မြို့ကလေးနှင့် ရာသီစာ
ယခုလို ဆောင်းဦးကာလ၏နှင်းရည် စိုစွတ်နေသော နံနက်ခင်းအစတွင်သံပုရာပွင့် ရနံ့ များကို ရှူရှိုက်ရသည်ကလည်း တစ်မျိုးတစ်ဘာသာ ဆန်းလှသည်။
တစ်ချို့ ကတော့ဆောင်း နံနက်ခင်းတွင် ရတတ်သော ပြင်သစ်ပန်း ဒီဇင်ဘာ ပန်းရနံ့များကို ပို၍နှစ်ခြိုက်ကောင်း နှစ်ခြိုက်ပါလိမ့်မည်။
ကျွန်မကတော့ သံပုရာ ပွင့်ရနံ့များကို ပို၍စွဲလန်းနေမိပြီ။သံပုရာ ပင်တွေမှာ ပန်းပွင့်တတ်ကြောင်း ထို အပွင့်သည် ရနံ့ ရှိကြောင်း အရင်ကတော့ မသိခဲ့ ပါ။
ကျွန်မ၏ အမေက သစ်ပင် ပန်းမာန်များစိုက်ပျိုးရတာ ဝါသနာ ပါသောသူမို့
ခြံဝန်းထဲ မှာတစ်ပိုင်တနိုင်စိုက်ပျိုးထားသည်။
တစ်ခုသော ဆောင်းရာသီ၏နံနက်ခင်း စောစောတွင် ထူးခြား၍ညံ့သက်သော အမွှေးနံ့ တမျိုး ရခဲ့သည်။
ခြံ အနောက်ပိုင်း ရေကန်နားတွင် မွှေးသော ပန်းပင်ဘာမှမရှိ။ဒန့်သလွန်ပင်တွေ အဖူး ဖူးပြီးအပွင့် ပွင့်ချိန်ဆိုလျှင်တော့ ထိုအနံ့ကို ကျွန်မသိသည်။အခုက ဒန့်သလွန်ပင်တွေမှာလည်း
ဘာအပွင့်မှ မပွင့်သေး။
ဒါပေမယ့် ခပ်သင်းသင်း အမွှေးနံ့ကတော့ ရနေသေးသည်မို့ တရားခံကို တွေ့အောင်ရှာရပါသည်။
နောက်တော့ သံပုရာပင်က လိပ်ပြာလေးတွေကို သတိထား မိလိုက်သည်။စိမ်းမှောင်သော သံပုရာရွက်များ ကြားအဝါရောင် လိပ်ပြာလေးတွေ လူးလာခေါက်တုံ့ ဝဲပျံနေကြသည်။ဒါဆို မွှေးသောရနံ့၏တရားခံကသံပုရာပင် ကဖြစ်မည်။
ဟုတ်ပါသည် သံပုရာပင်နှင့်ပို၍နီးလေ ရနံ့က ပို၍
သေချာလာလေ။
ထိုနေ့က စပြီး သံပုရာပွင့် ရနံ့ကို သိသွားခဲ့သည်။
ဒါပေမယ့် ထူးခြား သည်က သူ့ရနံ့ကို နံနက်ခင်းစောစော နှင့် ညခင်း ချိန်တွေမှာသာ ရတတ်သည်။ခုလို မနက်စောစော တွင်နှင်းရည်သောက်ထားသော အပွင့် အရွက် အသီး တွေကို ကြည့်ရ မြင်ရသည်ကလည်း စိတ်ကြည်လင် လန်းဆန်းစေသားပင်။မိမိ အိမ်ခြံထဲမှာတစ်ပိုင်တနိုင်စိုက်ပျိုးထားသောသီးပင်စားပင်တို့သည် ဆောင်းကာလ နှင့် အမှီ သီးကြ ပွင့်ကြပြီ။ဟော ဟိုမှာ ရုံးပတီ၊ ခရမ်းသီး ၊
ပဲဇောင်းလျားသီး၊ကြက်ဟင်းခါးသီး ၊ပင်စိမ်း၊ချဥ်ပေါင်၊ငရုတ်သီးစိမ်းပင်တို့သည် စားလိုချိန် မှာ ခူး ချက်ရန်အဆင်သင့် ။
ဘေးအိမ်က ခြံဝင်းထဲ မှာလည်း ကိုက်လန်တို့ဆလတ်တို့ ထိုးထိုးထောင်ဖြစ်နေကြပြီ။ခုလို ခြံဝန်းထဲမှာ တနိုင်တပိုင်စိုက်ကြ ပျိုးကြသည်က ဝါသနာမို့ စိုက်ကြခြင်းပင်။
***
တကယ်တော့ ကျွန်မတို့မြို့ကလေး ကအစားအသောက် ပေါပါသည်။အသားငါး အတွက် လည်းဧရာဝတီ မြစ်ကမ်းနဖူး မေးတင်ထားသည့်မြို့မို့ ရေချို ပုစွန် ငါးပေါသည်။
ပြီးတော့ မြို့ကလေး ကို အုပ်မိုးထားသော တောင်တန်းကြီးက မြေဆီမြေနှစ်ကောင်းသည်။
ရာသီပေါ် သီးနှံတွေဖြစ်ထွန်းအောင်မြင်သည်။
မြို့က လူတွေရဲ့ အစွဲအလန်းကလည်း သြချရလောက်သည်။ငရုတ်သီးစိမ်း ဆိုလျှင် ပင်ထုံးဘို ကာလီသီးမှ အကြိုက်တွေ့ကြသည်။ကာလီသီးဟု ဘာကြောင့် ဘယ်ပုံ ခေါ်ကြသည်တော့မသိပါ။ဒါပေမယ့် ထုံးဘိုကာလီသီး ဆိုလျှင် တောင်ပေါ်ကသာ ထွက်သည်။အခြား ငရုတ်သီးစိမ်းများနှင့် ဘာကွာသလဲ ဆိုလျှင် သူကအတောင့်သေးသေး ပုပု လေးတွေဖြစ်ပြီး အစပ် ပိုကဲသည်။
စပ်တဲ့ အရသာထဲမှာ ငရုတ်နံ့ပြင်းပြင်းကလည်း အစစ်ပါသေးသည်။အစားအသောက်ထဲ တစ်တောင့်လောက် ထည့်လိုက်ရုံနှင့် မျက်ရည် မိုးရေ ကျပြီး မွှန်ထူသွားစေသည်။ဒါကြောင့်လည်း စျေးထဲမှာ ငရုတ်သီးသည်တွေကြား သူက ရောင်းပန်းပွင့်သည်။စျေးကြီးသည်။တစ်နယ်တစ်ကြေးမှာ ပြောင်းရွှေ့ အခြေကျသူ တို့သည် ပင် ဇာတိမြေ၏အစားအသောက်ကို မက်မော တောင့်တကြသည်။ဘယ်ရာသီ မှာ ဘာပေါ်ပြီလဲ လူကြုံ ကားကြုံများဖြင့် မှာယူစားသောက်ကြသည်။ခုန ထုံးဘိုကာလီသီးကလည်း သူတို့ မှာသည့် အထဲ မပါမဖြစ်ပေါ့။
ဇာတိမြေ၏အစားအသောက်ကိုတမ်းတတတ်သူများအတွက်တမာရွက် တွေ နုချိန်ဆိုလျှင်လည်း
ထုံးဘိုမှာ တမာချဥ် တွေရပြီလားဟု မက်မက်မော မောတောင့်တတတ်ကြသေးသည်။
ထုံးဘိုမှာနာမည်ကြီးသည်ကဦးကွမ်းတမာ။
ဦးကွမ်းတမာ က အရွက်ထက် အဖူး လေးများ ကို အဓိကထား၍ အချဥ် ဖောက်ထားသော တမာချဥ်ဖြစ်သည်။သူ့အရသာ ကလုံးဝ အခါးဓာတ်မပါသလို အရောင်အဆင်းကလည်း ဝါနုနု နှင့်စားချင်စဖွယ် ကောင်းလှသည်။
ဟိုးလွန်ခဲ့ သော နှစ်ပေါင်းများစွာ ကိုယ်တွေမမွေးခင်ကတည်းက ရှိခဲ့သော ဦးကွမ်း တမာက ယနေ့ထိ နာမည်ကြီးဆဲ။ဘာကြောင့်ဦးကွမ်းတမာဟု ခေါ်ရသည်လဲ။ဦးကွမ်း ဆိုသော အဘိုးကြီးပိုင်သော ခြံကထွက်သောကြောင့်ဖြစ်သည်။ဦးကွမ်း ခမျာ လောကကြီးထဲ က ထွက်သွားတာ ကြာခဲ့ပြီပေမယ့် သူ့ခြံက ထွက်သောဦးကွမ်းတမာချဥ်ကတော့ဒေသစာအဖြစ် သူ့ ၏မျိုးဆက်များအထိတိုင်နာမည်ကြီးတုန်း။
ဦးကွမ်း တမာချဥ်နှင့် အလိုက်ဖက်ဆုံးကတော့ ခရမ်းချဥ်သီး ပန်ထွေ ဖျော်ပင်။ခရမ်းချဥ်သီး ဆိုလျှင် လည်း ကိုင်းခရမ်းချဥ်သီးမှ။ကိုင်းခရမ်းချဥ်ကတော့ မြို့၏ တစ်ဖက်ကမ်း မြေနုကျွန်းများက ထွက်သည်။သူက ချဥ်ပြုံးပြုံး အရသာရှိပြီးအသားက နူးညံ့သည်။ကိုင်းခရမ်းချဥ်ကို မီးခဲ ရဲရဲ ထဲ ပစ်ထည့်ပြီး မီးဖုတ်။ပြီးလျှင် အစေ့ထုတ်ပြီး ငရုတ်စုံထဲ ခပ်သာသာ လေးထည့်ထောင်း။
ထုံးဘိုကာလီသီးလေးညှပ်ထည့်ပြီး နံနံပင်လေးအုပ်။ထို ခရမ်းချဥ် သီးပန်ထွေဖျော်နှင့် ဦးကွမ်းတမာ တို့၏လိုက်ဖက်မှုကြီးကတော့ နွေရာသီဟင်းတခွက်အဖြစ် အိမ်တိုင်းမပါမဖြစ်ပင်။ထမင်းဝိုင်းအတွက်အတို့အမြုပ်ဆိုလည်း စျေးတပတ် ပတ်ရုံနှင့်ခေါင်းပင် မူးသွားနိုင်သည်။စားချင်စဖွယ် အသီး အရွက် စိမ်းစိမ်းစိုစို လတ်လတ်ဆတ်ဆတ်တွေက ဝယ်ချင်စရာချည်းမို့ပင်။မနက် စောစော တောင်ပေါ်က စျေးသည်များ ၏ခံတောင်းများထဲတွင် ရှောက်ရွက် ၊ဥသျှစ်ရွက်၊ကြောင်လျှာရွက်၊ပူစီနံ၊
သခွါးသီး မှ စလို့ခရမ်းကစော့၊ဘူးသီးနုနု၊ဖရဲသီးနုနုလေးများလဲပါသည်။
ပဒတ်စာ လေးများပေါ်ချိန်ဆိုလျှင်လည်း ဟင်းချိုလေးတစ်ခွက်ကလည်း မချက်မဖြစ် ချက်ကြသေးသည်။ရေနွေးပွက်ပွက်ဆူထဲ ကြက်သွန်ဖြူလေး ထုထောင်းပြီး ထည့် စားခါနီးမှ ပဒတ်စာလေးတွေ ပစ်ထည့်လိုက်သော ဟင်းချိုလေးမှာ ပူရှိန်းရှိန်း မွှေးတေးတေးနှင့် ရင်အေးစေပါသည်။
တစ်ချို့ကလည်းပဒတ်စာကို နောက်တမျိုး ချက်စားတတ်ကြသည်။
ပဲကြီး ပေါ်ချိန် ပဲကြီးကို ဆီပြန်ချက်ပြီး ပဒတ်စာ လေးအုပ်ကာထည့်လိုက်လျှင် စားမြိန်သော ဟင်းတခွက်ဖြစ်သွားပြန်သည်။
ပဲကြီး ဆူးပုပ် ဟင်းချို လုပ်၍သောက်လိုလျှင်လည်း ဖြစ်သေးသည်။
ဆူးပုပ် စားချင်လျှင်တော့ ဆူးပုပ်ကြီး ဆူးပုပ်ကလေး နှစ်မျိုးရှိသည်။
ဆူးပုပ်ကြီးက အနံ့ပြင်းသည်။ဆူးမပါ။အခက် အလက် ထွားသည်။သို့သော် သွေးတက်စေသည်ဟုကြားဖူးသည်။
ဆူးပုပ်ကလေးကတော့ အနံ့မပြင်း သလို အခက်သေးသည်။ပြီးတော့ဆူးပါသည်။ထို့ကြောင့် ဆူးပုပ်ကလေးကိုသာ အစားများကြသည်။ပဲကြီးကို ဆူးပုပ် ပဒတ်စာများနှင့် မဟုတ်ပဲ တစ်ချို့က ဒန့်သလွန်သီးနှင့်လည်း အရည်သောက်ချက်စားကြတတ်သည်။
ဒန့်သလွန် ပေါ်ချိန်ဆိုလျှင်လည်း ဒန့်သလွန် သီးနှင့် နွေပဲသီး အရောချက်က အိမ်ပေါ်က မဆင်းတော့ပေ။နွေပဲသီးတို့ဒန့်သလွန်သီးတို့ဆိုတာလည်း မိမိ အိမ်ခြံများထဲ အချိန်မရွေး ခူးဆွတ်စားနိုင်သည်ကိုး။
***
မိုးနှောင်းကာလရောက်လျှင်တော့မြို့ကလေးမှာ မိုးရွာလိုက် နေပူလိုက်နှင့် ပူစပ်စပ်ဖြစ်လာတတ်သည်။ထိုအချိန်ကာလများ
မှာဆိုလျှင်တော့ နေ့လည် နေ့ခင်းဘက် မှိုသည် တွေ တန်းစီထွက်လာတော့သည်။
မှိုရတဲ့ မျက်နှာဆိုတာ ကြားဖူးကြရဲ့ မဟုတ်လား။
မှိုသည်တွေ မျက်နှာပန်းပွင့်ပုံများ အားကျရလောက်သည်။
မှိုပေါ်စ ဦးဦးဖျားဖျားနေ့ရက်များဆိုလျှင် မှိုသည်များလာမည့်လမ်း ရွာသစ်ကုန်း၊ တဲကြီးကုန်း၊ တံတားထိပ် မှာ ပင် ဝယ်သူတို့သွားစောင့်နေတတ်ကြသည်။ရပ်ဝေးက ဆွေမျိုးသားချင်းတွေကို လက်ဆောင်ပေးဖို့၊မိမိ အိမ်သားတွေစားဖို့ မှိုကိုပင် သောင်းချီ ပေး၍ဝယ်တတ်ကြသည်။အုန်းလက် ငှက်စို့ မှိုလေးများမှာလည်း တခြား ဟင်းအကူမလိုအောင်ပင် ချိုလှ အရသာ ရှိလှပါသည် မဟုတ်လား။ဒီဘက်ကလူတွေက စိုက်ပျိုးရေး မှိုကို သိပ်မစားကြ။တစ်ရာသီစာ ပေါ်သော မှိုကိုပင် ရာသီချိန်မှာ စားတတ်ကြသည်။
အုန်းလက် ငှက်စို့ မှိုများအပြင် ဝါးယောင်းမှိုဆိုတာလည်းရှိသေးသည်။သူက အရည်သောက်ချက်စား၍ကောင်းသည်။ရွှေဖရုံသီးစီးစီးလေးနှင့် ဝါးယောင်းမှို အရောချက်ကလည်း ခံတွင်းမြိန်သော ဟင်းတစ်ခွက်ပင်။ရွှေဖရုံသီး ဆိုလျှင်လည်း တောင်ပေါ်က လာသော ဖရုံက ပို၍စီးပိုင်သည်။
သူ့အခွံတွေ က စိမ်းလွန်းမက နက်မှောင်နေသည်ဆိုလျှင် တောင်
ပေါ် ရွှေဖရုံသီးစစ်သည်။အခွံကို လက်သည်းနှင့်ဆိတ်ကြည့်လျှင်ပင် တိုးမပေါက်။
ဓားနှင့် ထက်ခြမ်းခွဲကြည့်လိုက်လျှင်တော့ အစီးရေတွေပိုးပိုးပေါက်ပေါက် ကျလာပြီး ဖရုံသီးအသားက ဝါနှစ်နေမည်။
ခုလို ဆောင်းရာသီမှာတော့ မြို့ကလေး၏မနက်ခင်း အစားအစာက ကောက်ညှင်း အဓိက ဖြစ်သည်။အငွေ့တထောင်းထောင်း ထနေသော ကောက်ညှင်းပေါင်း ပူပူများကို လက်နှင့်ဆုပ်နယ်၍ မီးဖိုဘေး ဝိုင်းဖွဲ့ ၍စားရတာ ကအရသာရှိလှသည်။ကောက်ညင်း ပေါင်းနှင့် အမဲခြောက်ဖုတ်၊ငါးခြောက် ဖုတ် ငါးကြော်လေးများနှင့် တွဲဖက်စားတတ်ကြသည်။
တစ်ချို့ကတော့ ကောက်ညှင်းပေါင်းကို ငါးပေါင်းကြော်နှင့် တွဲဖက်စားတတ်ကြသည်။
ငါးပေါင်းကြော်ဆိုလို့ ငါးကြော်ဟု ထင်နေကြမည်လားမသိ။မဟုတ်ပါ။ဘူးသီးကြော် ကြွပ်ကြွပ် ရွရွ များကိုပင် ဒီဘက် က ငါးပေါင်းကြော်ခေါ်ကြသည်။ကျွန်မတို့ငယ်ငယ် ကျောင်းသူ ဘဝ ထဲက နာမည်ကြီးအကြော်ဆိုင်ရှိသည်။ဧရာဝတီ မြစ်ကမ်းနဖူးမှာ တဲထိုးပြီး ကြော်သော မနီမ အကြော်က နာမည်ကြီးပင်။ဒေါ် နီမကဟိန္ဒူအမျိုးသမီးကြီးဖြစ်သည်။သူ့အကြော်ဆိုင်ကလည်း လက်မလည်အောင် ရောင်းရပါသည်။ဘူးသီးကြော် စားရဖို့ မနက်ခင်းစောစောများမှာ လေထန်သော ဧရာဝတီ မြစ်ကမ်းပါးတွင် သွားရောက်၍ စောင့်ဝယ်ရသည်။အရင် ရောက်သူ အရင်ရမည်။
ဒေါ်နီမက အလှည့်ကျော်မရောင်းတတ်။ဒေါ်နီမ၏
ပဲဝါကြော် ပဲနက်ကြော်များမှာတော့ ရပ်ဝေးကပင်မှာစားကြသည်။သံပုံး အလုံပိတ်ထဲ ဒေါ်နီမ အကြော်ကို ထည့်သာထား။တစ်လ ကိုးသတင်း ထား၍စားလို့ရသည်။ညနေခင်း ဆိုလျှင်လည်း ဒေါ်နီမ အကြော်ဆိုင် လူတိုးရပြန်သည်။ခရမ်းချဥ်သီးချက် ပူပူလေးနှင့် ဘူးသီးကြော်ကလည်း ညစာ ဟင်းတစ်ခွက် ဖြစ်သည်။လက်လုပ် လက်စား သမားများ ညနေ
ခင်း အိမ်အပြန်တွင် လက်ထဲမှာအကြော်ထုပ်လေးများ ကိုယ်စီ ပါလာကြသည်။
အေးမြယုံမက ခိုက်ခိုက်တုန်နေသော ဆောင်းညများတွင် မီးဖိုဘေးထိုင်ပြီး မီးလှုံရင်း စားဖို့ ထန်းပင်ပေါက် ပဲမြစ် ဝါးဥ စားစရာများကတော့ မရိုးစေရ။ မီးဖုတ်ထားသော ထန်းပင်ပေါက်နံ့ မွှေးမွှေး လေးများကလည်း ဆောင်းညချမ်း၏ အရသာတစ်ခုဖြစ်သည်။
***
ဆောင်းအကုန် နွေ အကူး လေရူးတွေ မြူးချိန်ရောက်ပြီဆိုလျှင်တော့ သရက်ကင်းတွေ တဖုတ်ဖုတ်ကြွေလေပြီ။မြို့ကလေး မှာ ထူးခြားချက် တစ်ခု ရှိသေးသည်။အိမ် တိုင်း အိမ်တိုင်းမှာ သရက်ပင်များ ရှိခြင်းပင်။သခင်မြ လမ်းမှ ဗိုလ်ချုပ်လမ်း တောက်လျှောက် မြို့ ၏အဓိက လမ်းကိုပင် ကြည့် ။သရက်ပင် မရှိသော အိမ်မရှိ။
သရက် ဖူးချိန်ဆို လမ်းကလေးသည် သရက်ဖူးနံ့များ မွှေးပျံ့လျှက်။သရက်ကင်း ကြွေချိန်ဆိုလျှင် လည်း လမ်းပေါ်မှာ သရက်ကင်းလေးတွေ ဖွေးဖွေးလှုပ်။သရက် ကင်းကြွေလေးများကို အလဟသ လွှင့်မပစ်တတ်ကြ။ရေစင်အောင် ဆေးပြီး ထက်ခြမ်းခွဲကာ ရေထဲ စိမ်ထားလျှင် တဂျွတ်ဂျွတ်နှင့်စားကောင်းလှသည်။ တချို့တဝက် အနာအဆာ မပါသော သရက်ကင်းလေးများကိုတော့ ဆားရည် စိမ်ထားတတ်ကြသည်။သရက်သီး ဆားရည်စိမ် မရမ်းသီး ဆားရည်စိမ်ဆိုတာကလည်း မိုးတွင်းစာ ဟင်းအကူပင်။ဆားရည်စိမ် ပုလင်းကို လေလုံအောင်သာ ပိတ်ထားပါက တစ်နှစ်ပတ်လုံးစားရနိုင်သည်။
နွေ ရာသီကုန်၍ မိုဦးကျကာလ ရောက်လျှင်တော့ မြို့ကလေးမှာသရက်သီးမှည့်တွေ လှိုင်လှိုင်ပေါ်ပြီ။မိုးဦးကာလ မိုးသံ လေသံများနှင့်အတူ သရက်သီးမှည့် တွေလဲ အိမ်ခြံ ထဲ လမ်းမထဲ တဖုတ်ဖုတ် ကြွေရပြန်ပါပြီ။
အပင် တွေမှာ ရှိသော အသီးထက်ဝက်မက လေဒဏ်ကြောင့် မြေခရမြဲ။
လျှပ်စီး တဝင်းဝင်း မိုးခြိမ်းသံ တဂျိန်းဂျိန်းကို မမှုပဲ သရက်သီးကောက်သော ကလေး တွေကလည်း မိုးကာလ ၏ အမှတ်အသား သဖွယ် ဖြစ်နေတော့သည်။လေ မိုး တိတ်သွားပြီ ဆိုလျှင် သရက်သီး ဗန်း လေးများနှင့် စျေးသည်လေးများ
အလျှို လျှို ထွက်လာကြပြီ။လေပုတ် ၍ကြွေသော သရက်သီးတွေက များသောအားဖြင့် ပန်းဆွဲသီး
ရင်ကွဲ သီးများဖြစ်သည်။အစိမ်း သာစားကောင်းပြီး အမှည့်စားမကောင်းသော အသီးများမို့ ဝယ်သူလဲ သိပ်မရှိတတ်ပါ။
မိုးစိုစိုထဲ အချမ်းခံ လည်ရောင်းနေသော ကလေးတွေကို ကိုယ်ချင်းစာ စိတ်ဖြင့်သာ တချို့ တွေက အားပေး ဝယ်ယူ တတ်ကြခြင်းဖြစ်သည်။
သရက်သီး ဆိုလျှင် ဒလ သီးတို့ ဒေါ်သာဖြူ တို့သာ စျေးကောင်းပေး၍ဝယ်စား တတ်ကြသည်။
ပြည်ဘက်ကအမျိုးများ က ဦးရွှေဝိုင်းတို့ မြကျောက်တို့ စိန်တလုံးတို့ ခြင်းကလေးတွေနဲ့ ပို့ပေးတတ်ကြသည်။ဒီဘက်က လူတွေရဲ့ ဒေါ်သာဖြူ တို့ ဒလ တို့ကိုလည်း ပြန်ပို့ပေးရတတ်သည်။ ထိုကဲ့ သို့ ဒေသစာလေးများကို လဲလှယ်စား တတ်သည်ကလည်း ချစ်စဖွယ် ဓလေ့ တစ်ခုလိုဖြစ်နေတော့သည်။
ဘာပဲပြောပြောမြို့သူ မြို့သားများသည် ကိုယ့်မြို့ကလေးရဲ့ ချစ်စရာ များထဲ ရာသီစာလေးများကိုမြတ်နိုး တန်ဖိုးထား တတ်ခြင်းကလည်း ဂုဏ် ဒြပ် တစ်ခုပင်မဟုတ် ပါလား။
****
မြေကြီး နှင့် သဘာဝကို ချစ်ပါက ထိုမြေကြီး ထိုသဘာဝ က လူတို့ တဝမ်းတခါး အတွက် တော့ မပူပင်ရအောင် လက်ဆောင်ပြန်ပေးလိမ့်မည် ထင်သည်။
ဆွေဇင်ဦး
No Comments