မိန်းမလှကျွန်းတမ်းချင်း
တစ်ချိန်က
မိန်းမလှကျွန်းဆိုတာ
ဂေဟစနစ်တွေကို ကာကွယ်ပေးထားတဲ့
အဖိုးတန်ဒီရေတောကြီးလေ
နေဝင်မခင် တောခြင်တွေ သောင်းကျန်းလွန်းလို့
ပိတ်ခြင်ထောင် ထူထူကြီးထဲ
ထမင်းဝင်းစားခဲ့ရတဲ့နေ့ရက်တွေကို မှတ်မိသေးရဲ့
”နောက်မီးရွာ ” နောက်မီးချောင်းကိုကျော်
ပင်လယ်ကို မျှော်ကြည့်လိုက်တာနဲ့
”မိန်းမလှကျွန်း” တောကြီးဟာ ဟိန်းလို့ ဟည်းလို့
အုံ့ဆိုင်းစိမ်းရီ သဘာ၀ပန်းချီကားကြီးတစ်ချပ်လို
ကိုယ်တိုင်ခြေချဖူးလို့ မြင်တွေ့ခံစားခဲ့ရ
မျော၊ ကနစို၊ မဓမ၊ သင်ပေါင်း လိုတာအကုန်ရ
အကုန်ရတော့ အကုန်ခုတ် အကုန်လှဲကြ
အကန့်အသတ်မရှိ၊ အထိန်းအချုပ်မရှိ
နောက်ဆုံးတော့ မိန်းမလှကျွန်းတောကြီးဟာ တောသင်္ချိုင်းဖြစ်
ဆို့နစ်ဖွယ် ကောင်းလှတယ်
အခုတော့ အမည်နာမ တအားလှခဲ့တဲ့ မိန်းမလှကျွန်းဟာ
မိန်းမပျက်တော ဖြစ်ခဲ့ရ
သူ့ခမျာ အငိုလွယ် အရှိုက်ခက်ခဲ့ရ
သူ့ဒုက္ခတွေအကြောင်း တောအပေါင်းကိုတပ်လှန့်ပြီး
သူဟာ တစ်ချိန်က မိန်းမလှ
အခုတော့ ကိုယ်လက်အင်္ဂါတရွက်ဆွဲ
တောခြောက် တောမွဲ ဖြစ်နေတဲ့အကြောင်း
ပြောနေလေရဲ့…။
မင်းထက်ခိုင်
အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း၊ စက်တင်ဘာ+အောက်တိုဘာ ၂၀၁၆။
ဓာတ်ပုံ-ခရက်ဒစ်ပေးပါတယ်။
No Comments