ဘိုးတို့ယာ
ကျောက်စရစ်ဖြုန်း၊ မြေနီကုန်းနှင့်
ထွေးလုံးရစ်ချာ၊ ဘိုးတို့ယာ။
ဒဟတ် သန်း ရှား၊ သနပ်ခါးနှင့်
ထွားထွားဖွံဖြိုး၊ ယာစည်းရိုးနှင့်
တစ်မျိုးသာယာ ဘိုးတို့ယာ။
တဲငယ်ကုပ်ကုပ်၊ ထန်းပင်အုပ်နှင့်
လိမ်ရှုပ်သောသော၊ ဆီးချဉ်တောနှင့်
သာမောဖွယ်ရာ ဘိုးတို့ယာ။
ပုတတ် ဘီလုံး၊ ချိုး ခါ ငုံး နှင့်
ခြကုန်း ဖွတ်တွင်း၊ ယုန်ဝပ်ကျင်းနှင့်
ပျံ့ခင်းသာယာ ဘိုးတို့ယာ။
နွားပြာနွားညို၊ မတမ်းပျိုနှင့်
ဦးချိုကောက်ကောက်၊ စာဥပြောက်နှင့်
ချိန်မြှောက်နှင်တံ၊ ကြိမ်းမောင်းသံတို့
လွင့်ပျံခဲ့တာ ဘိုးတို့ယာ။
ယခုအခါ၊ ဘိုးတို့ယာတွင်
ကွက်စိပ်မြေကွင်း၊ အိမ်ရာခင်းလို့
အိမ်ဝင်းပြန့်ညီ၊ စီရရီနှင့်
ကိုယ်စီကိုယ်င၊ နေထိုင်ကြသည်
ရှေးကနေရာ၊ ဘိုးတို့ယာကို
လွမ်းကာမချိ၊ ပုံဖော်ကြည့်ကာ
တမ်းမိရှေးခါ သည်မြေယာ..။
နွမ်းရိဆွေးကာ မဖြေသာ…။
နောင်နောင်(နံ့သာမြေ)
No Comments