ရထားစီးခြင်း
(၁)
Greta Thunberg (ဂရီတာ သွန်းဘာ့ဂ်) က ကာဗွန်ထုတ်လုပ် မှုလျှော့ချဖို့အတွက် လူအများကို ရထားစီးကြရန် မတိုက်တွန်းခင် အချိန်ကတည်းက ကျွန်တော် ရထားစစီးခဲ့တာ။ ဆရာလှသန်းရဲ့ ညရထားကဗျာကို ကျွန်တော် မဖတ်ဖူးခင်အချိန်ကတည်းက ရထားစစီးခဲ့တာ။ ဒါပေမဲ့အဆို တော်ကိုင်ဇာရဲ့ ကိုယ်လေရထား လေးနဲ့ မွေးဌာနီသွားတဲ့ခရီးဝယ်၊ စိုပြည်စိမ်းလန်းလို့ သာယာတဲ့ မြေ၊ တောအထပ်ထပ် တောင်အ သွယ်သွယ်ကွေ့ဝိုက်လို့ရယ် ဖြတ် ကျော်ရင်းတွေ့ခဲ့ရတယ်ကွယ် စတဲ့ ရထားစီးတဲ့အကြောင်း သီ ချင်းစာသားပါတဲ့ သီချင်းလေးကို တော့ ကျွန်တော်နားထောင်လို့ပြီး ပြီပဲဖြစ်တယ်။
(၂)
ကျွန်တော် ရထားစစီးတော့ အသက်က (၁၈) နှစ်။ အထက် တန်းစာမေးပွဲ ဖြေပြီးတဲ့အချိန်။ ဘယ်အရာကိုမဆို ပြုလုပ်ဖို့အ တွက် စိတ်ဓာတ်တက်ကြွနေတဲ့အ ချိန်။ အပူအပင်တွေ ခေါင်းထဲကို မဝင်ရောက်နိုင်သေးတဲ့ အချိန်။ ဖလန်းဖလန်း ဖြစ်နေတဲ့အချိန်။ အဲဒီအချိန်မှာ မြန်မာပြည်အထက် ပိုင်း ကချင်ပြည်နယ် ဟိုပင်မြို့ကို ရထားစီးပြီးခရီးသွားတာ။ အဲဒီမှာ ကျွန်တော့်အစ်ကို တာဝန်ကျတယ်။ မရောက်ဖူးသေးတဲ့ဒေသမို့ အ လည်အပတ်သဘောမျိုး သွား တာပါ။ ကျွန်တော့်မရီးနဲ့အတူတူ အထက်တန်းတွဲ ရထားစီးပြီးသွား တာ။ ဆိုဖာခုံနဲ့ဆိုတော့ စီးရတာ ငြိမ့်နေတာပဲ။
ရထားစီးကာ မြို့တွေ ရွာ တွေကို ဖြတ်သန်းရင်း ညအချိန် ရောက်လာတဲ့အခါ မတူကွဲပြား ခြားနားတဲ့နေရာမျိုးစုံကို တွေ့ လာရတယ်။ အဲဒါကဘာလဲဆို တော့ လင်းတဲ့နေရာကလင်းလို့ မှောင်တဲ့နေရာက မှောင်လို့။ တချို့နေရာတွေက တဲပုတ်လေး တွေနဲ့၊ တချို့နေရာတွေကျတော့ တိုက်ကြီးတာကြီးတွေနဲ့။ ပြီးတဲ့ အခါ မြို့တွေရွာတွေကိုဖြတ်သန်း တော့ ရထားလမ်းတည်ရှိတဲ့နေ ရာတွေကလည်း အိမ်တွေရဲ့ နောက်ဖေးဘက်ခြမ်းမှာဆိုတော့ အနံ့အသက်တွေက မကောင်းသ လို ရှုခင်းတွေကလည်း သိပ်မမိုက် ဘူး။ ပြီးတဲ့အခါ ကျွန်တော်က စာ အုပ်စာပေတွေကို ဖတ်ရှုနေတဲ့အ ချိန်ဆိုတော့ ဆင်းရဲချမ်းသာကွာ ဟမှုတွေ၊ လျှပ်စစ်မီးလုံလုံလောက် လောက်မရတာတွေကို အနည်း အကျဉ်းလောက်တော့ သိနေပါ ပြီ။ တီဗီကလာတဲ့ သတင်းတွေ ကြည့်ရင်း လိုအပ်တာတွေကိုမှာ ကြားပြီး ဘာဘာညာညာတွေပြော ပြီး ဂျင်းထည့်နေတာတွေကို သိ နေပါပြီ။
မှတ်မှတ်ရရ ကျွန်တော့်အိမ် နဲ့စိတ်ဆိုးပြီး ကျွန်တော်နေတဲ့ လမ်းကလေးရဲ့ နောက်တစ်လမ်း မှာရှိတဲ့ သူငယ်ချင်းဖြစ်သူရဲ့အိမ် မှာ သွားအိပ်ခဲ့စဉ်တုန်းက အဖြစ် အပျက်လေးတစ်ခုကို သတိရမိ သေးတယ်။ လူလေး၊ငါးယာက် လောက်အိပ်လို့ရတဲ့ ခုတင်ကြီး ပေါ်မှာ အိမ်ရှင်ဖြစ်တဲ့ ကျွန်တော့် သူငယ်ချင်းရယ်၊ ကျွန်တော်ရယ်၊ သူငယ်ချင်း နောက်တစ်ယောက် ရယ် အတူတူအိပ်ကြတယ်။ ကျွန် တော်က ခုတင်ကြီးရဲ့ ဘယ်ဘက် အခြမ်းမှာအိပ်တယ်။ အိမ်ရှင်သူ ငယ်ချင်းက ညာဘက်အခြမ်း အုတ်နံရံနဲ့ကပ်လျက်မှာ အိပ်ပြီး တော့ အခြားသူငယ်ချင်းတစ် ယောက်က အလယ်မှာအိပ် တယ်။
ဒီလိုနဲ့ ကျွန်တော်ဟာသူငယ် ချင်းတွေနဲ့အတူတူအိပ်ရင်းမနက် မိုးလင်းခါနီးမှာ ခုတင်ကြီးပေါ်က နေပြုတ်ကျပါလေရော။ ဝုန်းခနဲ တောင်မြည်သွားတယ်။ တော် သေးတယ်။ ခြေထောက်နှစ် ချောင်းပဲကျလို့။ အပေါ်ပိုင်းက တော့ လက်နှစ်ဖက်နဲ့ခုတင်ကြီး ကိုကိုင်ထားလို့ ပြုတ်မကျတာ။ အဲဒါနဲ့ ကပျာကယာခုတင်ကြီး ပေါ်ကို ပြန်ကုပ်တက်လိုက်ရ တယ်။ အဲဒီအခါ ကျွန်တော့်သူ ငယ်ချင်းတွေက ကျွန်တော်ပြုတ် ကျတာကိုကြည့်ပြီး ရယ် (ရီ) လို့။ သစ်ရွက်ခြောက်ကလေးတစ်ရွက် လေနှင်ရာကို လွင့်နေသလိုမျိုး လွင့်ခဲ့ဖူးတဲ့ အချိန်တုန်းကပေါ့။
အခုကျတော့ ရထားပေါ်က လူတစ်ကိုယ်စာလေးပဲ အိပ်လို့ရ တဲ့ဆိုဖာပေါ်မှာ ကျွန်တော်အိပ် နေတော့ပြုတ်မကျဘူး။ ဒါတောင် ရထားကခုန်နေသေးတယ်။ မိုး လင်းတော့ မန္တလေးဘူတာကြီးကို ရထားဆိုက်တဲ့အချိန် ကျွန်တော့် အစ်ကိုကလာကြိုတယ်။ ကျွန် တော်တို့ နောက်ရထားပြောင်းစီး ကြတယ်။ အထက်တန်းတွဲမဟုတ် တော့ဘူး။ ရိုးရိုးတန်းတွဲဖြစ်သွား ပြီ။ သစ်သားထိုင်ခုံနဲ့ထိုင်ရတယ်။ ဆရာကြီးမြသန်းတင့်ကတော့ ရိုး ရိုးတန်းတွဲမှာစီးရတာဟာ လူတွေ နဲ့ နီးနီးကပ်ကပ်နေရတယ်။ အဲဒါ ကြောင့် ရိုးရိုးတန်းတွဲမှာစီးရတာ ကိုကြိုက်တယ်လို့ စာတစ်ပုဒ်မှာ ရေးထားတာကိုဖတ်ဖူးတယ်။
ရထားကြီးက တဂျုန်းဂျုန်းနဲ့ ခုတ်မောင်းပြီး ဘူတာတွေကိုတစ် ဘူတာပြီးတစ်ဘူတာ ဖြတ်ကျော် သွားတယ်။ ကျွန်တော်စီးတဲ့တွဲက လည်း ရိုးရိုးတွဲဆိုတော့ ခရီးသည် အားလုံးက သူလိုကိုယ်လိုတွေ ချည်းပဲ။ အိမ်ကချက်ပြီးချိုင့်ထဲ ထည့်လာတဲ့ ထမင်းဟင်းတွေကို ဖွင့်စားတဲ့နေတဲ့လူတွေနဲ့၊ ငိုနေတဲ့ ကလေးတွေနဲ့၊ ထွေရာလေးပါး စကားပြောနေတဲ့လူတွေနဲ့ မြင် နေရတာကတော့အစုံပါပဲ။ အဲဒီ အချိန် ကျွန်တော်ကတော့ရထား ပြတင်းပေါက်ကနေ အပြင်ဘက် ကိုငေးရင်း ဘာကိုလွမ်းလို့ လွမ်း မှန်းမသိဘဲ ဖြစ်နေခဲ့သေးတယ်။ ပြီးတဲ့အခါရထားစီးပြီး ခရီးသွား ရတာကိုလည်း ကျွန်တော်ကြိုက် နှစ်သက်သွားပါတယ်။
အဲဒီအချိန်တုန်းက စမတ် ဖုန်းမပြောနဲ့ ကီးပက်ဖုန်းတောင် လူတိုင်း လူတိုင်းမကိုင်နိုင်တဲ့ အ ခြေအနေဆိုတော့ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းမတင်လိုက်ရဘူး။ နို့မို့ ဆိုရင် ကျွန်တော်အသုံးပြုနေတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ 10 years ago၊ 11 years ago ဆိုပြီး new feed တက်လာမှာ သေချာ တယ်။ ပြီးတဲ့အခါ လယ်ကွင်းတွေ အနားကနေ တံတားပေါ်ကနေ ရထားဖြတ်ပြီဆိုရင် ကျွန်တော် ဟာ ရထားအတက်၊အဆင်းအ ပေါက်ဝမှာသွားထိုင်ပြီး အပြင်ကို ငေးရတာကြိုက်တယ်။ အဲဒီ Mood ကိုကြိုက်တယ်။ လယ် ကွင်းတွေဟာ စိမ်းစိမ်းစိုစိုနဲ့ကြည့် လို့ တအားမိုက်တယ်။ အဲဒီလယ် ကွင်းတွေကို ဖြတ်သန်းလာပြီး ကျွန်တော့်မျက်နှာကို တိုးဝှေ့လာ တဲ့ လေပြည်ညင်းလေးတွေက လည်း အေးမြတဲ့အထိအတွေ့ကို ပေးတယ်။ ကျွန်တော့်စိတ်တွေ ဟာလန်းဆန်းလို့ပေါ့။ ပြီးတော့ တံတားပေါ်ကနေ ရထားဖြတ်ပြီ ဆိုရင် ကျွန်တော်ဟာရထားအ တက်အဆင်းကနေ အောက်ကိုငုံ့ ကြည့်ရတာကြိုက်တယ်။ တံတား အောက်က တဝေါဝေါနဲ့စီးဆင်း နေတဲ့ ချောင်းရေတွေ၊မြစ်ရေတွေ ကိုကြည့်ရတာကြိုက်တယ်။ ပြီး တဲ့အခါရင်ထဲမှာ လှပ်ခနဲအေးခနဲ ဖြစ်ဖြစ်သွားတယ်။ အဲဒီ Mood ကိုလည်းကြိုက်တယ်။
ကျွန်တော် ရထားစီးပြီး ခရီး သွားနေတဲ့ရာသီက ဆောင်းရာသီ ဆိုတော့ အချို့မြို့တွေ၊ရွာတွေဆို မြူနှင်းတွေနဲ့ကွယ်နေလို့ သဲသဲကွဲ ကွဲမမြင်ရဘူး။ ပြီးတော့ ဂလို ဘယ်လိုက်ဇေးရှင်းခေတ်ထဲက ဆောင်းရာသီလို မဟုတ်ဘူး။ ဆောင်းရာသီပီသတယ်။ မြူနှင်း တွေကျလိုက်တာမှ တစ်လောက လုံးဟာဝေဝါးလို့။ အေးလည်း အေးတယ်။ တိုက်ခတ်လာတဲ့လေ ကလည်း တကယ့်ဆောင်းလေ ညင်းအစစ်ကလေး။ ပြောရင်းနဲ့ တောင် ဆောင်းရာသီအစစ်က လေးကိုလွမ်းမိပါတယ်။
ကျွန်တော်ရထားစစီးတဲ့အ ချိန်တုန်းက ရထားကခုန်သလား မမေးနဲ့ မြင်းစီးနေရသလိုပဲ။ တစ် ခါတစ်ခါကျရင် ကျွန်တော့်ခန္ဓာ ကိုယ်တစ်ခုလုံးဟာ လေထဲမှာ မြောက်တက်လို့နေတယ်။ အဲဒီ တော့ ကျွန်တော်စားပြီးသား အ စားအစာတွေလည်း ဘယ်ရောက် လို့ ရောက်ကုန်မှန်းမသိတော့ဘူး။ ပြီးတဲ့အခါ ရေသောက်တာပဲဖြစ် ဖြစ်၊ အစားအစာ တစ်ခုခုစားတာ ပဲဖြစ်ဖြစ် အဲဒီအခါကျရင် ပါးစပ် ထဲကိုရောက်အောင် မနည်းထည့် ရတယ်။ အဲဒီမှာနို့စို့ရတဲ့လသားအ ရွယ်ကလေးတွေဆို တိုင်ပတ် တော့တာပဲ။ ပြီးတော့ အဲဒီအချိန် တုန်းက ကျွန်တော်စဉ်းစားမိသေး တယ်။ အဲဒါကဘာလဲဆိုတော့ ကျွန်တော်သာ တစ်နေ့ပိုက်ဆံ ချမ်းသာခဲ့ရင် ကိုယ်ပိုင်ရထားဝယ် မယ်။ ပြီးရင်ကိုယ်ပိုင်ရထားနဲ့ သူ ငယ်ချင်းတွေကို ရထားပေါ်တင် ပြီး ခရီးတွေသွားမယ်ပေါ့။ ပြီး နောက်အဲဒီအချိန်တုန်းက ကျွန် တော်ဟာ နိုင်ငံတကာသတင်း တွေထဲမှာဖတ်ရတဲ့ မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအီလ်လိုမျိုးကိုယ်ပိုင်ရထားနဲ့ ခရီးသွားချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာပြီး စိတ်ကူးယဉ်တာလည်း ဖြစ် ကောင်းဖြစ်နိုင်ပါတယ်။
(၃)
အခုဆိုရင် ကျွန်တော်ရထား မစီးဖြစ်တာ ၁၄ နှစ်ကျော်၊ ၁၅နှစ် လောက်ရှိပြီ။ အဲဒီနှစ်အတွင်းမှာ လည်း ကျွန်တော်ဟာ အပျော်ခရီး သွားတာပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့ ခရီးသွားတာပဲဖြစ်ဖြစ် Express Carတွေနဲ့သာသွားတယ်။ နောက် ပြီး ရုံးတက်ရုံးဆင်းကိုလည်း ဘတ်စ်ကားတို့၊ ဖယ်ရီကားတို့နဲ့ သာသွားတယ်။ ရထားမစီးဖြစ် တော့ဘူး။ အဲဒါကြောင့် ရထားစီး ဖို့ လက်မှတ်ဝယ်မယ်ဆိုရင် တောင် ကျွန်တော့်မှာကြောင် တောင်တောင်ဖြစ်ဦးမှာ။ ရထား လက်မှတ် ဘယ်လိုဝယ်ရမယ်မသိ တော့ဘူး။ အဲဒါကြောင့်ကိုဗစ်ကာ လတွေ လွန်မြောက်သွားလို့ ခရီး တွေထွက်ဖြစ်ခဲ့ရင် ရထားစီးပြီး ခရီးတစ်ခါလောက်သွားဦးမယ်။ ရထားပေါ်ရောက်ရင် နားထောင် ဖို့ အင်တာနက်ကနေ ရထားသီ ချင်းလေးတွေ သီးသန့်ဒေါင်း လုတ်ဆွဲထားဦးမှ။ ပြီးတဲ့အခါ ရထားစီးပြီးသွားတဲ့ ခရီးကပုဂံ လည်းဖြစ်ချင်ဖြစ်မယ်။ ရှမ်းပြည် နယ်ဘက်လည်း ဖြစ်ချင်ဖြစ်မယ်။ ပြီးတော့ ကျွန်တော်တစ်ယောက် တည်းလား၊ ချစ်သူနဲ့အတူလား၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့လား၊ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ အသေအချာတစ်ခုပြော နိုင်တာကတော့ ကျွန်တော်ရထား စီးပြီး ခရီးတစ်ခေါက်လောက်သွား ဖြစ်အောင်သွားဦးမှာ။ ရကောက် ရထားကြီးပျော်ပျော်စီးပြီး။
-ငြိမ်း(ပဲခူး)
Tuesday, August 4, 2020
Painting…… crd
No Comments