ရေဇလာသင်ဖျာခင်းရင်ပေါ့ (၃)
ဝါခေါင်မိုးသည် အငြှိးဖြင့်တိုးလို့ပင် တစိမ့်စိမ့်စွေကာရွာသွန်းနေဆဲ။ ရှူ့မြင်လေရာအရပ်ရပ်သည် မိုးရေတို့ဖြင့်အတိပြီးကာ စွတ်စိုစိမ်းမြလို့ပင်။ မိုးရေနှင့်အပြိုင် ဒီရေကလည်း တလိမ့်လိမ့်ထိုးတက်လာခဲ့ပါတယ်။ `မိုးရေတက်ရေ တဖွေးဖွေးဆိုသော ဆရာမင်းသုဝဏ်၏ လယ်စောင့်တဲကဗျာအတိုင်း တမျှော်တခေါ်ဖြစ်နေသော လယ်ကွင်းအသီးသီးဝယ် လယ်စောင့်တဲရှိရာ ကုန်းမို့မို့မှာလွဲ၍ အခြားမဲ့တွင်မှုရေပြင်အတိအဖြစ်သာ ဖွေးဖွေးလှုပ် လို့နေပါပြီ။ လယ်ရေဖွေးဖွေးဝယ် လှေကလေးတွေလှော်ခတ်နေသော မြင်ကွင်းသည် သန္တရသအတိပြီးလို့ပင်။
`ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချို(ဂျို)နဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဖူးကွယ်” အစချီသော ဆရာမင်းသုဝဏ်၏ သပြေသီးကောက် ကလေးကဗျာလေးကို သံနေသံထားဖြင့် သားဖြစ်သူ” မောင်ကျော်မိုး” ရွတ်ဆိုနေလေတော့ “ကိုသာအေး” တစ်ယောက် ပြုံးမိပါတယ်။ အပြုံးနဲ့အတူ အတွေးစဉ်ထဲမှာလည်း ရေတဖွေးဖွေးလယ်ကွင်းပြင်တွေကို မြင်ယောင်လာပါတော့တယ်။ ဒါပေမဲ့ သားဖြစ်သူရွတ်ဆိုနေတဲ့ကဗျာထဲကအတိုင်း သပြေသီးမှည့်ကောက်ဖို့တော့မဟုတ်ပါဘူး။ ကိုသာအေးရဲ့ အတွေးမှာ မင်းမူနေသော အာသီသကတော့
အဆီအပြည့်၊အသားအပြည့် လက်မတကားကားနဲ့ဘေးတိုက်ပြေးလျှောက်တတ်သော ဂဏန်းကောင်ကိုထောင်ယူဖမ်းဖို့ပါပဲ။ ဟုတ်ပါတယ်။ ဒီအချိန်ဟာ ကိုသာအေးလုပ်ကိုင်နေကြ ဂဏန်းရာသီကို တကျော့ပြန်လည်လို့ ရောက်ရှိလာခဲ့လေပြီပေါ့။
လယ်ထဲဆင်းကာ ဂဏန်းလုပ်တော့မယ်ဆိုတော့ ဂဏန်းပလိုင်းကို စတင်ပြင်ဆင်ရပါတော့တယ်။ ဂဏန်းပလိုင်းဆိုတဲ့ အသုံးအနှုန်းကြောင့် အဆန်းတကျယ်ဖြစ်သွားကြပါသလား။ ဂဏန်းပလိုင်းဆိုတာ အခြားတော့မဟုတ်ပါဘူး။ ဂဏန်းထောင်ဖမ်းရတဲ့ မြှုံးတစ်မျိုးပါ။ အထက်အညာဖက်
တွေမှာ အသုံးပြုကြလေ့ရှိသော ရေအိုးကိုဖုံးတဲ့ ဝါးခမောက်ကလေးတွေကို မြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ အဲဒီလို ခမောက်ပုံစံပါပဲ။ ဒါပေမယ့် ဂဏန်းပလိုင်းက အပြန့်ပိုကြီးတယ်။ ခမောက်လိုမျိုး စိပ်စိပ်ထိုးထားစရာမလိုပါဘူး။ အကွက်ကျဲကျဲဆို ရပါတယ်။
ဇောက်ကတော့ ပိုနက်ရပါတယ်။ ဂဏန်းပလိုင်းရဲ့ အလယ်ဗဟိုတည့်တည့် ခမောက်ထိပ်ချွန်းတဝိုက်မှာ ကြက်ခြေခတ်ပုံစံဝါးတိုတန်းကလေး နှစ်ခုတန်သည်၊ သုံးခုတန်သည်ကို ကန့်လန့်ဖြတ်ထည့်ပေးထားရပါတယ်။ ဝါးတိုတန်းကလေးနှစ်ခုရဲ့ဘေးကနေပြီး ခမောက်ထိပ်ချွန်းအထိရောက်အောင် အနေတော် ဝါးအရှည်တစ်ချောင်းဖြည့်ပြီး လက်ကိုင်အဖြစ်ထားရပါတယ်။ ဒါကို ဂဏန်းပလိုင်းလို့ ခေါ်ပါတယ်။
ဂဏန်းပလိုင်းရတဲ့အခါ ဂဏန်းထောင်ဖို့အတွက် အစာရှာရပါတော့တယ်။ ဂဏန်းရဲ့အစာကို တကူးတကသွားရှာစရာမလိုပါဘူး။ ချောင်းထဲ လယ်ထဲမှာတင် အဆင်ပြေသလိုဖမ်းယူလို့ရပါတယ်။ ဂဏန်းရဲ့အစာက ကနကုတ်(ရေမြွေ)ပါပဲ။ ဒီအရပ်မှာတော့ ရေမြွေကို ကနကုတ်လို့ခေါ်ကြပါတယ်။ တချို့အရပ်များမှာတော့ မြွေပတူလို့ခေါ်ကြပါသေးတယ်။ ဖမ်းဆီးထားသော ကနကုတ်ကိုခေါင်းဖြတ်ပြီး အရေခွံစုပ်ရတာပေါ့။ အရေခွံစုပ်ပြီးရင် အနေတော်အတုံးကလေးတွေ တုံးပေးရပြန်ပါတယ်။ ကနကုတ် အသားတုံးလေးတွေကို ဂဏန်းပလိုင်းရဲ့ ဝါးတိုတန်းကလေးနှစ်ခုဘေးမှာ လျှော်ကြိုးလေးနဲ့ ပတ်ချည်ထားပေးရပါတယ်။ ဒါဆိုရင် ဂဏန်းဖမ်းဖို့အသင့်ဖြစ်ပါပြီ။
တစ်ဝမ်းတစ်ခါးအတွက်တင်မကဘဲ မိသားစုတစ်စုလုံးရဲ့အားကိုးရာထောက်တိုင်ဖြစ်သော ဂဏန်းဖမ်းသမား`ကိုသာအေးတစ်ယောက် ဂဏန်းပလိုင်းအပြည့်အစုံဖြင့် လယ်ထဲဆင်းလာခဲ့ပါပြီ။ ဝါခေါင်မိုးတစွေစွေရဲ့အောက်မှာ ရွံနွံအတိပြီးနေသော ကန်သင်းရိုးတလျောက် အသော့ကလေးနှင်လာခဲ့ပါတယ်။ အမှောင်မဝင်ခင်မှာ ဂဏန်းပလိုင်းတွေ အကုန်အစင်ချထားဖို့က အရေးကြီးဆုံးပဲလေ။ လယ်ကွက်ထဲက ဂဏန်းထောင်သင့်တဲ့ ရေသွင်းမြောင်းတဝိုက်မှာ ဂဏန်းပလိုင်းတွေ ဇယ်ဆတ်သလို
ခပ်စိပ်စိပ်ကလေးချပေးသွားခဲ့ပါတယ်။ ပလိုင်းနှစ်ဆယ်လောက်တော့ ချပြီးခဲ့ပြီးပါပြီ။ လက်ကျန်ပလိုင်းတွေကိုတော့ ရိုးကလေးရဲ့ရေလျှံပေါက်တွေဘေးမှာ သင့်တော်သလို ချရတာပေါ့။
“တော်ရေ ထတော့။ မိုးလင်းကာနီးနေပြီ။ ဂဏန်းပလိုင်းတွေကောက်ရတော့မယ်။ အိပ်ချင်ရင် ပြန်လာမှသာ အိပ်တော့။” ဇနီးဖြစ်သူ မခင်ဝင်းရဲ့နှိုးဆော်သံအောက်မှာ ဆက်နှပ်နေချင်ရှာတဲ့ ကိုသာအေးတစ်ယောက် မထချင်ထချင်ဖြင့် အိပ်ယာထလိုက်ရပါတော့တယ်။ အပျင်းတစ်ချက်ဆန့်ပြီး ဆက်နှပ်လို့ပေမဲ့ ဝမ်းမီးဒုက္ခက ကြီးလွန်းတော့ ဇိမ်မခံအားရှာပါဘူး။ ရေကပြင်ဘေးမှာရှိသော စဥ့်အိုးထဲက ညသိပ်ရေအေးအေးလေးဖြင့် ကိုယ်လက်သုတ်သင်လိုက်ရပါတော့တယ်။
အာရုဏ်သည် မပီဝိုးတဝါးအဆင်းအပြင်ဖြင့် ကျေးငှက်တို့၏ အစဉ်အလာဂီတထံတွင် နုသစ်ခဲ့ပါပြီ။ မိုးစင်စင်လင်းခဲ့ပြီဆိုတော့ ကိုသာအေးတစ်ယောက် သင်တိုင်းလျှော်ကြိုးအမျိုးမျိုးနှင့်သံပုံးတစ်ပုံးကိုထမ်းလို့ လယ်ထဲဆင်းလာခဲ့ပါပြီ။ ဂဏန်းပလိုင်းတွေဖော်ပါတော့မယ်။ လယ်ရေသွင်းမြောင်းတဝိုက်မှာ ချထားခဲ့သော ဂဏန်းပလိုင်းတွေရဲ့ လက်ကိုင်ဝါးတန်းကို မယူကြည့်တဲ့အခါ အစာကိုအငမ်းမရစားမိရင်း ဝါးတန်းတိုကလေးနှစ်ခုကြားတွင်ညှပ်ကာ ထွက်မရလှုပ်မရဖြစ်နေရှာတဲ့ ကိုရွှေဂဏန်းအား အသာအယာကလေးဖမ်းယူလိုက်ရပါတယ်။ ဂဏန်းရဲ့အောက်ဆုံးခြေချောင်းတစ်ခုကနေ ဆတ်ခနဲကောက်ကိုင်ပြီး ဂဏန်းခွံကို ခြေမနဲ့ဖိကာ သင်တိုင်းလျှော်ကြိုးနဲ့လက်မနှစ်ချောင်းကို အလျင်အမြန်တုတ်နှောင်ရပါတော့တယ်။ လက်မမြန်လို့ မဖြစ်ဘူးလေ။ ဂဏန်းလက်မညှပ်အားကြောင့် လက်ချောင်းကလေးများ ပြတ်ထွက်သူ၊အနာတရဖြစ်သူတွေက နည်းမှမနည်းတာ။ စနစ်တကျဖြင့် ကျွမ်းကျင်သွက်လက်စွာဖမ်းယူလိုက်မှုကြောင့် လက်မအားကိုးရှာသော ဂဏန်းခင်မျာ ဘာမှမတတ်နိုင်ရှာဘဲ အမိခံရပါတော့တယ်။
စိမ်းစိမ်းစိုစိုပျိုးပင်များဘေးရှိ
ကန်သင်းရိုးပေါ်ကနေ ကိုသာအေးတစ်ယောက် သီချင်းလေးတအေးအေးဖြင့် ရွာအဝင်လမ်းဆီသို့ ခပ်သုတ်သုတ်ကလေး အသော့နှင် လှမ်းလို့နေဆဲပါပဲ။ လယ်ထဲဆင်းလာကြသော လယ်သမားတွေက ကိုသာအေးကိုမြင်တော့ လှမ်းနှုတ်ဆက်ရှာပါတယ်။
” ဘယ်နှယ့်လဲ ကိုသာအေး။ တော်တော်မိလာခဲ့တယ်ထင်တယ်”
” အဆင်ပြေပါတယ် ကိုမြင့်သောင်းရေ။ ရေထရက်လဲ ဖြစ်နေတာကြောင့်ရောပေါ့”
ဂဏန်းကောင်းကောင်းရခဲ့တဲ့ ကိုသာအေးတစ်ယောက် အူမြူးရွှင်ပျပျဖြင့် ရွာထဲသို့ အသောနှင်လျက်ပါတယ်။ လက်တလောရနေသော ပီတီတရားကို မခင်ဝင်းအား မျှဝေရဦးမယ် မဟုတ်ပါလား။ နောက်တစ်ရက်အတွက်လဲ ပြင်စရာရှိတာတွေ ပြင်ရဆင်ရပါဦးမယ်။ ဝမ်းစာမီးရဲ့အပူကြောင့် သံသရာနဲ့ကံကြမ္မာကို မကြောက်အားနိုင်ရှာလေသော ကိုသာအေးတစ်ယောက် သပြေသီးမှည့်ကောက်ကလေးကဗျာထဲက မြွေနဂါးရောက်လာမယ်ဆိုရင်တောင် နောက်တွန့်သွားမှာမဟုတ်ပါဘူး။ မြွေနဂါးကိုတောင် ဖမ်းယူလေဦးမယ့် ကပ်ပါးတံငါသည်တယောက်ပါပဲ။ ကုသိုလ် အကုသိုလ်ရယ်လို့ စဉ်းစားအားနိုင်ရှာမယ်မထင်ပါဘူး။ ယနေ့ညထပ်မံလုပ်ရမယ့် ဂဏန်းပလိုင်းအတွက် ကနကုတ်(ရေမြွေ)များကို အတွေးထဲဝယ် တသီတထွေးကြီးဖမ်းဆီးနေပြီဆိုတာ မြေကြီးလက်ခတ်မလွှဲပဲပေါ့။
ကေဇော်မိုး
#ရေဇလာသင်ဖျာခင်းရင်ပေါ့… စာအုပ်မှ ကူးယူဖော်ပြပါသည်။
No Comments