မီးရှို့သူများ

မီးရှို့သူများ

7.2.2020 မှာ သရက်မြို့နယ် ကျောင်းကျန်းမာရေး အစီအစဉ်ဖြင့် ဂုမ္မဏီဆိုသည့်ရွာလေးဆီ ရောက်ခဲ့ကြသည်။ ရွာလေးဆိုပေမယ့် အိမ်ခြေ ၂၀၀ ကျော်ကျော် ရှိသည့် ရွာလေး။ ဒီပမာဏသည် ဒီနယ်အတွက်တော့ ရွာလေးမဟုတ်။ ရွာကြီးဖြစ်သည်။

သရက်မြို့နယ်သည် ပထဝီအနေအထားအရ မြေပြန့် နည်း၍ တောထူသည်။ တောင်ထပ်သည်။ မိုးရွာလျှင် ရွှံ့ကပ်သည်။ လမ်းချော်သည်။ မိုးကုန်ပြန်တော့ ဖုန်ထူသည်။ လမ်းချိုင့်သည်။ ရွာစုလေးတွေများ၍ ရွာချင်းဆက် ဝေးကြသည်။ အိမ်ခြေ ၃၀၊ ၄ဝသာရှိသည့်ရွာများ ဒုနဲ့ဒေးရှိသည်။ အိမ်ခြေ (၁၀၀)ဆိုလျှင် ရွာက ကြီးသည်ဟု ဒေသခံများကိုယ်တိုင် သတ်မှတ်ကြသည်။ ခု ဂုမ္မဏီဆိုသည့် ရွာသည် အိမ်ခြေ ၂ဝဝကျော်၊ လူဦးရေ ၉ဝဝကျော်ရှိသော ရွာဖြစ်သောကြောင့် ထိုရွာသည် ရွာကြီးသာ ဖြစ်ပါသည်။

ထိုရွာလေးသို့ သွားဖို့ စီစဉ် စိတ်ကူးနေခဲ့သည်မှာ ကြာပြီ။ မအောင်မြင်နိုင်ခဲ့။ ခရီးကဝေးသည်။ လမ်းကကြမ်းသည်။ မိုးတွင်းမို့ ဝင်လို့ မရ။ ကားသမားက မလိုက်ချင်။ လိုက်မည့် ကားက ဗိုက်မလွတ်။ အားလုံးအဆင်ပြေတော့ ခရီးစရိတ်ဖန်း(fund) ဌာနမှာ မရှိတော့။ မဆုံးနိုင်သော အကြောင်းတရားများဖြင့် ကျွန်တော်တို့သည် ဒီရွာလေးသို့ သွားမည့်ခရီးစဉ်ကို အကြိမ်ကြိမ် နောက်ပြန်ဆုတ်ခဲ့ရသည်။ ခုတော့ ဒီခရီးလေးကို လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၏ ပါဝင်ကူညီမှုဖြင့် အဆင်ပြေ အထမြောက်ခဲ့လေပြီ။ အများကူ‌တော့ ထနိုင်ခဲ့ပြီ။ ပြိုင်တူတွန်းတော့ ရွေ့ခဲ့ကြသည်။

အစိုးရမှာ ဝန်တွေများနေသည်။ ထမ်းထားတဲ့ ဝန်တွေကလည်း တနင့်တပိုး။ မထမ်းနိုင်သေးလို့ ဘေးချထားရသည့် ဝန်တွေကလည်း တပုံတပင်။ သည်အခြေအနေမှာ အပြန်အလှန်လက်ညိုးထိုးနေလို့ မရ။ ကိုယ်စီပါဝင်ရမည်။ အတူပူးပေါင်းရမည်။ အစိုးရက ပြည်သူနှင့်အတူ။ ပြည်သူက အစိုးရနှင့်အတူ။ ဒီနေ့ ခရီးစဉ်က ဒီအစိုးရ၏ ကြွေးကြော်သံအတွက် ပြယုဒ်တစ်ခုဖြစ်ခဲ့သည်။ ပညာရေး၊ ကျန်းမာရေး၊ လွှတ်တော်ကိုယ်စားလှယ်၊ ရပ်ရွာပြည်သူနှင့် ဒေသတွင်းဖွံ့ဖြိုးရေးတင်ဒါအောင်ကုမ္ပဏီများ အတူပူးပေါင်းပါဝင်ကြသော ခရီးစဉ်ဖြစ်သည်။ ကျွန်တော်တို့အားလုံး အတူတကွဖြစ်သည်။

ပူးပေါင်းပါဝင်မှုက အားရစရာကောင်းပေမယ့် လမ်းခရီးက အားရစရာ မကောင်းလှ။ သရက်မြို့မှ မနက် ၈:၃၀ နာရီတွင် ကား၆စီး၊ လူအယောက်၂ဝကျော်ဖြင့် စတင်ထွက်ခွာကြသည်။ သရက်မင်းလှ ကားလမ်းအတိုင်းသွားရသည်မို့ အခက်အခဲမရှိ။ ချောချောမွေ့မွေ့။ အထပ်ထပ်ခင်းထားသော လမ်းမကြီးထက်မှာ ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့။ ‌ ဘော် တဇီးကောက်ရွာအကျော်တွင် ညာဘက်သို့ခွဲသွားသော ဂုမ္မဏီကျောက်မဲသို့ သွားသည့် လမ်းခွဲလေးရှိသည်။ ထိုလမ်းခွဲလေးအတိုင်း ချိုးဝင်လိုက်သည်။ ပြဿနာက အဲဒီမှာစသည်။

ကားတစ်စီးက အနိမ့်မို့ ဆက်မောင်းလို့ မရတော့။ ထားခဲ့ရသည်။ လူတွေက အခြားကားများပေါ်သို့ ပေါင်းစီးရသည်။ အမိုးဖွင့်ကားပေါ်က လူတွေမှာ ဖုန်တွေနဲ့ အလိမ်းလိမ်း။ ကားတွေက လိမ့်ရုံသာ လိမ့်လို့ရသည်။ အချို့နေရာတွေမှာ လိမ့်ရုံတောင် လိမ့်မရ။ ရပ် ရပ် နေရသည်။ သည်လို လိမ့်လိုက် ရပ်လိုက်နှင့် တစ်နာရီကျော်ကျော်လောက် မောင်းပြီးသောအခါ ကျောက်မဲ ရွာလေးကို အရင်ဆုံးတွေ့ရသည်။ ဒီရွာသည် လမ်းဆုံးမဟုတ်သေး။ ရှေ့ဆက်မောင်းရအုံးမည်တဲ့။ ဒီလိုနဲ့ နောက်ထပ် မိနစ် ၂ဝကျော်လောက် ဆက်မောင်းလိုက်သည့်အခါ လေးဘက်လေးတန်မှာ တောင်တွေဖြင့်ဝန်းရံထည်းသည့် ဂုမ္မဏီဆိုသည့်ရွာလေးသို့ ရောက်ခဲ့ရသည်။

ထိုရွာလေးသည် သရက်၊ မင်းလှ၊ ဆင်ပေါင်ဝဲ မြို့နယ် ၃ခုဆုံရာ ရွာလေးဖြစ်သည်။ ‌အရှေ့ဘက်ရှိ ဧရာဝတီမြစ်နှင့် ၆မိုင်သာ ဝေးသော်လည်း တောင်တန်းကြီးခြားနေသည့်အတွက် ရေကြောင်းခရီးကို အသုံးပြုလို့ မရနိုင်။ အနောက်ဘက်ရှိ သရက်-မင်းလှလမ်းဘက်ကို ထွက်မည်ဆိုတော့လည်း ခုကျွန်တော်တို့လာသည့်လမ်းပင် ဖြစ်လာတာ မကြာသေး။ နွေရာသီဆိုလျှင် ရေအလွန်ရှားသော ရွာဖြစ်သည်။ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဇာတိဆိုတော့လည်း ရေကြည်ရာမြက်နုရာဆီ မစွန့်ခွာရက်ကြ။ သံယောဇဉ်ကြီးမားစွာ နေသားကျနေပြီဖြစ်သည်။

ရွာလေးက ခြောက်ခြောက်သွေ့သွေ့ ဆိတ်ဆိတ်ငြိမ်ငြိမ်။ သစ်ပင်ကြီး ဝါးပင်ကြီးမရှိ။ မရှိဟုပင် ဆိုရမည်။ မှတ်မှတ်ထင်ထင် စာသင်ကျောင်းအဝင် မန်ကျီးပင် ၃ပင်သာ တွေ့ရသည်။ ထို့ကြောင့် သစ်ရိပ်ဝါးရိပ်လည်း မရှိ။ သစ်တောကြီးကြီးမားမားရှိခဲ့ဖူးတဲ့ ဒေသတွေမှာ တောတွေ တောင်တွေပြုန်းတာ အစိုးရမင်းများရဲ့ အားနည်းချက်ဖြစ်သည်။ သို့သော် ကိုယ့်အိမ် ကိုယ့်ဝန်း ကိုယ့်ရွာထဲမှာ သစ်ပင်ပြုန်းနေတာ၊ သစ်ပင်သည် အမှိုက်ဖြစ်စေခြင်းအကြောင်းလို့ ရှုမြင်နေကြတာ ဝမ်းနည်းစရာ ကောင်းလှသည်။ သူတို့အမြင်တွေကို ဘယ်အရာတွေက အရောင်ဆိုးနေကြပါသလဲ။ အရောင်ဆိုးခဲ့ပါသလဲ။ စဉ်းစားဖို့ အချိန်တန်လေပြီ။

သစ်ပင်၊ သစ်တောသည် အနည်းဆုံးတော့ အမှိုက်တစ်စ၊ ထင်းတစ်ချောင်းထက်ပိုသည်။ ခုတော့ ထင်းအဖြစ်တောင် အသုံးမဝင်သည့်နှယ်။ အမှိုက်တစ်စလို အပင်လိုက်၊ အလုံးလိုက် မီးရှို့ထားကြသည်။ သစ်ပင်သစ်တောသည် ရာသီကို ထိန်းညှိပေးသည်။ ဥတုကို ညီမျှစေသည်။ လေကို သန့်စင်စေသည်။ မိုးကို အကြိုထောက်ပေမည်။ နေကို အကာပြုပေမည်။ မြေကို ဖက်တွယ်ထိန်းသိမ်းလိမ့်မည်။ ထို့ကြောင့် မရှိသည့်တောကို ပျိုးထောင်ရမည်။ ရှိသည့်တောကို ထိန်းသိမ်းရမည်။ ကြွင်းသောတောကို ပညာဖြင့် မံရမည်။ ကျွန်တော်တို့ တောနဲ့တောင်နဲ့၊ သစ်ပင်နဲ့စမ်းချောင်းနဲ့၊ စိမ်းလန်းခြင်းနဲ့အေးချမ်းတဲ့ ကဗျာတွေ ရင်မှာ ကိန်းအောင်းဖို့ ‌လိုလေပြီ။

စာသင်ကျောင်းလေးထဲ ဝင်လိုက်တော့ ရင်ကို နင့်ကနဲ နာကျင်စေသည်။ ကျွန်တော်တို့နယ်တွေမှာလို မယ်ဇလီပင်၊ စိန်ပန်းပဲ၊ ငုဝါပင်၊ ဗန်ဒါပင် စသည် ဘာပင်မှ မရှိ။ လွင်တည်းခေါင်။ ဘယ်သူ့ကို လက်ညိုးထိုးကြရမလဲ။ ရပ်ရွာကိုလား။ ဆရာ ဆရာ‌မတွေကိုလား။ သစ်ပင်နဲ့ပတ်သတ်တဲ့ အမြင်တွေကိုလား။ မမီနိုင်တဲ့ အဝေးကြီးတွေကို လက်ညိုးမထိုးကြပဲ ကိုယ်စီစကြရင် ကောင်းမည် ထင်သည်။

ကျောင်းဆောင်လေးတွေ ကြည့်လိုက်တော့ ဝါးထရံကာ၊ အပေါက်အပြဲ ဖရိုဖရဲလေးနဲ့။ ရှေးက ကျောင်းအဆောက်အဦး အိုအိုနွမ်းနွမ်းလေးနဲ့။ ပြီးတော့မှ ဒီဘက်ခြမ်းက တစ်ထပ်ဆောင်ကျောင်းဆောင်သစ်လေး။ ၄ခန်းပါ ထင်ရဲ့။ ဒါသည် အလယ်တန်းကျောင်းခွဲဖြစ်သည်။ ထိုအရာသည် အမှန်ဧကန် အခြေခံပညာအလယ်တန်းကျောင်းခွဲ ဖြစ်ပေတော့သည်။ သူ့ရှေ့မှာတော့ စာသင်ကျောင်းဝန်းထဲကို မျက်နှာမူထားတဲ့ ဘုန်းကြီးကျောင်းမုဒ်ဦးကြီးက ခန့်ခန့်ညားညား။ အုတ်တံတိုင်းကြီးက ငွင့်ငွင့်ဝါးဝါး။ ကျောင်းတော်ကြီးက စွင့်စွင့်ကြွားကြွား။ ရွှေကျောင်းကြီးတွေ ပြောင်နေတာ ကြည်ညိုစရာကောင်းလွန်းလှသည်။

စာသင်ကျောင်းလေးမှာ လျှပ်စစ်မီးရှိသည်။ ရွာရှိ အိမ်တွေမှာလည်း လျှပ်စစ်မီးရသည်တဲ့။ ဆိုလာပြားနဲ့ ပေးတဲ့ မီးတဲ့။ ပညာအလင်းအတွက် ဆိုလာအလင်းက တစ်ထောင့်တစ်နေရာက အရေးကြီးသည်။ ကျေးရွာလူထု၏ အသိပညာအတွက်လည်း ကြီးကြီးမားမား အထောက်အကူဖြစ်သည်။ သည့်အတွက် ဆိုလာမီးရောင်လေးတွေ လင်းထိန်နေမယ့်ညတွေကို မျှော်ရည်၍ အားရကျေနပ်မိရသည်။ သည့်ထက်ပိုမို၍ အလင်းရောင်ကို မငဲ့ညှာရသော လျှပ်စစ်မီး ထိန်ညီးနေမယ့် မနက်ဖြန်တွေကိုလည်း မျှော်လင့်မိပါသည်။

ကျွန်တော်တို့ ကားပေါ်ကဆင်းတော့ အားရဝမ်းသာဖြစ်နေသော ရပ်မိရပ်ဖတို့က ဝမ်းပန်းတသာ နှုတ်ဆက်ကြသည်။ အလာပ သလာပ ပဋိသန္ဓာရစကားတို့ဖြင့် နှုတ်ဆက်ကြသည်။ ဆရာတို့ လာရတာ အဆင်ပြေရဲ့လား။ လမ်းကောင်းရဲ့လား ဟု မေးကြသည်။ ကားဘီးလိမ့်ရုံသာ ရွေ့၍ရသော လမ်းကို မကောင်းဘူး ဟု မပြောရက်။ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေရသော နယ်ခံတွေကို အားနာနေမိသည်။ လူသွားလမ်းလေးတောင် ခန့်ခန့်ညားညား မရှိရှာသော၊ မိုးရွာဗွက်ထလျှင် ရွာပြင်တောင် ထွက်လို့မရသော၊ ခုလို ကားလမ်းကြမ်းဖြစ်နေသည်ကိုပင် ကျေနပ်နေကြရသော ကျေးရွာသူ ကျေးရွာသားတို့ကို လမ်းမကောင်းပါဘူးဗျာဟု ငြီးငြူပြရမှာ အား‌နာနေမိသည်။ ခု သည့်ထက်ကောင်းသည့် မြေနီလမ်းလေးရတော့မည်တဲ့။ ၅လ၊ ၆လ အတွင်း အပြီးရရှိတော့မည်ဟု အားရဝမ်းသာ သတင်းပေးကြပါသည်။ ကျွန်တော်တို့ ပြည်သူတွေမှာ ငရဲခန်းကအပြန်မို့ ဆူးခင်းလမ်းပင်ဆိုစေအုံးတော့ နိဗ္ဗာန်တမျှထင်မှတ်နေကြရလေသည်။

ကျောင်းသား ကျောင်းသူလေးတွေကို အသိပညာပေး ဟောပြောပွဲလုပ်တော့ ရွာရှိလူကြီး လူရွယ်များ အားတက်သရော လာရောက်နားထောင်ကြသည်။ စိတ်ပါဝင်စားမှု အပြည့်။ ဒီလို ပရိတ်သတ်ဆိုတာ တွေ့ရခဲသည်။ ရှေးရိုးအစဉ်အလာက ဌာနဆိုင်ရာကလည်း မဖြစ်သာလို့ စာလာဖတ်ပြသည်။ ပရိတ်သတ်ကလည်း တစ်အိမ်တစ်ယောက် လုပ်အားပေးကြောက်လို့ လာထိုင်ကြသည်။ ခုဒီလို မဟုတ်။ ခေါက်ရိုးတွေ ပြေစပြုကုန်ကြပြီလား။ အားရစရာဖြစ်သည်။

ဂုမ္မဏီ ကျောက်မဲ ကျောင်းသားကျောင်းသူတွေကို ကျန်းမာရေးစစ်ဆေးပေးသည်။ လိုအပ်တဲ့ ဆေးဝါးတွေ ပေးသည်။ သွားကျန်းမာရေး စစ်ဆေး ကုသပေးသည်။ ကျောင်းသားတွေ ကုန်တော့ ‌ရွာထဲက လူကြီး လူရွယ် လူငယ် အကုန်လာပြကြသည်။ ဒါသည်လည်း အားတက်သရောပင် ဖြစ်သည်။ မြို့က ဆရာဝန်တွေလာတုန်း ဝမ်းသာအားရ လာပြကြခြင်းဖြစ်သည်။ သွားလူနာတောင် ၇၅ယောက် ရှိသည်။ ဒီပမာဏသည် ကလေးတွေကိုကြည့်ဖို့ သွားသော ကျောင်းကျန်းမာရေးအဖွဲ့အနေဖြင့် ဒီဘက်နယ်မှာ မကြုံဖူးသော ပမာဏဖြစ်သည်။ ကျွန်တော်တို့ ပြန်တော့ အားလုံးက မပြန်ကြသေးပဲ စောင့်ပြီး နှုတ်ဆက်ကြ။ ကျေးဇူးတင်စကား ဆိုကြ။ နောက်နှစ်လည်း လာကြဖို့ ဖိတ်ခေါ်ကြ။ ဆရာ နောက်နှစ်ထဲဆို လမ်းကောင်းပါပီ တဲ့။ ကျွန်တော့မှာ ဝမ်းနည်းရမလို၊ ဝမ်းသာရမလိုနှင့် လက်ပြနှုတ်ဆက်လို့ ပြန်ခဲ့ရသည်။

ကျွန်တော်တို့ပြန်တော့ ညနေအတော်စောင်းနေပြီ။ နေဝင်လုဆဲဆဲ။ ရွာလေးက ထွက်လာတော့ နေရောင်တောင် သိပ်မရှိချင်တော့။ သို့သော် တောင်ကုန်း တောင်ချိုင့်တွေမှာ လင်းလို့။ ပတ်ဝန်းကျင်ကလည်း နွေးလို့။ တောမီးတွေ လောင်နေသည်။ တစ်နေရာ၊ နှစ်နေရာ၊ ဖြာတစ်ချပ်စာ၊ နှစ်ချပ်စာမျှ မဟုတ်။ နေရာအတော်များများမှာ ပမာဏအတော်ကြီးမားစွာ လမ်းတစ်လျှောက် တောမီးတွေ ဟုန်းဟုန်းတောက်နေသည်။ ဒါ ဘယ်သူ့လက်ချက်လဲ။ ခရိုနီတေလား။ ဌာနဆိုင်ရာတွေလား။ အစိုးရမင်းတွေလား။ ဒီ နယ်ခံတွေ ပဲလား။ ကျွန်တော့် အတွေးတွေ မဆုံးနိုင်အောင် ရှိတော့သည်။

မီးလောင်ပြင်ထက်မှာ ကျွန်တော်နဲ့ ရင်းနှီးပြီး အမည်မသိတဲ့ အနက်ရောင် အမြီးနှစ်ခွနဲ့ငှက်ကလေးတွေ လူးလာခတ်လို့။ ဟိုအပင်ထိပ်ဆီ ပျံလိုက်။ ဒီအပင်ထိပ်ဆီ ပျံလိုက်။ သူတို့လေးတွေခမျာ အမိပျောက်နေတာ ဖြစ်နိုင်သည်။ အဖပျောက်နေတာ ဖြစ်နိုင်သည်။ သားသမီးပျောက်နေတဲ့ မိဘတွေလည်း ဖြစ်နေနိုင်သည်။ ဒါမှမဟုတ် အသိုက်ပျောက်နေတဲ့ မိသားစုတွေလည်းဖြစ်နိုင်သည်။ ဒီတောမီးလေးသည် ဒီငှက်ကလေးတွေ အတွက် ကမ္ဘာမီးလောင်ခြင်းဖြစ်နိုင်သည်။ ဒီငှက်ကလေးတွေရဲ့ တစ်ကမ္ဘာစာလောင်တဲ့မီးသည် ကျွန်တော်တို့ နိုင်ငံအတွက်ရော တစ်ရွာစာလောင်တဲ့ မီးမဖြစ်နိုင်ဘူးလား။ ဒီလို တစ်ရွာစာမီးတွေ နေရာအနှံ့ လောင်ခဲ့ရင်။ နေ့စဉ်ရက်ဆက်လောင်နေရင်။ ကျွန်တော့်ခေါင်းကြီးတစ်ခုလုံး မီးလောင်နေခဲ့တာတော့ သေချာသည်။

ည ၀၇:၄၅နာရီမှာ ကျွန်တော်တို့ အဖွဲ့ သရက်မြို့သို့ ပြန်ရောက်ကြသည်။ ပင်ပန်းလျှက်။ နွမ်းနယ်လျှက်။ သို့သော် ကျွန်တော့်ခေါင်းမှာ လောင်နေတဲ့မီးက ခုထိ မငြိမ်းသေး။ ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်ချိန်ကတည်းက လောင်နေတဲ့ မီးတွေလဲ။ ဘယ်သူတွေ ရှိုတဲ့ မီးတွေလဲ။ ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်အသိုက် ကိုယ့်မိသားစုကို မသိလိုက် မသိမီမှာပဲ မီးပြန်ရှို့မိနေရော့သလား။ ဒီလို ကိစ္စတွေ ဘယ်လောက်များ များနေမလဲဆိုတာ စဉ်းစားရင်း ငါ့ခေါင်းကို ဘယ်သူမီးရှို့လိုက်ပါလိမ့်လို့ ကိုယ့်ကိုယ်ကို ပြန်မေးနေမိသည်။

ခေတ်သစ်နီ

08.02.2020
11:28pm

ဓာတ်ပုံ- AFP
(အောင်ပင်လူမှုဝန်းကျင်မဂ္ဂဇင်းတွင် အသုံးပြုရန် ရည်ရွယ်ထားသည့် စာမူတစ်ပုဒ်ဖြစ်ပါသည်။ အောင်ပင်လယ်မဂ္ဂဇင်းသည် ရပ်နားထားရသည့်အတွက် စာမူကို အများပြည်သူ ဗဟုသုတရစေသောငှာ တာဝန်ခံအယ်ဒီတာ၏ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။)

About The Author

greenness_mm

No Comments

Leave a Reply