#မြောက်ဦး
– ရင်အုံပေါ်မှာ အီကွေတာ ကခုန်
ကျောရိုးထဲ ၀င်ရိုးစွန်း ပုန်းနေတဲ့မြို့။
မန္တလေးကို စာဖွဲ့တဲ့ ကစ်ပလင်း မသိ
ပုဂံကို စာဖွဲ့တဲ့ ဇော်ဂျီ မသိတဲ့ ငါ့မြို့လေ။
– မီးလောင်ပြင်ထဲက
မီးသွေးထက်၀က်အိမ်တိုင်တွေလို
မိုးခေါင် ဆိုက်ကပ်တဲ့ခါ
မြေမှာဒူးထောက် ကောင်းကင်ကို တိုင်တည်တဲ့
ကမ်ဘာဦး လူသားတွေလို
မြို့ရိုး တံတိုင်းပျက်တွေနဲ့ ငါ့မြို့၊
သားမြတ်ပုံ တောင်မြေမို့မို့တွေအောက်မှာ
ရာဇ၀င်နို့ရည်တွေ စမ်းဖြစ်နေတဲ့မြို့၊
၁၈ ရာစု တီကောင်တွေ
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့မြို့၊
ငါ့မြို့လေ ငါ့မြို့အစစ်ပါ။
– ဓနိရည်ပေါတယ် ခြင်ပေါတယ်
ဆင်းတုတော် အကျိုးအပဲ့တွေ ပေါတယ်
စေတီပျက် ပုထိုးပျက်တွေ ပေါတယ်
သဇင်ဥတွေ ရှားလွန်းပြီ
ကြိုးကြာတွေ ပြုန်းလုပြီ
ဂျပန်စာလို အင်တင်နာတွေ ပိုလာရဲ့
သူ့ခမျာ မီးခိုးခေါင်းတိုင်မရှိရှာဘူး။
– အမေလို
ငါ့နှလုံးသားကို ယဉ်ကျေးမြင့်မြတ်စေတာ
မြောက်ဦး ဒီမြို့။
– ခုတော့ ဦးနှောက်အမှေးရောင်နေတဲ့မြို့
ကိုယ်ခံအား လျော့လျော့နေတဲ့မြို့
ချစ်ရလွန်းလို့ ကြေကွဲနာကျင်ရပြီလေ။
– မြို့ရိုးတံတိုင်းတွေကို ဆွဲဆွဲနှုတ်ပြီး
ပင်လယ်ထဲသိမ်းထားမယ်၊
ပြီးတော့ ကဗျာတွေနဲ့ လိုက်နေချင်ရဲ့
ရင်ကွဲရလွန်းလို့ပါ ငါ့မြို့ရယ်။ ။
ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ အမှတ်(၁၉ ) (၁၉၉၆)
ဓာတ်ပုံ-ဌေးဝင်း ရမ္မာဝတီ
No Comments