ရေဇလာသင်ဖျာခင်းရင်ပေါ့ (၄)
ကွင်းပိုင်ကြီး ကြည့်ရူ့မှိုင်းမလေပြီလား။ နတ်ကောင်းဒေဝတာများကပဲ သနားဂရုဏာအပြည့်ဖြင့် လူကပ်ပါးတံငါသမားကို စောင့်မခဲ့ပြီထင်ပါရဲ့။ အကြောင်းကတော့ ကိုသာအေး အမျှော်ကြီးမျှော်နေရရှာတဲ့ တံငါလရာသီတစ်ခုကို ရောက်ရှိလာခဲ့လို့ပါပဲ။ ဟုတ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလိုလိုပါပဲ။ ဒီအချိန်ကာလရောက်ရှိဖို့အရေး အမြဲတွေးမျှော်နေရသော နေ့ရက်တွေဆိုတာများ နည်းမှမနည်းတာ။ ရက်ရှည်လများစွာ ကြာခဲ့ရပါတယ်။ မရှိဘူးဆိုရင်တောင် ရက်ပေါင်း(၃၀၀) အသာလေးပေါ့။ ကိုသာအေး စောင့်မျှော်နေရတဲ့လက ဗမာလိုဆိုတော်သလင်းလပါပဲ။ ဘာကြောင့် တော်သလင်းလကို စောင့်မျှော်နေရလဲဆိုတော့….။
`တော်သလင်းနေ ပုစွန်သေ၊ တော်သလင်းမိုး ကန်သင်ကျိုး တဲ့။ မြစ်ဝကျွန်းပေါ်အရပ်မှာ ဆိုရိုးစကားလေးရှိခဲ့ပါတယ်။ တော်သလင်းလဆိုတာ နေပူပြီဆိုရင်လဲ ရက်ဆက်နီးပါး မခံမရပ်ဖြစ်လောက်အောင် အလွန်အကျွံကိုပူတာပါ။ မိုးရွာပြီဟေ့ဆိုရင်လည်း ရှိသမျှမိုးသားမိုးတိမ်တွေကုန်ခမ်းသွားလောက်အောင် အဆက်မပြတ်ကိုရွာချတော့တာပါပဲ။ တော်သလင်းမိုး၏ စွေဖြိုးမှုအောက်ဝယ် ရွာအရှေ့၊အနောက်လယ်ပြင်တစ်ခွင်လုံးကား ရေအတိဖြင့်ပြည့်ဖုံးခဲ့ပါပြီ။ အောင်ရေရလာပြီဖြစ်သော စပါးခင်းတွေဖို့ ပိုလျှံနေသောရေများကို တဖန်ပြန်လည်ဖောက်ချပေးရပါတော့မယ်။ ဒီလို ရေပြန်လည်လို့ဖောက်ချချိန်က ကိုသာအေးရဲ့ တံငါရာသီလုပ်ငန်းခွင်တစ်ခုပါပဲ။
ကိုသာအေးတို့ဖက်က လယ်မြေအများစုက နုန်းမြေနဲ့သဲစပ်သော မြေအမျိုးအစားထဲမှာပါပါတယ်။ လယ်အများစုမှာ သက်ကြီးစပါးကိုသာ အဓိကထားလို့စိုက်ကြရပါတယ်။ သက်ငယ်စပါးနဲ့သက်လတ်စပါးကိုတော့
စိုက်ပျိုးလို့မရပါဘူး။ ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင် စပါးအမျိုးအစားသုံးမျိုးသာရှိပါတယ်။ စိုက်ပျိုးရသောရက်၊ လ အပေါ်မူတည်လို့ သက်ငယ်စပါး၊သက်လတ်စပါး၊ သက်ကြီးစပါးတဲ့။ သက်ငယ်စပါးက စိုက်ရက်တိုပြီး စပါးပေါ်မြန်ပါတယ်။ သက်ကြီးစပါးကတော့ စိုက်ရက်ကြာပြီး စပါးပေါ်နှေးပါတယ်။ သက်ကြီးစပါးက (၆)လဝန်းကျင်လောက်ကြာမှ စပါးပေါ်တာပါ။ ပိုးတွေဘာတွေမကျရင် ရာသီဥတုမဖျက်ရင် သက်ကြီးစပါးက အထွက်နှုန်းကောင်းပါတယ်။ စျေးသင့်ပေမယ့်လဲ အရပ်ရပ်အထွေထွေသောကြိုးနီစနစ်များကြောင့် လယ်သမားတွေခင်မျာ ရသင့်ရထိုက်တဲ့စျေးကို မရဘူးလို့ပဲဆိုပါရစေ။
ကန်သင်းရိုးကျိုးအောင် သည်းသည်းမည်းမည်းရွာချနေတဲ့ တော်သလင်းမိုးရေတွေထဲ ကိုသာအေးတစ်ယောက် အသက်မွေးပြုရာ လယ်တောတခွင်ဆီသို့ လက်နက်ကိရိယာများပြည့်စုံစွာကိုင်စွဲလို့ ချီတက်လာခဲ့ပါပြီ။ ကိုသာအေးရဲ့ ဘယ်ဖက်ပုခုံးပေါ်မှာ ပိုက်စိပ်ဇကာဆယ်ချပ်က အခန့်သားစံပယ်လို့နေပါတယ်။ ညာဖက်လက်ထဲမှာတော့ မြွေရေခွံအိတ်တထပ်နဲ့ ပေါက်တူးတစ်လက်ကို ကိုင်စွဲလာခဲ့ပါတယ်။ တော်သလင်းမိုးလေး တဖြိုးဖြိုးနဲ့စွေနေစဉ်ကာလတည်းက အရှေ့ကွင်းရှိ”ဖိုးလေးသောင်းတင်” ရဲ့လယ်ရေဖောက်ဖို့အတွက် ပြောပြီးဆိုပြီးသားဖြစ်ခဲ့ပါပြီ။။ လယ်ရှင်နဲ့ အရအမိကိုစေ့စပ်ညှိနှိုင်းပြီး ကူညီညာလုပ်ကိုင်ပေးဖို့ သဘောတူထားခဲ့ကြပါပြီ။ အဲဒီအတွက်ကြောင့်လဲ ဒီနေ့မှ လယ်ရေဖောက်ချဖို့အတွက် ရောက်ရှိလာခဲ့ရတာပေါ့။
ဖောက်ချမယ့်လယ်ကွက်များရဲ့ ကန်သင်းရိုးဘေးကကပ်ပြီး ရေထုတ်မြောင်းကို အလျင်အမြန်ဖော်ပေးရပါတယ်။ လယ်ရှင်၊သူရင်းငှားနှစ်ဦးနဲ့ ကိုသာအေးတို့ တက်ညီလက်ညီမြောင်းဖော်နေကြရတာပေါ့။ လိုအပ်သော ရေထုတ်မြောင်းတွေရပြီဆိုတာနဲ့ ရေဖောက်ထုတ်မယ့် နေရာမှာပိုက်စိပ်ဇကာများကိုစတင်တပ်ရပါတယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ တာကိုချိုးချကာ ရေလွှတ်ရပါတော့တယ်။ ရေတွန်းအားကြောင့် ပိုက်စိပ်ဇကာပါမသွားအောင် တာဝနောက်ကထိုင်ပြီး လက်နဲ့ဖိတွန်းပေးထားရပြန်ပါတယ်။ လယ်ရှင်နဲ့သူရင်းငှားနှစ်ဦးကတော့ ရေတွန်းအားကြောင့် ကန်သင်းရိုးကျိုးကျနိုင်မယ့်နေရာတွေမှာ အထောက်အကန်တန်းများလိုက်ချပေးရတာပေါ့။ တဝေါဝေါဖြင့် ကျဆင်းလာသောရေလုံးများနဲ့အပြိုင် ဖြူဖြူဖွေးဖွေးကကတစ်ငါးများကလဲ ပိုက်စိပ်ဇကာထဲသို့ အလုံးအရင်းဖြင့် တိုးလို့ဝင်ရောက်လာပါလေရော။ ပိုက်စိပ်ဇကာရဲ့နောက်ခြေအိတ်ထဲ တဖွဲဖွဲနဲ့ဝင်ရောက်လာသော ကကတစ်ငါးများကိုကြည့်ရင်း ကိုသာအေးရဲ့မျက်နှာအပေါ် ဝယ်ပျော်ရွှင်မှုရေစီးကြောင်းလေးများ ဖြတ်သန်းစီးဆင်းသွားခဲ့ပါတယ်။
“ဘယ်လိုလဲ။ ငါးအချိန် မနည်းဘူးမလား မောင်သာအေး။”
“ဟုတ်ကဲ့ ဦးမင်း။ မျက်မြင်တွေ့ရပုံအရဆို အတော်ကို ကော်မှာပါ။ ကျနော် ခန့်မှန်းမိသလောက်ဆို အချိန်သုံးဆယ် မပျော့တပျော့ရမယ့်ပုံပဲ။ ဒီထက်မလျော့နိုင်ပါဘူး။ ”
လယ်ပိုင်ရှင်ရဲ့အမေးကို ပြန်လည်ဖြေကြားရင်း စီးကျနေဆဲ ရေလုံးတွေအပေါ် အာရုံပြန်စိုက်လိုက်ပါတယ်။ ပိုက်စိပ်ဇကာနောက်ခြေအိတ်ထဲ ငါးကျများလာချိန်မှာတော့ ဇကာတစ်ချပ်ပြီးတစ်ချပ်လဲလှယ်ပေးရပါတော့တယ်။ လယ်တစ်ကွက်ပြီးတစ်ကွက် ရေထုတ်ချကာ ဝင်ရောက်လာမယ့် ငါးအချိန်ကိုတွက်ဆရင်းဖြင့် တော်သလင်းလကို အထပ်ထပ်ကျရောက်စေဖို့သာ တွေးနေမိလေသလားပဲ။ လယ်ကွက်အားလုံး ရေထုတ်ပြီးချိန်မှာတော့ ဝင်လုဆဲဆဲနေရောင်လက်ကျန်အောက်မှာ ကကတစ်ငါးများကို ချိန်တွယ်ကြပါတော့တယ်။ မနည်းဘူးလို့ဆိုရမယ့် အနေအထားပါပဲ။ စုစုပေါင်း အချိန်(၃၀)စွန်းစွန်း ရရှိပါတယ်။ မူလသဘောတူညီမှုအတိုင်း သုံးပုံတစ်ပုံဖြစ်သော အချိန်တစ်ဆယ်သောကကတစ်ငါးများ တပွေ့တပိုက်ဖြင့် ခြေလှမ်းများသည် ရွာဆီသို့ အသော့နှင်လျှက်ပင်။
`တော်သလင်းမိုး ကန်သင်းကျိုး ဒီဆိုရိုးစကားလေးက လယ်သမား၊ယာသမားတွေ သုံးလေ့ရှိတဲ့ စကားစဉ်တစ်ခုပါပဲ။ ရပ်ထဲရွာထဲမှာတော့ ပူလောင်အိုက်စပ်နေချိန်ဆို `မိုးတွင်းလဲဆိုသေး ပူလိုက်တာလဲ လွန်ရော။ `ပူမှာပေါ့။ တော်သလင်းလပဲ။ `တော်သလင်းနေ ပုစွန်သေ ဆိုတဲ့စကားလည်းရှိတယ်လေဆိုပြီး ချေပကြပါတယ်။ ကိုသာအေးတို့လို ကပ်ပါးတံငါသည်တွေဖို့ တော်သလင်းလကို အမြဲဖြစ်လိုစိတ်ရှိကြတာ မဆန်းဘူးထင်ပါတယ်။ တော်သလင်းမိုးကြောင့် လယ်တွေရေဖောက်ထုတ်ချိန်မှာ သားငါးလေးမြိုးမြိုးမြတ်မြတ်ရတာမို့ အစိုးမရတဲ့မိုးကိုတောင် အမြဲရှိလိုစိတ်ရှိတာပါပဲ။ ဘယ်သူတွေ ဘယ်လိုပဲပြောပြော။ ဘယ်လောက်ပင် ပူလောင်ပါစေ။ ကိုသာအေးအဖို့တော့ တော်သလင်းလမှာရွာသောမိုးကို ကျေးဇူးအထူးတင်နေရတာပါ။ ဟုတ်ပါတယ်။ တော်သလင်းလမှာရွာသော
တော်သလင်းမိုးက ငါး၊ပုစွန်အလျှံအပယ်ရသောအချိန်တစ်ခုဖြစ်တဲ့အတွက် “ငါးဆင်းမိုး”လို့ဆိုရရင် လွန်မယ်လို့တော့ မထင်ရပါဘူး။
ကေဇော်မိုး
ဆက်လက်ဖော်ပြပါမည်။
No Comments