မျိုးသုဥ်းလုအန္တရာယ်ရှိ ကြိုးကြာခေါင်းနီများကို ကာကွယ်ထိန်းသိမ်းကြပါစို့

မျိုးသုဥ်းလုအန္တရာယ်ရှိ ကြိုးကြာခေါင်းနီများကို ကာကွယ်ထိန်းသိမ်းကြပါစို့

ကျွန်တော်တို့နိုင်ငံမှာ ငှက်မျိုးစိတ်အများအပြားရှိ
ပါတယ်။သိရသလောက်တော့ ၁၁၃၀ လောက်ရှိတယ်လို့သိရပါတယ်။ဒေသရင်းငှက်တွေရှိသလို ဆောင်းခိုငှက်တွေလည်းလာရောက်လေ့ရှိတယ်။ယခုရာသီကလည်းမိုးကုန်လုဖြစ်နေပြီ။ မကြာခင်ဆောင်းဝင်လာတော့မှာမို့ ဆောင်းခိုငှက်တွေရောက်လာတော့မှာပါ။ တချို့ဒေသတွေဆို ဝင်ရောက်စပြုလာပြီလို့လည်း သိရတယ်။ မြန်မာနိုင်ငံမှာတချို့ငှက်မျိုးစိတ်တွေပျောက်ကွယ်လုဖြစ်လာနေတယ်။ ဆောင်းခိုငှက်မျိုး
စိတ်ပေါင်း ၅၀ လောက်မျိုးသုဥ်းလုအန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဥပမာ-ငှက်ကြီးဝန်
ပိုကဲ့သို့ငှက်မျိုးပေါ့။ငှက်ကြီးဝန်ပိုငှက်အကြောင်းကိုတော့ ကျွန်တော်ဆောင်းပါးရေးခဲ့ဖူးပါတယ်။
ယခုလည်းငှက်ကြီးဝန်ပိုတွေလိုပဲ ကြိုးကြာခေါင်းနီငှက်မျိုးစိတ်တ်မျိုးလည်း မျိုးသုဥ်းလုအန္တ
ရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ သိရတယ်။ ကြိုးကြာငှက်က ကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့ မစိမ်းပါဘူး။ ရှင်မောဂ္ဂလာန်နုစဥ်ဘဝက လယ်ထွန်နေရင်းကြိုးကြာဥနှစ်လုံးကိုယူလာပြီး ဇနီးသည်ကို ပြုတ်စေတယ်။ ပြီးတော့ဇနီးသည်တစ်လုံး အမေတစ်လုံး ကျွေးစေရာ ဇနီးဖြစ်သူက သူချည်း အကုန်စားပြီး မျက်မမြင်ယောက္ခမဖြစ်သူကို သံပရာသီးကို ကြိုးကြာဥဆိုပြီး
လိမ်ကျွေးတယ်။ ဒီအချိန်မှာပဲ ကောင်းကင်ကကြိုးကြာအော်သံကြားတော့ ယောက္ခမဖြစ်သူက”အော်
ရွှေကြိုးကြာရယ် နင်အသံသာပေမယ့်၊ နင့်ဥကချဥ်လိုက်တာ”လို့ ညည်းတွားခဲ့တယ်။ ဒီဖြစ်စဥ်လေးကြောင့် ကြိုးကြာငှက်ဟာ မြန်မာလူမျိုးတို့နဲ့ဆက်စပ်မှုရှိနေတယ်။ ကြိုးကြာဥကိုလည်း အစားကောင်းဟုယုံကြည်ကြသည်။
ကြိုးကြာငှက်သည် အသံအလွန်သာ၏။ ဝေဟင်မြင့်မြင့်မှမအာ်မြည်ရင်တောင် သာသာယာယာကြားရတယ်။ ဒါ့ကြောင့်ထင်တယ် တူရိယာသံစဥ်တွေမှာ ကြိုးကြာသံဆိုပြီး သံစဥ်တစ်မျိုးအဖြစ်ထည့်ထားဟန်တူတယ်။ ကြိုးကြာသည်ငှက်ကြီးမျိုးစာရင်းဝင်ဖြစ်ပြီး၊ ခန္ဓာကိုယ်မှာ ဘဲငန်းသာသာရှိတယ်။ ခြေထောက်ရှည်တယ်။ နုတ်သီးရှည်ပြီးချွန်တယ်။ ခေါင်းတစ်ခုလုံးမှာ အနီရောင်အမွှေးတွေရှိတယ်။ ကြိုးကြာငှက်ဟာပုံပြင်တွေ၊ ဇာတ်နိပါတ်တွေ
မှာရှိသလို ကဗျာအဖြစ်လည်း ဆရာမင်းသုဝဏ်က ကဗျာရေးဖွဲ့ခဲ့တယ်။ အဆိုတော်ခင်မောင်တိုး၏သီ
ချင်းတ်ပုဒ်မှာလည်းကြိုးကြာငှက်ရဲ့ မိုင်ထောင်ချီ ပျံနိုင်ပုံကို သီဆိုထားသည်။
ကမ္ဘာပေါ်တွင်ကြိုးကြာငှက်မျိုးစိတ် ၁၅ မျိုးလောက်ရှိတယ်လို့ သိရတယ်။ အရှေ့တောင်အာရှ တစ်ခွင်မှာ ကြိုးကြာမျိုးစိတ် လေးမျိုးရှိပြီး၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မျိုးစိတ်သုံးမျိုး ရှိတယ်လို့ သိရတယ်။ ထိုမျိုးစိတ်သုံးမျိုးကတော့ ယခုမျိုးသုဥ်လုအန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ကြိုးကြာခေါင်းနီရယ်၊ ကြိုးကြာခေါင်းမည်းရယ်၊ ကညာကြိုးကြာရယ်ဆိုပြီး
သုံးမျိုးရှိပါတယ်။ အများဆုံးတွေ့ရတာကတော့ ကြိုးကြာခေါင်းနီနဲ့ ကြိုးကြာခေါင်းမည်းတို့ဖြစ်ပါတယ်။ ကြိုးကြာခေါင်းနီဆိုတာ ဆောင်းခိုငှက်မျိုးမဟုတ်ပေ။ ဆောင်းခိုငှက်ဆိုတာ တောင်ဆွယ်တောင်တန်းတွေကိုဖြတ်ကျော်ပျံသန်းရင်း ဆောင်းရာသီ၌ ခဏဝင်
ရောက်နားခိုကြခြင်းဖြစ်တယ်။ ကြိုးကြာခေါင်းနီကတော့ ထိုကဲ့သို့ဆောင်းခိုငှက်မျိုးမဟုတ်ပေ။ ဒေသမျိုးရင်းငှက်တစ်မျိုးဖြစ်တယ်။
အကောင်အရွယ်အစားမှာကြီးမားလှသည်။ခြောက်ပေ၊ခုနစ်ပေခန့်ရှိသည်။အကောင်ကြီးသဖြင့်
ပျံသန်းရာ၌ အခြားငှက်များကဲ့သို့ချက်ချင်းထမပျံနိုင်ပေ။လေယျာဥ်ပျံကဲ့သို့ပြေးလမ်းပေါ်မှာ အရှိန်
ယူပြေးပြီးမှ ခြေကန်အားဖြင့်ပျံသန်းကြတယ်။ဦးခေါင်းနှင့်ခြေထောက်များမှာ အနီရောင်ရှိသည်။ ခန္ဓာကိုယ်အရောင်မှာမီးခိုးရောင်ဖြစ်သည်။ ကြိုးကြာခေါင်နီဥသည်အစိမ်းရောင်သမ်းနေတဲ့ အဖြူရောင်ဖြစ်ပါတယ်။ ခန္ဓာကိုယ်အရောင်ကမီးခိုရောင်ဖြစ်ပါတယ်။ ဥကသုံးလုံးဥတယ်လို့သိရတယ်။ ကျွန်တော်တို့ဒေသဘက်မှာဆိုရင် စာကျက်ကွင်းတွေမှာတွေ့ရလေ့ရှိတယ်။နှစ်ကောင်စီနေလေ့ရှိတယ်။
အများအားဖြင့်မိုးရာသီလိုအခါမျိုးမှာတွေ့ရလေ့ရှိပါတယ်။အများအားဖြင့်ကြိုးကြာနီ
တွေကျက်စားတာက အင်း၊အိုင်တွေနဲ့ ရေဖွေးဖွေးရှိတဲ့လယ်ကွင်းတွေပဲဖြစ်ပါတယ်။ မိုးရာသီမှာ အသိုက်ပြုလုပ်၍ ဥဥလေ့ရှိသည်။ အသိုက်ပြုလုပ်ရာတွင် ကျူရိုး၊ ကိုင်းရိုး၊ ကောက်ရိုးတို့ဖြင့် ပြုလုပ်လေ့ရှိပြီး၊ဥဗျက်က ၂ ဒသမ ၄ လက်မှ ၂ ဒသမ ၈ လက်မခန့်ရှိသည်။ အကောင်ပေါက်ရဲ့ အမွှေးက နီညိုရောင်ဖြစ်ပြီး၊အကောင်ကြီးမှ မီးခိုးရောင်ပြောင်းသွားတယ်။ ဥဥပြီးတစ်လအကြာ သားပေါက်ပါတယ်။ အမွှေးအတောင်စုံပြီး အရွယ်ရောက်ရန် ၅၅ ရက်ကြာတယ်လို့သိရတယ်။
ကြိုးကြာဥ သို့မဟုတ် ကြိုးကြာသားကိုစားသောက်ပါက အန္တရာယ်ဖြစ်စေတယ်လို့ ယုံကြည်
ကြသော်လည်း ယခုမျိုးသုဥ်းမည့်အန္တရာယ်ကျရောက်နေသည်မှာ ဖမ်းယူသတ်ဖြတ်စားသောက်
ခြင်းကြောင့်ပင်ဖြစ်သည်။ နောက်ထပ်မျိုးသုဥ်းလုအန္တရာယ်နဲ့ရင်ဆိုင်လာရခြင်းမှာ လယ်မြေများကျယ်
ထွင်ခြင်းကြောင့်အသိုက်ကိုက်ရန်နေရာကျဥ်းမြောင်းလာခြင်း၊ထို့ကြောင့်ဥခ်ရန်နေရာနည်းပါးလာခြင်း၊ဓာတုဆေးများလယ်ကွင်းအတွင်းအသုံးပြုလာခြင်း၊အခြားတိရစ္ဆာန်များကဖမ်းယူစားသောက်ကြခြင်း
စတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။ဒါ့ကြောင့်အပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့က
ကြိုးကြာခေါင်းနီကိုမျိုးသုဥ်းမည့်အန္တရာယ်ကျရောက်နိုင်တဲ့အဆင့်အထြစ်သတ်မှတ်ထားတယ်။
ကြိုးကြာလောင်းနီကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းတို့တွင် တွေ့ရလေ့ရှိပါတယ်။ ၂၀.၉.၂၀၂၃ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာမှာ ၂၀၁၅ ခုနှစ်မှစတင်၍ ကြိုးကြာခေါင်းနီငှက်ဆိုင်ရာကိုကွင်းဆင်းလေ့လာခဲ့ရာ ယခုနှစ်မှာ ပထမဦးဆုံးစတင်တွေ့ရှိရတယ်လို့ ဖော်ပြထားတယ်။ ကြိုးကြာခေါင်းနီမျိုးစိတ်က မျိုးသုဥ်မှုအန္တရာယ်နဲ့ကြုံလာနိုင်တဲ့အတွက်
ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုအခြေအနေများ IUCN Global Threat Status အရကြိုးကြာခေါင်းနီ
ကို မျိုးသုဥ်းလုဖြစ်နိုင်တဲ့ မျိုးစိတ်အဆင့်အဖြစ် သတ်မှတ်ထားခဲ့ကြတယ်။ ဒါ့အပြင်လည်း ကြိုးကြာခေါင်းနီမျိုးစိတ်ကို လုံးဝမဖမ်းစီးရ သတ္တဝါစာရင်းမှာထည့်သွင်း၍ ဥပဒေဖြင့် ကာကွယ်ထား တယ်လို့လည်း သိရတယ်။
နိဂုံးချုပ်ဆိုရရင် ကြိုးကြာခေါင်းနီများဘာ့ကြောင့်ရှားပါးလာတာလဲ။ ဘယ်အကြောင်းတွေ ကြောင့်လဲ ဆိုတဲ့ အချက်တွေကိုသိရှိဖို့လိုပါတယ်။ အဓိကအကြောင်းအရင်းတွေကတော့ လယ်ယာမြေ
ချဲ့ထွင်ခြင်း၊ ငါးကန်များတူးဖော်ခြင်း၊ ကြိုးကြာနီငှက်များကျက်စားရာဒေသများနဲ့နေရာများကို ပိုးသတ်
ဆေး၊ ဓာတုဓာတ်မြေသြဇာတွေအသုံးပြုခြင်းတို့ကြောင့်ဖြစ်ပါတယ်။ဒါကအထက်ပါမေးခွန်းတွေရဲ့
အဖြေပါပဲ။ အများအားဖြင့်တော့ သက်ရှိမျိုးစိတ်တွေ ရှားပါးလာတာလူတွေရဲ့ပယောဂ မကင်းပါဘူး။ ယခုကြိုးကြားခေါင်းနီမျိုးစိတ်ရှားပါးမျိုးသုဥ်မဲ့အန္တရာယ် ကျရောက်လာတာ လူတွေကြောင့်ပဲ။ ဒါကိုလူတွေကပဲ ပြုပြင်တားဆီးနိုင်မယ်။ ဘယ်လိုတားဆီးမလဲဆိုတော့ အထက်ဖော်ပြပါ အချက်တွေကို ရှောင်ကြဥ်ရမယ်။ ဒါမှသာ သက်ရှိမျိုးစိတ်တွေရှားပါးပြီးမျိုးသုဥ်းမဲ့အန္တရာယ်ကို ကာကွယ်နိုင်မယ်။ ဒါကြောင့်မို့မြန်မာနိုင်ငံရဲ့ဒေသမျိုးရင်းဖြစ်တဲ့ကြိုကြာခေါင်းနီငှက်များ မျိုးသုဥ်းလုအန္တရာယ်နှင့်ရင်ဆိုင်နေရခြင်းကို ကာကွယ်ထိန်းသိမ်းကြဖို့ လိုကြောင်း ရေးသားတိုက်တွန်း လိုက်ပါတယ်။

ကိုကျော်စွာ(ကျိုက်ပိ)

About The Author

greenness_mm

No Comments

Leave a Reply