့ကော ဘယ်တော့လဲ။ မနက်မိုးလင်းတိုင်း ထိုမေးခွန်းနှင့်အတူ သူတို့ နေ့သစ်ကို ဖြတ်သန်းကြရစမြဲ။ ညမိုးချုပ်လျှင်လည်း ထို့အတူပင်။ မနက်မိုးလင်းအထိ အသက်ရှင်ပါဦးမလား ဟူသော အတွေးက သူတို့ကို အိပ်မပျော်အောင် ခြောက်လှန့် နေပါတော့သည်။ ထိုကဲ့သို့ ရက်ပေါင်းများစွာ ကြာလာသည့်အခါ သူတို့ တစ်နေ့တခြား ညှိုးချုံးလာကြသည်။ သူတို့သည် သစ်ရွက်ကလေးများနှင့်မတူတော့။ သူတို့သည် သေရွက်ကလေးများနှင့်သာ တူနေပေတော့သည်။
တကယ်တော့ သစ်ရွက်ကလေးများကို ထမ်းပိုးထားသည့် ပင်စည်ကြီးသည်လည်း တဖြည်းဖြည်း အိုရုပ်ပေါက်လာသည့် နာတာရှည် ရောဂါသည်တစ်ယောက်နှင့် မခြားပါပေ။ သူ့အရေခွံတွေ အဖတ်လိုက် ကွာကွာ ကျလာသည်မှာ ကြာပြီ။ သူ့အနားကပ်ကြည့်လျှင် အဆီအသား ခန်းခြောက်စပြုလာသည့် သူ့ကိုယ်ခန္ဓာ ဟောင်းလောင်းပေါက်ကြီးကို မြင်နိုင်ပါသည်။ ထို့အပြင် သူ့အသားစ အချို့အ၀က်ကို ခြကောင်တွေက တတိတိ ကိုက်ဝါးပစ်ခဲ့လေပြီ။ တော်တော်ဆိုးနေပြီ။ ဟုတ်ပါသည်။ သူ့အခြေအနေ တော်တော်လေး ဆိုးရွားနေပါပြီ။ သူ့ရဲ့ ကျန်အသားစတွေ အပေါ်မှာလည်း သံနှင့်ဖောက်ထားသည့် အပေါက်တွေ။ ဆူးချက် ဒဏ်ရာတွေလည်း မနည်းမနောပင်။ နာကျင်လွန်းလို့ အော်ဟစ် ငိုယိုမြည်တမ်းနေသည့် သူ့အသံကို မည်သူတွေ ကြားကြသနည်း။ နောက်ဆုံးတော့ ငိုရလွန်းသည့်အတွက် မျက်ရည်တွေ ခန်းခြောက်ကုန်ပျောက်ခဲ့ရပြီ။ အသားမာတက် ဒဏ်ချက်တွေနှင့် သူမငိုတော့ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ရှင်လျက် သေဆုံးနေပြီ ဖြစ်သောကြောင့်ပင်။
နေသည် မွန်းတည့်ချိန် ဖြစ်သောကြောင့် ရက်ရက်စက်စက် ပူနေသည်။ သူ့အောက်ရှိ သစ်ပင်၊ ရေမြောင်းနှင့် လယ်ကွက်များအပေါ်သို့ အပူရောင်တွေကို မညှာမတာ စီးသွန်ချနေလေသည်။ သူ့ဒေါသကြောင့် ဖြစ်လာသည့် တရှိန်းရှိန်း အပူသည် မီးထတောက်တော့မလား ထင်ရသည်။ လယ်ကွက်များ ခမျာမှာတော့ ကျောပြောင်ပြောင်နှင့် အပူဒဏ်ကို အံကြိတ်ခံနေကြသည်။ ယခင်တုန်းကတော့ ထိုလယ်ကွက်များသည် အစိမ်းရောင် ၀တ်စုံကို ၀တ်ဆင်ကာ လှပစိမ်းစိုခဲ့ဖူးကြပါသည်။ မြင်သူတကာ ငေးမော အားကျလောက်အောင် စိမ်းလန်းငြိမ်းချမ်းခဲ့ဖူးကြပါသည်။ ထိုစဉ်ကာလများကတော့ ကျေးငှက် သာရကာတွေကလည်း သူတို့ရှိရာမှာ ပျော်ပျော်ပါးပါး ခို၀င်နားကြသည်။ စပါးနှံလေးတွေ နှုတ်သီးမှာ ကိုက်ချီပြီး အိပ်တန်းပြန်ကြသည့် ငှက်ကလေးတွေကို ကြည့်ကာ သူ့မှာ ပီတီမျက်ရည်များပင်ဝေ့လည်ခဲ့ဖူး၏။ သူ့အပင် သူ့အသီးကို ခူးဆွတ်ရကောင်းလားဟု သူမညည်းညူးဖူးခဲ့။ ကြည်ဖြူစွာ ရက်ရောခဲ့ပါသည်။ သို့သော် …
သို့သော် အခုများမှာတော့ သူသည် မွဲပြာကျသွားသည့် သူဌေးတစ်ယောက်ကဲ့သို့ပင်။ သူ့မှာ ကုန်းကောက်စရာ စပါးတစ်နှံပင် မရှိတော့သည့် အဖြစ်။ ထို့ကြောင့် သူ့ထံသို့ မည်သည့် ကျေးငှက်သာရကာမှ မလာရောက် မကျက်စား မပျော်ပါးကြတော့ချေ။ သူသည် အထီးကျန် လယ်ကွက်အဖြစ် ကွင်းပြင်ထဲမှာ ထီးတည်းကျန်ရစ်ခဲ့လေသည်။ ရိုးပြတ်ငုတ်တိုပင် မကျန်ရစ်တော့သည့် ကျောပြောင်ပြောင်ဘ၀ဖြင့် အပူဒဏ်ကို ကြိတ်မှိတ်ခံရုံမှတစ်ပါး အခြား မရှိတော့ပေ။
တစ်ခါတရံ အနီးအပါးမှ ကလေးသူငယ်တွေ ကစားခုန်စား ပျော်ပါးဖို့ရန် သူ့ထံရောက်လာကြသော်လည်း မာကျစ်ဖုထစ်နေသည့် သူ့အသားဆိုင်များကို ကြောက်ရွံ့စိုးထိတ်ကာ နောက်ထပ် မလာရောက်ကြတော့ချေ။ သူသည် ကလေးတွေအတွက် ကစားကွင်း အဖြစ်တောင် အသုံးမ၀င်တော့ပါလားဟု တွေးလိုက်မိသည့်အခါ သူ့ဘ၀ကို တော်တော် စိတ်ပျက်သွားသည်။ သူသည် မြေကောမြေပက်။ လယ်ကောလယ်ပက် ဖြစ်သွားပြီလား။ မြေဖြစ်ရှုံးခဲ့ပြီလား။ အသုံးမကျ မြေလုံးမလှတော့ပြီလား။ ထိုအခါ သူသည် အပူရောင်ကို မျက်ရည်အဖြစ် သွန်ထုတ်လိုက်မိပါတော့သည်။
နေုလုံးသည် မပြုံးနိုင်သည့် မျက်နှာနှင့် သူ့ဒေါသအရောင်များကို နေရာရွှေ့ကာ ရွှေ့ကာ သွန်ချပစ်နေသည်။ ရေမခန်းတခန်း ချောင်းကလေးများသည် သူ့ကို တောင်းပန် တိုးလျှိုးနေကြသော်လည်း သူသည် ဥပေက္ခာနှလုံးသားနှင့် ဒေါသကြီးမြဲကြီးလျက်ရှိသည်။ နေလုံးကြီးကို ကြည့်ရသည်မှာ တစ်စုံတစ်ခုကို မကျေနပ်သည့်စိတ်နှင့် အားလုံးကို ဝါးလုံးရှည်နှင့် သိမ်းရမ်းနေသည့် အတိုင်းပင်။ ထိုအခါ အပြစ်မဲ့ မြက်ပင်ကလေးများ၊ အညတရ ရေမြောင်းကလေးများ၊ ရိုးသားသည့် ချောင်းကလေးများသည် ကြားထဲက ဓားစာခံ ဖြစ်နေကြလေသည်။ သို့သော် နေလုံးကြီးသည် မည်သူ့မှ ချန်မထား အညှာအတာ ကင်းမဲ့စွာ ရက်စက်လွန်းလှပါသည်။ ကောင်းကင်တစ်ခွင်လုံး သူအပိုင်စား ရထားသည့်သဖွယ် လွှမ်းမိုး နိုင်လွန်းလှပါသည်။ ဘယ်ချောင်း ဘယ်မြစ်သေသေ ငါရှင်ရင်ပြီးရောသမား နေမင်းကြီးကို မည်သူမှ ပြန်လှန် အံမတုနိုင်ကြချေ။
ထိုစဉ် အချိန်မှာပင် ပလွေတို တစ်ချောင်းနှင့် နွားကျောင်းသားလေး တစ်ယောက် သစ်ပင်အိုကြီး အောက်သို့ ရောက်လာခဲ့သည်။ နွားကျောင်းသားလေးသည် ပုဆိုးကို ကွင်းသိုင်းကာ ပလွေတိုလေးကို လက်ထဲမှာ ကိုင်လာသည်။ နွားကျောင်းသား ဆိုသော်လည်း သူ့မှာ ကျောင်းစရာ နွားတစ်ကောင်မှ ပါမလာ။ သူပိုင်သည့် နွားတစ်ကောင်မှ မရှိတာလည်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ နွားကျောင်းသားသည် သစ်ပင်အိုကြီးမှာ အသာကျောမှီထိုင်ရင်း ပလွေကို သူ့နှုတ်ခမ်း၀မှာ တေ့လိုက်သည်။ ခဏအကြာမှာတော့ သာယာသည့် ပလွေသံလေး ပျံ့လွင့်ပေါ်ထွက်လာလေသည်။ ကြားရသူတိုင်း၏ နားထဲမှာ ချိုအေးပြီး နား၀င်ပီယံရှိလှသည့် ပလွေသံပါပဲ။ သာယာငြိမ့်ညောင်းသည့် ပလွေသံသည် လယ်ကွက်များ၊ ရေမြောင်းများ၊ သစ်ရွက်ကလေးများပေါ် ဖြတ်ကျော် ဝေ့ဝဲသွားပါသည်။ ထိုအခါ ခြောက်ကပ်ပူပြင်းနေသည့် ပတ်၀န်းကျင်သည် အနည်းငယ် စိုစိုပြည်ပြည် ဖြစ်လာသလို ထင်ရသည်။
နွားကျောင်းသား၏ ပလွေသံလေးသည် အေးမြသည့် စမ်းချောင်းကလေး ကျောက်ကြို ကျောက်ကြားမှ စီးဆင်းသွားသည့်နှယ်။ လေပြည် လေညင်းကလေး အသာအယာ ပွတ်သပ် ချော့မြှူသွားသည့်နှယ်။ စပါးပင်လေးတွေကို လက်ချောင်းလေးများဖြင့် ညင်သာနူးညံ့စွာ တို့ထိလိုက်သည့်နှယ်။ ထိုအခိုက်အတန့် ပူပြင်းလှသည့် နေရောင်ပင် ခဏတာ မှိန်ဖျော့ အားနည်းသွားသလိုပင်။ ပလွေသံလေးကတော့ ဆက်ကာ ဆက်ကာ ပေါ်ထွက်လာနေဆဲ။ ။
မောင်ကြည်
ဓာတ်ပုံ-ခရက်ဒစ်ပေးပါသည်။
No Comments