မြန်မာနိုင်ငံရှိမြစ်များ (သံလွင်မြစ်)

မြန်မာနိုင်ငံရှိမြစ်များ (သံလွင်မြစ်)

သံလွင်မြစ်သည် မြန်မာနိုင်ငံ၏အရှည်ဆုံးမြစ်ဖြစ်ရုံမက ကမ္ဘာပေါ်၌ ရှုခင်းအသာယာဆုံးနှင့် ရေစီးအကြမ်းဆုံးမြစ်တစ်မြစ်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထပ် မီတာ ၄,၀၀၀ ကျော်မြင့်သည့် ဟိမဝန္တာတောင်ပေါ်ရှိ တိဘက်ဒေသ ကုန်းမြင့်များမှ စတင်မြစ်ဖျားခံစီးဆင်းသည်။
ဤမြစ်သည် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်၏ တောင်တန်းထူထပ်သည့်ဒေသ များကိုလည်းကောင်း၊ မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၏ တစ်စိတ်တစ်ဒေသ (မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်စီးဆင်း) ကိုလည်းကောင်း ဖြတ်သန်း၍ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ အနီး မုတ္တမပင်လယ်ကွေ့၌ ဘင်္ဂလားပင်လယ်အော်(အက်ဒမန်ပင်လယ်)အတွင်းသို့ စီးဝင်သည်။
စုစုပေါင်း အရှည်သည် ၁၇၄၉ မိုင် (၂,၈၁၅ ကီလိုမီတာ)ရှိသော်လည်း မြန်မာနိုင်ငံအတွင်း၌မူမိုင် ၆၅ဝ သာရှိသည်။ နိုင်ငံတကာကို ဖြတ်သန်းစီးဆင်းခဲ့သည့် မြစ်တစင်းဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် မဲခေါင်မြစ်ပြီးလျှင် ဒုတိယအရှည်လျားဆုံး ဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှဒေသတွင် ဆည်တာတမံပိတ်ဆို့ခြင်းခံရခြင်း မရှိသေးဘဲ လွတ်လပ်စွာစီးဆင်းနေသည့် အရှည်ဆုံး မြစ်တစ်စင်းလည်း ဖြစ်သည်။

 


သံလွင်မြစ်ဝှမ်းလွင်ပြင်ဒေသသည် ဧရိယာ ၃၂၀,၀၀၀ ကီလိုမီတာအထိ ကျယ်ဝန်းပြီးရေဝေဒေသသည် တရုတ်နိုင်ငံ တွင် (၅၃%)၊ မြန်မာနိုင်ငံတွင် (၄၂%) နှင့် ထိုင်းနိုင်ငံတွင် (၅%) ရှိသည်။ ဟိမဝန္တာတောင်တန်းများမှသည် မုတ္တမပင်လယ်ကွေ့အထိ မြစ်ဝှမ်းဒေသတလျှောက်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အသက်မွေးဝမ်းကျောင်းကိစ္စများအတွက်ရော၊ ယဉ်ကျေးမှုအတွက်ပါ အရေးပါသည့်မြစ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူမျိုးကွဲများ အများဆုံးစုစည်းမှီတင်းနေထိုင်နေသည့် မြစ်တစင်းလည်း ဖြစ်သည်။ သံလွင်မြစ်၏ မြစ်ဝှမ်းနှင့် မြစ်လက်တက်များ၏ ရေဝေဒေသများတွင် နေထိုင်ကြသူ တိုင်းရင်းသားလူမျိုး ၁၃ အုပ်စုရှိပြီး၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် နေထိုင်ကြသည့် ရှမ်း၊ ၀၊ ကရင်နီ၊ ကရင်၊ ပအို့ဝ်၊ ပလောင်၊ မွန်၊ လားဟူ၊ ပဒေါင်၊ အာခါ၊ လီဆူး လူမျိုးများ အပါအဝင် ဖြစ်သည်။ အခြားတိုင်းရင်းသား အုပ်စုများသည်လည်း တရုတ်နိုင်ငံရှိ မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြသည်။

Credit: BRN
Photo:Original Onwers

About The Author

greenness_mm

No Comments

Leave a Reply