ရေဇလာသင်ဖျာခင်းရင်ပေါ့ (၅)
သဘာဝ၏ အစဉ်အလာတစ်ရပ်ဖြစ်သော နေ့၊ည၊ရာသီများ လည်ပတ်ခြင်း စက်ဝန်းကလေးအတွင်းဝယ် ကမ္ဘာ့ဆွဲငင်အားကြောင့် ဒီရေများကား တရိပ်ရိပ်ဖြင့် ကျဆင်းလျက်ရှိနေဆဲပင်။ချောင်းမကြီးအတွင်း ရေစစ်စပြုနေချိန်မို့ ရိုးကလေးအတွင်း၌မှုကား ရေမရှိသလောက် အနေအထားသို့ပင် ဆိုက်ရောက်နေပါပြီ။ ခြောက်လက်မ မရှိတရှိ ရေစီးကြောင်းငယ်ကလေးတစ်ခုသာ ရိုးကျန်ရေထုထည်အဖြစ် ရွေ့လျားစီးဆင်းလျက်ပင်ရှိပါ၏။ နုန်းပြင်လတာထုကြီးတစ်ခုလုံးသာ ရိုးတလျှောက်လုံး ကြွင်းကျန်ရစ်လျှက်ပင်ရှိပါသည်။ ရိုးကလေးဘေးတွင်တည်ရှိသော လယ်ကွင်းများထံတွင်မှု ထွက်ပြုကာစ စပါးနှံစိမ်းစိမ်းများကား ဝဿန်မိုး၏ထွေးပွေ့လန်းရှင်စေလိုမှု အမှတ်လက္ခဏာအား ဆောင်ယူပြသလျက်ပင်ရှိပါသည်။ လူကြီးတစ်ယောက်၏ ဒူးအမြင့်အထိရှိနေပြီဖြစ်သော စပါးပင်များသည် လေအလာခိုက်ဝယ််နွဲ့ယိမ်းလှုပ်ရှားကခုန်နေလျက်ပင်။ စပါးပင်ပျိုတို့ကား ညွှတ်ကိုင်းဝင့်ချီလို့ ရွှေရည်သောက်ဆင်းကာ ရွှေလိုဝင်းဝါလာမယ့်နေ့များဆီသို့ အလုအယက်တိုးဝင်လို့နေပါတယ်။
” တော် ကိုသာအေး။ မိုးဦးကောင်းလွန်းလို့ မိုးနှောင်းနဲ့မိုးလယ် အဆင်ပြေပါ့မလားထင်နေတာ။ အခု မိုးလယ်ရောက်နေပေမယ့် စားဖို့အတွက်တော့ မပူရသေးတော့ လောကပါလနတ်မင်းတွေကို ကျေးဇူးတင်ရမယ် တော်ရေ။ ”
” စားဖို့အတွက်တော့ ဒီလိုပဲ ရုန်းရင်းကန်ရင်း ဖြစ်လာမှာပါပဲ။ အဲဒီအတွက် တွေးပူမနေပါနဲ့ ခင်ဝင်းရေ”
” ဒီရိုးချောင်းလေးမကောသရွေ့၊ ချောင်းမကြီးရှိနေသရွေ့ကတော့ တစ်ဝမ်းတစ်ခါးများအတွက်တော့ ဘယ်လိုရှာရှာ အဆင်ပြေပါတယ်လေ”
” တော် နေစောင်းရင် ကိုင်းချဆင်းမယ်မလား။ ကျွန်မ အကုန်ပြင်ဆင်ထားတယ်။”
” ဆင်းမယ် ခင်ဝင်းရေ။ အနောက်ကုန်းက ကိုဖိုးကုလားတောင် အရှေ့ကွင်းထဲလိုက်ချမယ်ဆိုပြီး ပြောထားပါသေးတယ်။ မိုးမချုပ်ခင် အိမ်ဝင်လာမယ်ပြောတယ်။ ”
တစ်နေ့တာ၏ လက်ကျန်အလင်းရောင်ကား တိမ်းစောင်းဖိတ်စင်လို့နေပါပြီ။ နေစောင်းစပြုလာပြီဆိုတော့ သမုဒယဝမ်းတစ်ထွာအတွက် လူ့ကပ်ပါးတံငါသမားကိုသာအေးတစ်ယောက် ကိုင်းထောက်ချဖို့ ပြင်ဆင်ရပါတော့တယ်။ ကိုင်းထောက်လိုက်မယ့် ကိုဖိုးကုလားတောင် အိမ်ဝိုင်းထဲဝင်လာတာတွေ့တော့ နူတ်ကအော်ပြောသလို
လက်ဝှေ့ယမ်းလို့လဲ နူတ်ဆက်ရတာပေါ့။
” သွားကြစို့ ကိုကုလား။ အားလုံးအပြီးအစီး စီစဥ်ထားတယ်”
ကိုင်းထောက်ချတယ်ဆိုတာကလည်း သူ့အချိန်၊သူ့အခါနဲ့မှ လုပ်ရကိုင်ရတဲ့ တံငါအလုပ်တစ်မျိုးမဟုတ်ပေဘူးလား။ စပါးပင်တွေမှာစိမ်းမြမြစပါးနှံတွေစတင်သီးချိတ်စအချိန်က လယ်ကွက်တွေထဲမှာ ငါးအုပ်တချို့စတင် ကျက်စားချိန်ပါပဲ။ ဘယ်လိုငါးမျိုးလဲဆိုတော့ အရိုးများသလောက် အရသာထူးတဲ့ ငါးပါ။ ဒီငါးကို ငါးပြေမလို့ခေါ်ပါတယ်။တချို့အရပ်တွေမှာတော့ ငါးဆူးမြားလို့လည်း ခေါ်တတ်ပါသေးတယ်။ လယ်ထဲမှာသာ အဓိက ကျက်စားလေ့ရှိတဲ့ ငါးပြေမကို ဖမ်းဆီးပုံနှစ်မျိုးရှိပါတယ်။ တကယ့်ကို ရိုးရိုးရှင်းရှင်းလေးဖမ်းဆီးရခြင်းပါ။ ပထမတစ်ခုက ငါးထိုင်မျှားရတာပါ။ ဒုတိယတစ်ခုကတော့ ကိုင်းထောက်ချရတာပါပဲ။ ကိုင်းထောက်ချတယ်ဆိုတာလဲ ငါးမျှားခြင်းနောက်တစ်မျိုးကိုပြောတာပါ။ လူကထိုင်စောင့်စရာမလိုပဲ ငါးအုပ်ရှိမယ့်နေရာမှာ ငါးမျှားတံကိုစိုက်ထားခဲ့ရုံပါပဲ။ ငါးထိုင်မျှားမယ်ဆိုရင် အသုံးပြုရတဲ့ ငါးမျှားတံက အသင့်အတင့်ရှည်တဲ့ကြက်ခတ်ဝါးအနေတော်အလုံးကို အသုံးပြုရတာပေါ့။ ကိုင်းထောက်မယ်ဆိုရင်တော့ ပိုးသတ်ပြီးကြပ်တင်ထားတဲ့ အနေတော် ဝါးခြမ်းကောင်းကောင်းလေးကိုသာ အသုံးပြုကြတာပါ။
ဝင်လုကာနီး ကျနေရဲ့အောက်မှာ ကိုင်းတံတသီကြီးနဲ့ ကိုသာအေးတစ်ယောက် အဖော်ဖြစ်သူ ကိုကုလားနှင့်အတူ
လယ်ထဲဆင်းလာခဲ့ပါပြီ။ ငါးအများအပြားရှိနိုင်သော လယ်ကွက်တွေထဲမှာ ကိုင်းထောက်နေရပါတယ်။ ကိုင်းထောက်တယ်ဆိုတာ လွယ်ကူတဲ့အလုပ်လို့ အများကယူဆကြမှာပါ။ တကယ်တမ်းကြတော့ ကိုင်းထောက်ခြင်းက လွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ ပညာသဘာ လိုပါတယ်။ ငါးအုပ်အသွားအလာကို လေ့လာရပါတယ်။ နေရာတွက်ချက်တတ်ရပါတယ်။ရေရဲ့အနေအထားကို သိရပါတယ်။လယ်ကွက်ထဲမှာ သဘာဝအရရှိနေတဲ့ ပုစွန်ဘယ်လောက်ကျန်သေးသလဲဆိုတာကိုလဲခန့်မှန်းနိုင်ရပါတယ်။ လယ်ထဲမှာ သဘာဝအတိုင်းပုစွန်ရှိသေးချိန်ဆို ကိုင်းထောက်ချမယ်ဆို ဟင်းစားလောက်သာ ရမှာပါ။ ငါးပြေမတွေက တီကောင်ထက် ပုစွန်ကိုပိုကြိုက်တာပါ။ ကိုင်းထောက်မယ့် လယ်ကွက်ရဲ့ဧရိယာအပေါ်မူတည်ပြီးတော့ အသုံးပြုရမယ့်ကြိုးအရှည်အတိုကို နားလည်ရပါတယ်။ ကိုင်းထောက်ချိန်မှာ အသီးတင်စ စပါးပင်တွေကိုမထိခိုက်အောင်လည်း ရှောင်ရပါတယ်။ ဒါမှသာ ကိုင်းတွေပြန်သိမ်းချိန်မှာ အလွယ်တကူနဲ့ ဝင်ရောက်သိမ်းယူနိုင်မှာပါ။
ကိုင်းထောက်ထားပြီးသွားပြီဆိုရင် ကိုင်းတိုင်းလိုလိုက ငါးပြေမချည်းရတတ်တာမဟုတ်သေးပါဘူး။ ငါးပြေမအပြင် တခြားရတတ်တာတွေကတော့ ကကတစ်နဲ့ငါးရံ့ပါပဲ။ တချို့ကိုင်းတွေမှာ မိနေတာကြတော့လဲ တခါတရံရယ်ရွှင်ဖွယ်ဖြစ်တတ်သလို တခါတရံကြတော့လည်း စိတ်ပျက်ဖွယ်ရာကိုဖြစ်ရပါရော။ ကနကုတ်(ခ)မြွေပတူ(ခ)ရေမြွေတွေ မိနေခြင်းပါပဲ။ ကိုင်းထောက်လို့ရတဲ့ ငါးပြေမကိုတော့ ကိုယ်တိုင်လည်းစားသလို ရွာထဲလှည့်လည်ရောင်းချတန်ရောင်းချရပါတယ်။ ဆန်နဲ့လဲတန် လဲရပါတယ်။ ကကတစ်ကတော့ ငါးဆားနယ်လုပ်တာများပါတယ်။ ဒီရွာစဉ်ရွာဆက်တစ်လျောက်ကထွက်တဲ့ ကကတစ်ငါးဆားနယ်ဆိုတာ နာမည်ကြီးပါပဲ။ ငါးရံကတော့ အပိုဆုလာဒ်လိုပဲ ဆိုပါရစေ။ ကိုင်းထောက်လို့မိလာတဲ့ ငါးရံ့မှန်သမျှက ငါးရံ့ခြောက်အဖြစ်ပြောင်းသွားရတာပါပဲ။ ငါးရံ့ခေါင်းနဲ့အူကတော့ တစ်နပ်စာဟင်းတစ်မည်ပေါ့။ ငါးရံ့ခြောက်မှာတောင် ဖမ်းဆီးရမိပုံပေါ်မူတည်ပြီး အရသာကွဲတတ်ပါသေးတယ်။ အံ့သြသွားကြပါသလား။ ငါးရံ့အရှင်(သို့) လောလောလတ်သေထားတဲ့ငါးရံ့ကို ငါးခွဲလိုက်တဲ့အခါ အသားကနီရဲနေတဲ့အပြင် ငါးခြောက်ဖြစ်သွားချိန်ဆိုရင် အရောင်အဆင်းလှပြီး အရသာကလည်းပိုပြီးကောင်းပါတယ်။ ကိုင်းထောက်လို့ရတဲ့ ရေသေငါးရံ့ဆိုရင်တော့ ငါးခွဲတဲ့အခါ ဖြူဖတ်ဖြူလျော်ကြီးပါပဲ။ ငါးခြောက်ဖြစ်သွားချိန်မှာလဲ ဖြူဖတ်ဖြူလျော်ကြီးဖြစ်နေသလို အရသာကလည်း မကောင်းလှပါဘူး။ အဲဒီအတွက် ရေသေငါးရံ့တွေကို ငါးခွဲတဲ့အခါ အမြင်လှဖို့ရယ် အရသာရှိဖို့အတွက် ယမ်းစိမ်းနဲ့နယ်ပေးရပါတယ်။ ယမ်းစိမ်းနဲ့နယ်လိုက်တဲ့အတွက် အရောင်လဲနီလာသလို အရသာလည်းပြန်ကောင်းလာပါလေရော။ ( ငါးခွဲတယ်ဆိုတာကလဲ ပညာရပ်တစ်ခုပါပဲ။အမြင်လှပြီး ရောင်းတမ်းဝင်ငါးရံ့ခြောက်ဖြစ်စေဖို့အတွက် ငါးခွဲမှုက အထူးကိုအရေးပါတာပါ။ ငါးခွဲတယ်ဆိုတာ ငါးရံ့ရဲ့ကျောကုန်းကနေပြီးအလျားလိုက်လှီးချလိုက်ပြီး အသားသီးသန့်အမြောင်းလိုက်ထလာအောင် ပုံသွင်းယူရတာပါ။)
အရုဏ်ဦးသည် အလင်းနုနေခြည်ပျောက်ကလေးများ ဝိုးတဝါးဖြာဆင်းကာ လောကစက်ဝိုင်းအတွင်း ပတ်လည်ရွေ့လျားလျက်ပင်ရှိပါ၏။ အလှကား ပသာဒအိမ်ဝယ်တည်ရှိပါတယ်။ ပသာဒကား ဘဝအိမ်ဝယ် တည်ပါတယ်။ မမြဲမြံသောတရားများကြားမှာပင် ဘဝတစ်ချို့ကား ပုံသေကားချပ်ဆန်ဆန် ဆက်လက်တည်နေဆဲပင်။ အချို့သောဘဝများသည် သဘာဝအလှနှင့်ဘဝဖြစ်ရခြင်း ရသအား နှလုံးအိမ်၏ စွမ်းအားရှိသလောက် ခံစားပျော်မွေ့နိုင်ပါတယ်။ အချို့ဘဝများကား အခမဲ့ရသော သဘာဝ၏အလှတရားအပေါ် ၌ပင် ခံစားနိုင်စွမ်းအားများ ဆိတ်သုဉ်းလျက်ပင်ရှိပါတယ်။ ဘဝ၏ ရသအားခံစား တုန့်ပြန်နိုင်စွမ်းကို ညွှန်းပြပါဆိုပါလျှင် နတ္တိမဲ့လျက်ပင်ဖြစ်ပါတယ်။
နံနက်ခင်း၏နေခြည်အောက်တွင် ဝတ္တရားတစ်ရပ်သဖွယ် ပလိုင်းတစ်လုံး၊သီတံတစ်ချောင်းနှင့် ကိုင်းထောက်ဖြုတ်ရန်အတွက် လယ်ကွင်းများဆီသို့ တရွေ့ရွေ့ဖြင့် တိုးဝင်သွားခဲ့သော ကိုသာအေးတစ်ယောက်ကို မြင်တွေ့နိုင်ပါတော့တယ်။
ကေဇော်မိုး
No Comments