မြေတိုက်စားမှု – အသံတိတ် သဘာဝပတ်ဝန်းကျင် ကပ်ဘေးအတွင်းက မြန်မာနိုင်ငံ Erosion: Myanmar in a Silent Environmental Crisis

မြေတိုက်စားမှု – အသံတိတ် သဘာဝပတ်ဝန်းကျင် ကပ်ဘေးအတွင်းက မြန်မာနိုင်ငံ Erosion: Myanmar in a Silent Environmental Crisis

သိန်းမော် (ဒီဇင်္ဘာ ၂၆ ရက်၊ ၂ဝ၂ဝ ခုနှစ်)

သစ်ပင်သစ်တောများ ပြုန်းတီးလာသည့်အခါ မိုးရေကို မထိန်းချုပ်နိုင်တော့။

ရွာချလိုက်သည့် မိုးရေကိုစုပ်ယူရန်နှင့် ရေစီးကိုနှေးစေသည့် သစ်ပင်သစ်တောများ မရှိတော့သည့်အခါ၊ အတားအဆီးမဲ့ လျင်မြန်စွာစီးလာသည့် မိုးရေစီးများက မြေပေါ်တွင် ကြာရှည်မနေတော့သဖြင့် မြေကြီးအတွင်းသို့လည်း စိမ့်ဝင်နိုင်မှု မရှိတော့။ ထိုအခါ မြေအောက်ရေများ လျော့ကျလာရသည်။ မြေအောက်ရေ လျော့နည်းသဖြင့် နွေအခါ စမ်းတို့ခမ်း၍ မြစ်ချောင်းတို့အတွင်း ရေနည်းပါးလာရသည်။

သစ်ပင်သစ်တောများ ပြုန်းတီးလာသည့်အခါ ရွာချသည့် မိုးရေများသည် အတားအဆီးမဲ့ ဒလဟောစီးရင်း စွမ်းအင် ကြီးမားလာသည့်အခါ၊ လမ်းတွင်တွေ့သမျှ အမိုးအကာမဲ့သည့် မြေကြီးမြေပြင်မှန်သမျှကို တိုက်စားကာ သယ်ယူတော့သည်။ အမြင့်ပိုင်းဒေသများတွင် မြေဆီသြဇာကောင်းသည့် အပေါ်ယံ မြေလွှာများ ဆုံးရှုံးကြရသည်။ အရင်းများပါသွားသည်။ အမြတ်ကို မြစ်ဝကျွန်းပေါ်သားတို့ ခံစားကြရသည်။

မြေပြင်များတစ်လျှောက် အပေါ်ယံမြေလွှာတိုက်စားမှုများ၊ ရေစီးကြောင်း တိုက်စားမှုများ၊ မြောင်းပေါက်ချောက်ပေါက် တိုက်စားမှုများကို ဖြစ်လာစေသည်။ မြေကြီးမြေပြင်တို့ အကျည်းတန် လာကြရသည်။ အချို့နေရာများတွင် အကျည်းတန်အလှများလည်း ပေါ်ထွန်းလာပြီး လူသားကို ညှို့ငင်ကာ မူးယစ်စေသည်။ မြေတိုက်စားမှုများကို သတိမပြုမိ၊ စိုးရိမ်စိတ်မရှိဘဲ လက်ခံရမည့် သဘာဝတရားအဖြစ် လွဲမှားကာ ကြိုဆိုကြပြန်သည်။

မိုးရေများက သယ်ဆောင်လာသည့် သဲမြေများနှင့်အတူ၊ မိမိတို့ စီးဆင်းရာလမ်းတစ်လျှောက် အနိမ့်ပိုင်းရှိ ကန် ဆည် တမံ မြောင်း ချောင်း မြစ်ကြောင်းများ အတွင်းသို့ ဝင်ရောက်သွားကြသည်။ ရေစီးနှေးလာသည့်အခါ စွမ်းအင်များ လျော့ကျလာသည်။ ထိုအခါ သယ်ယူပါလာသမျှကို ရောက်သည့်နေရာတွင်ပင် ပို့ချပစ်တော့သည်။ ကန် ဆည် တမံ များအတွင်း ရေလှောင်စရာနေရာများ လျော့လာသည်။ မြစ် ချောင်းများ ကောလာရသည်။

မြောင်းပိတ်သည့်အခါ မြောင်းလျှံကာ ရေတို့ ဘေးသို့ စီးထွက်ရသည်။ ချောင်းများ မြစ်များ သဲ နုံး ဝင်ရောက်မှုများကြောင့် ကောသည့်အခါ ရေကြီးရေလျှံမှုများ ဆိုးရွားလာရသည်။ စီးစရာနေရာအလုံအလောက် မရှိတော့သည့်အခါ ဘေးသို့ လျှံထွက်စီးရင်း လူတို့၏ ဒုက္ခဘေးများကို ပိုဆိုးကာ တိုးလာစေသည်။

နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝကပ်ဘေးများနှင့် ယဉ်ပါးလာကြသည့်အခါ၊ အကြောင်းရင်းများကို ရှာရန်ဆိုသည်ကိုရော အဖြေများကို ထုတ်ဖော်ရင်း ပြဿနာများကို ဖြေရှင်းနိုင်ရန် လိုအပ်သည် ဆိုသည့် အချက်များကိုပါ မေ့လျော့လာကြသည်။ ကြိုးစားရန်လည်း အားမထုတ်ကြတော့။

မိုးတွင်လာသည့် ရေကြီးမှုဒုက္ခသည် ဆောင်းတွင်ကွယ်ပျောက်၍၊ နွေတွင်ရသည့် ပူလောင် ရေရှားသည့် ဒုက္ခများသည်လည်း မိုးအဝင်တွင် နိဂုံးချုပ်ရစမြဲ ဖြစ်သည်ဟု ထင်မှတ်လာကြတော့သည်။

အထက်အညာမှ ပါလာသမျှ နုံးမြေများအပြင်၊ သစ်ပင်အကာအကွယ်မဲ့သည့် မိုးနည်းရေရှားရပ်ဝန်းတွင် မိုးရွာချတိုင်း မြေပြင်များကို တိုက်စားကာ ဧရာဝတီသည် မြေလတ်အညာတွင် မြေ ကျောက်များဖြင့် ထပ်မံဖြည့်တင်းခြင်း ခံရသည်။ ထိုဒေသတွင် မြစ်ကြောင်းများ မကြာခဏ ပြောင်းလဲရသည်။ ပို့ချမှုများကြောင့် မြစ်ကြောင်းများ အစိတ်စိတ် အမွှာမွှာ အဖြစ်ဆုံးဒေသလည်း ဖြစ်လာသည်။ မြစ်ကြောင်းပြောင်းလဲမှုများကြောင့် မြို့ရွာများ၊ အဆောက်အအုံများ၊ သာသနိကနှင့် ယဉ်ကျေးမှု အမွေအနှစ်များစွာ တိုက်စားဖျက်ဆီး ခံကြရသည်။

မြေတိုက်စားမှုများကြောင့် ကမ္ဘာပေါ်တွင် လူ့ယဉ်ကျေးမှုအဖွဲ့အစည်းများ ပျောက်ကွယ်သွားခဲ့ရသည်များ ရှိခဲ့သည်ဟု သုတေသီအများက ဆိုကြသည်။ မက်ဆိုပိုတေးမီးယားမှသည် အင်ကာအထိ အတိတ်က လူ့အဖွဲ့အစည်း များစွာသည် အခြားအကြောင်းရင်းများအပြင် သစ်တောပြုန်းတီးမှုနှင့် မြေတိုက်စားမှုများကြောင့် ကွယ်ပျောက်သွားကြရသည်ဟု ကောက်ချက်ပြုကြလေ့ ရှိသည်။

ထိုကောက်ချက်များသာ မှန်ခဲ့လျင် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပျောက်ကွယ်သွားနိုင်သည်မှာ မြေလတ်အညာ ယဉ်ကျေးမှုလူ့အဖွဲ့အစည်း ဖြစ်သည်ဟု ထင်မှတ်မိခဲ့သည်။

ပူလောင်ရေရှားကာ စိုက်ပျိုးရန်ခက်ခဲသည့် ထိုဒေသတွင် မိုးရေခံစိုက်ပျိုးရေးသည် အသက်ရှင်ရပ်တည်ရန်အတွက် အာမခံချက် မပေးနိုင်တော့။ ထိုဒေသမှ လူအများမှာ ဒေသ၏အပြင်ဘက်သို့ အကြောင်းအမျိုးမျိုးဖြင့် စွန့်ခွာသွားခဲ့ကြပြီးလည်း ဖြစ်သည်။

တကယ်တော့ လူသားမျိုးနွယ်ကိုပါ ထိခိုက်လာနိုင်သည်ဆိုသည့် ထိုကောက်ချက်သည် မြေလတ်အညာ ဒေသတစ်ခုတည်း အတွက်သာ မဟုတ်တော့။

မြန်မာနိုင်ငံတစ်လွှားတွင် သစ်တောများ အကျယ်အဝန်း ကြီးမားကျယ်ပြန့်စွာ ပျက်သုဉ်းခဲ့ပြီးဖြစ်သည်။ အချို့ဒေသများတွင် နေရာကွက်၍ဆိုးရွားစွာ တောင်ကတုံးများ ဖြစ်ထွန်းလာသည်။

မြေတိုက်စားမှုများက နိုင်ငံတစ်ဝှမ်းရှိ ရေဝေရေလဲဒေသများစွာကို ပျက်စီးစေခဲ့ပြီးလည်း ဖြစ်သည်။

စိုက်ပျိုးမှုနှင့် သစ်တောများကို မှီခိုနေထိုင်ရန် မဖြစ်နိုင်တော့သည့်အခါ မြန်မာနိုင်ငံသား မြောက်မြားစွာသည် လူဦးရေ သန်းနှင့်ချီလျက် နိုင်ငံ၏ပြင်ပသို့ စွန့်ခွာသွားခဲ့ကြပြီး ဖြစ်သည်။ အပြီးတိုင် စွန့်ခွာခြင်းမျိုး မဖြစ်ပါစေနှင့်ဟုသာ ဆုတောင်းမိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် အဂတိလိုက်စားမှုများက သဘာဝကပ်ဘေးကို ပိုမိုဆိုးရွားလာစေရန် အဘက်ဘက်မှ တွန်းပို့နေကြသည်။ လက်နက်နှင့် အာဏာကို ရင်ဆိုင်ရန် မဖြစ်နိုင်သူများအတွက်လည်း ဒေသကို စွန့်ခွာခြင်းသည်သာ နောက်ဆုံးရွေးချယ်စရာ ဖြစ်လာခဲ့သည်။

မြေတိုက်စားပို့ချမှုများကြောင့် အင်းလေးကဲ့သို့သော ရေကန်ကြီးများ ရေကန်ငယ်များ ကောလာသည်အထိ ပို့ချခံကြရသည်။

ပို့ချမှုများကြောင့် ရာဇဂြိုဟ်နှင့် ကင်းတား စသည်တို့ကဲ့သို့သော ရေလှောင်တမံများ ရေမလှောင်နိုင်ဘဲ သဲနုံးတို့ ဝင်ရောက်ကာ ကောသွားရသည်များကို ဓါတ်ပုံများအတွင်း စိတ်ပျက်ဖွယ် တွေ့လာရသည်။ ရေဝေရေလဲဒေသများတွင် သစ်တောများမရှိဘဲ ဆက်၍ တည်ဆောက်ကြမည့် ဆည်တမံကြီးများ အတွက်လည်း ရင်လေးရသည်။

ဧရာဝတီကဲ့သို့သော မြစ်ကြီးများ မြစ်ငယ်များ မြစ်လက်တက်များ ချောင်းများ ပိုမိုပျက်စီးကာ ကောလာကြရသည်။

ဧရာဝတီကို သတ္တဝါတစ်ကောင်အဖြစ် စဉ်းစားကြည့်လျင် စွန့်ထုတ်သည့်အပိုင်းကို ပုံမှန်စစ်ဆေးရန်လိုသည်။ ဘင်္ဂလားပင်လယ်အတွင်း သဲ နုံး ပို့ချမှုများ လျော့ကျလာလျင် အခြေအနေက ပိုဆိုးလာနိုင်သည်။ ပင်လယ်ရေသည် ဧရာဝတီမြစ်အတွင်း အဘယ်မျှ တိုးဝင်လာခဲ့ပြီး ဖြစ်သည်ကိုလည်း သိရှိဖို့ လိုအပ်သည်။

ဝမ်းမကောင်းသဖြင့် ခေါင်းခဲရပြီးသည့်နောက်၊ အပေါ့အလေးမစွန့်နိုင်တော့လျင် အူပုပ်သည်မျိုးပါ ကြုံလာရနိုင်ကောင်းသည်။

သစ်တောများ ပြုန်းတီးရာမှ စတင်လာခဲ့သည့် မြေတိုက်စားမှုသည်၊ ရေဝေရေလဲဒေသ များစွာကို လည်းကောင်း၊ ရေလှောင်ရေဝပ်စရာ နေရာများစွာကိုလည်းကောင်း၊ ရေဝင်စီးဆင်းစရာ မြစ်ချောင်း များစွာကိုလည်းကောင်း ပျက်စီးစေခဲ့ပြီ ဖြစ်သည်။

ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင် ပြန်ဖြစ်လာစေရန်အတွက်၊ ရေေဝေရေလဲဒေသများတွင် သစ်တောများ ပြန်လည် ထူထောင်ပေးရန်နှင့် မြစ်ချောင်းများစွာကို တူးဖော်ပြီး စနစ်တကျဖြစ်လာစေရေး လုပ်ဆောင်ပေးရန် ပျက်ကွက်နေခဲ့ပြီး ဖြစ်သည်။ ပျက်ကွက်နေဆဲလည်း ဖြစ်သည်။

အကြောင်းချင်းရာ များစွာကိုလည်း ပူပန်မှုကင်းစွာ လက်ပိုက်ကြည့်ရင်း၊ ကောင်းနေသည်ကို ဆက်လက်ထိန်းသိမ်းရန်နှင့် ဆိုးနေသည်ကို ကောင်းလာစေရန်အတွက် လုပ်ဆောင်ပေးရမည့် လူသားတို့၏ တာဝန်များကိုလည်း ပျက်ကွက်နေခဲ့ပြီး၊ ပျက်ကွက်နေဆဲလည်း ဖြစ်သည်။

ဘိုးဘွားဘီဘင်တို့ ထားရစ်ခဲ့သည့် သမိုင်းကြီးသည့် ရာဇဝင်ထဲက ဧရာဝတီသည်၊ ကမ္ဘာကုန်သည့်တိုင် အနုအလှအစစ်နှင့် အသက်ရှင် လုံခြုံမှုပေးနိုင်သည့် ဂုဏ်ထက်၊ ဝစ်လစ်စလစ် အလှကဲမှုဖြင့် ဒုက္ခပေးနိုင်သည့် ညှို့အားများ အလွန် ပြင်းလာခဲ့သည်။

မိမိတို့ ဘိုးဘေးအဖြစ် နေရာယူကြရမည့်အချိန်တွင် နောင်လာနောင်သားများက မည်ကဲ့သို့ သမိုင်းတင်ကြလေမည်နည်း။

သူတို့အပြစ်တင်သည်ကို စောင့်နေသည်ထက် မိမိတို့ကိုယ်တိုင် အပြစ်မြင်ကာ အကြောင်းရင်းရှာ အဖြေထုတ်ရင်း အဖြေထွက်သည်အထိ ဆောင်ရွက်ကြရမည့်အချိန်ကို နောက်ကျသည်ဟု ဆိုရန် အချိန် မဟုတ်တော့ပါ။

ဤအသံတိတ် သဘာဝပတ်ဝန်းကျင် ကပ်ဘေးအတွင်းမှ ရုန်းထွက်နိုင်ရန်အတွက် နည်းလမ်းပေါင်းများစွာ ရှိနေသည်။ ထိုနည်းလမ်းများစွာထဲတွင်၊ အဓိကအကျဆုံး အကြောင်းရင်းဖြစ်သည့် သစ်ပင်သစ်တောများကို ပြန်လည်ထူထောင်ရင်း၊ သစ်ပင်သစ်တောများ ဖြစ်ထွန်းမလာသေးမီ ယင်းတို့၏ တာဝန်များကို အစားထိုးဆောင်ရွက်ပေးနိုင်မည့် မြေကြီးမြေပြင်ကို ပြုပြင်သည့် နည်းလမ်းများစွာလည်း ပါဝင်သည်။

ထို့အပြင် ဗက်တီဗာမြက်များ စိုက်ပျိုးအသုံးချခြင်းသည်လည်း ကျယ်ပြန့်စွာလက်ခံရမည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ရေပြင်ညီ ဗက်တီဗာမြက်ရိုးတန်းများသည် မြေတိုက်စားမှုများကို ကာကွယ်တားဆီးပေးကာ မြေနှင့်ရေကို ထိန်းသိမ်းပေးသည်။ ထို့အပြင် အတူရောနှောစိုက်ပျိုးသည့် အပင်တိုင်းလိုလိုကို အကျိုးဖြစ်စွာ အတူယှဉ်တွဲယှဉ်သန် ဖွံ့ဖြိုးလာစေနိုင်သည့် အပင်တစ်ပင်လုံး အသုံးဝင်သည့် မြက်ပင်မျိုး ဖြစ်သည့်အတွက်၊ စိုက်ပျိုးရေးနှင့် သစ်တောများထူထောင်ရေးတွင် ကောင်းစွာ အထောက်အကူ ဖြစ်စေနိုင်သည်။

သို့ရာတွင် မြေတိုက်စားမှုတိုင်းကို ဗက်တီဗာမြက်က တားဆီးပေးနိုင်မည်မဟုတ်ဘဲ၊ အချို့နေရာများတွင် အခြားနည်းလမ်းများနှင့် ပေါင်းစပ်ကာ အသုံးချရန် လိုအပ်မည်ဖြစ်သည်။

ကြီးမားကျယ်ပြန့် ဆိုးရွားလာသည့် သဘာဝကပ်ဘေးကြီးကို တားဆီးရန်အတွက် အစိုးရက ဦးဆောင်ရမည်လား၊ လူထုက စရမည်လား ဆိုသည်မှာ၊ ကြက်ဥနှင့်ကြက်မ မည်သည်က စရမည်ကဲ့သို့ စကားရည် လုကောင်းသည့် အရာမဟုတ်တော့။ စနိုင်သည့်ဘက်မှ စ၍ မစနိုင်သည့်ဘက်က လိုက်ပါ ပံ့ပိုးပေးရမည်သာ ဖြစ်သည်။ သေချာသည်က ကြက်ဥရော ကြက်မပါ ပေါင်းစည်းကာ ကွက်လပ်များစွာကိုဖြည့်ရင်း အတူလုပ်ဆောင်ကြရမည့် အချိန်ဖြစ်သည်။

အဖြေရှာရုံနှင့်မပြီး၊ အဖြေထွက်မည့် အဖြေကိုရှာရန်နှင့် လက်တွေ့ အဖြေထွက်လာသည်အထိ လုပ်ဆောင်ကြရန် လိုအပ်နေပြီ ဖြစ်သည်။

About The Author

greenness_mm

No Comments

Leave a Reply