ရေဇလာသင်ဖျာခင်းရင်ပေါ့ (၆)

ရေဇလာသင်ဖျာခင်းရင်ပေါ့ (၆)

“ရေသေရေထ ရက်တွက်မနေနဲ့။ ကြုံရာတက်နဲ့ဖြစ်အောင်ခတ်ပါ”တဲ့။ ဒီဒေသမှာ နေထိုင်ခေါင်းချသွားခဲ့သော ရှေးလူကြီးများက အစဉ်အဆက်တလျောက် နူတ်တိုက်ချပေးထားခဲ့တဲ့ စကားပုံတစ်ခုပါ။ ဒီစကားပုံက ဘယ်သူတွေကို အထူးပြု ရည်ညွှန်းဆိုထားသလဲဆိုတာ တွေးမိကြပါသလား။ အခြားသူတွေအတွက် ဟုတ်နိုင်ရိုးလို့လား။ ကိုသာအေးတို့လို ကပ်ပါးတံငါသည်တွေအတွက် သီးသန့်ညွှန်း ထားပေးခဲ့တဲ့ စကားပုံတစ်ခုပါပဲ။

လရာသီကား ဗမာပြက္ခတိန်မူအားဖြင့်ဆိုပါလျှင် တော်သလင်းလကွယ် လွန်မြောက်လို့ သီတင်းကျွတ်လအနီးအနားသို့ပင် ချဉ်းကပ်နေခဲ့ပါပြီ။ မိုးကုန်စပြုပြီဆိုတော့ လယ်တွေထဲရေခန်းစပြုလာခဲ့ပါတယ်။ ရှူ့မြင်လေရာအရပ်ရပ်မျက်နှာထံဝယ်
ရွှေမြသားအဆင်းနှယ် ပမာဆောင်ထားသော စပါးနှံများက လယ်တောတစ်ခိုဝယ် ကိုင်းညွှတ်အိကျလျက်ပင်ရှိနေပါ၏။ လယ်တောထဲမှာ သားငါးရှာဖွေရသော ရာသီကတော့ ကုန်ဆုံးလွန်မြောက်သလောက်ဖြစ်ရပြီပေါ့။ ကိုသာအေးအဖို့ စားကျက်အသစ်ဆီသို့ ရွှေ့ပြောင်းရှာဖွေရပါတော့မယ်။ ဘယ်ကိုရွှေ့ရမလဲဆိုတော့ ချောင်းမကြီးကခွဲထွက်လာတဲ့ ရိုးတိုကလေးတွေဆီကိုပါပဲ။ ဒီအခါကာလမှာ ရိုးတိုလေးတွေထဲ ကျက်စားနေလေ့ရှိသော မျှင်ပုစွန်များကိုဖမ်းဆီးလုပ်ကိုင်ရတဲ့ မျှင်ရာသီသို့ တစ်ကျော့ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။

သင်္ဘောစင်အပေါ်မှာတင်ထားသော မြှုံးပိုက်အသီးသီးရဲ့ အပေါက်အပြဲအနာအဆာများကို ဖာထေးလို့ပြီးစီးပြီမို့ လုပ်ငန်းခွင်ဝင်ဖို့အသင့်ပါပဲ။ ကိုသာအေးပိုင်ဆိုင်တဲ့ မြှုံးပိုက်အနေအထားက သင့်တယ်လို့ဆိုရမှာပဲ။ စုစုပေါင်း (၁၄)ပိုက်တိတိရှိပါတယ်။ မျှင်ပုစွန်ဖမ်းဖို့အတွက် ပုစွန်အစာကလိုပါသေးတယ်။ မျှင်ပုစွန်ဖမ်းဖို့အတွက် လိုအပ်တဲ့အစာကတော့ ဖွဲနုပါပဲ။ ဖွဲနုဆိုလို့ အလွယ်တကူဝယ်ယူလို့ရတဲ့အရာလို့ မထင်ကြပါနဲ့။ တစ်ခေတ်တခါကတော့ အစိုးရမင်းများရဲ့ကျေးဇူးတော်ကြောင့် ကျေးရွာအသီးသီးမှာရှိသော တစ်နိုင်တစ်ပိုင်ဆန်စက်များဟာ စက်လည်ပတ်ခွင့်မရှိကြပါဘူး။ အစိုးရမင်းများရဲ့ အမိန့်တော်ရ စပါးထွက်ရာ ကျေးရွာအုပ်စုနှင့်ကွင်းအမှတ်အသီးသီးဟာ သတ်မှတ်ထားသော မြို့ပေါ်ရှိဆန်စက်များမှသာ စပါး ကြိတ်ခွဲခွင့်ပေးတာပါ။ ခိုးပြီး စက်လည်မိပါရင် တည်ဆဲမတရားဥပဒေများသုံးလို့ အရေးယူနှိပ်ကွပ်ခံရပြန်ပါတယ်။ အဲဒီအတွက် ကိုသာအေးတို့လိုကပ်ပါးတံငါသည်များအဖို့လည်း ဖွဲနုလိုအပ်လာချိန်မှာတော့ မြို့ပေါ်မှာရှိသော ဆန်စက်တွေဆီသွားပြီး ဝယ်ယူရပါတယ်။ တနိုင်တပိုင် နှစ်တင်း၊သုံးတင်းမျှသာ ဝယ်ယူနိုင်တဲ့အတွက် ခက်ခဲစွာဝယ်ယူခဲ့ရပါတယ်။

ကိုသာအေးအဖို့ တစ်မြန်နေ့က မြို့တက်ဝယ်ယူထားတဲ့ ဖွဲနုသုံးတင်းရလာပြီဆိုတော့ မျှင်လုပ်မယ့်ရက်ကိုတွက်ရပြန်ပါပြီ။ မျှင်လုပ်ဖို့အတွက်က အနည်းဆုံးတစ်ပတ်တာ ရိုးထဲဆင်းရမယ်ဆိုတော့ ကြိုတင်ပြီးပြင်ရဆင်ရပါတယ်။ ရိုးစပ်မှာတော့ မျှင်တဲကို ခဏတာနေထိုင်ဖြစ်ရုံသာမို့ အဖြစ်လောက်သာထိုးရပြီး မျှင်စင်ကိုတော့ အသေအချာ ကျကျနနဆောက်ရပါတယ်။ မျှင်တဲက အစအဆုံးပြန်ထိုးရတာတော့ မဟုတ်ပါဘူး။ နဂိုရှိပြီးသား တဲစုတ်ကလေးကိုပဲပြန်လည်ပြီး မွမ်းမံပေးရတာပါ။ အားလုံးပြည့်စုံသွားပြီဆိုမှသာ မျှင်တဲသို့ဆင်းလို့ မျှင်ရာသီကို စတင်ရပါတော့တယ်။ မျှင်ဆိုတာ ဘယ်လိုအရာမျိုးလဲလို့ တွေးတောနေမိကြပါသလား။ ပုစွန်မျှင်ငါးပိလုပ်တာလို့ဆိုရရင် သဘောပေါက်ကြမယ်ထင်ပါတယ်။ ပုစွန်မျှင်ငါးပိမှာ နှစ်မျိုးထပ်ကွဲပါသေးတယ်။ ရေချိုပုစွန်မျှင်ငါးပိနဲ့ ရေငန်ပုစွန်မျှင်ငါးပိပါပဲ။ ရေချိုကတော့ ချောင်းတွေ၊ရိုးတွေထဲမှာလုပ်တယ်ဆိုတာ သဘောပေါက်ကြမယ်ထင်ပါတယ်။ ရေငန်ပုစွန်မျှင်ငါးပိကတော့ ပင်လယ်မှာ အဓိကထားလုပ်ရတာပါ။

ချောင်းမကြီးမှနေ၍ ရိုးကလေးဆီသို့ ဦးတည်လှော်ခတ်နေသောလှေကလေးကား တရွေ့ရွေ့နှင်လျက်ပင်ရှိပါသည်။ လှေပေါ်မှာတော့ သက်ရှိလူသားနှစ်ဦးကား ရေဆန်ကို အားတက်သရော လှော်ခတ်နေလျက်ပါပဲ။
လှေပဲ့ကိုကိုင်နေသူက ကိုသာအေးပါ။ ဇနီးဖြစ်သူ မခင်ဝင်းကတော့ လှေဦးမှလှော်ခတ်နေလျက်​​ပေါ့။ လင်မယားနှစ်ယောက် မျှင်လုပ်ဖို့သွားတဲ့အတွက် သားဖြစ်သူမောင်ကျော်မိုးနဲ့သမီးဖြစ်သူ မသန္တာအေးတို့ကိုတော့ အဖိုးအဖွားတွေလက်ထဲ အပ်ထားခဲ့ရပါတယ်။ ရိုးထိပ်ကတဲပေါ်ရောက်တာနဲ့ စောင်၊ခေါင်းအိုး၊ခြင်ထောင်၊စားအိုးစားခွက်တွေနဲ့ မြှုံးပိုက်တွေကိုနေရာချရပါတယ်။ ဖွဲနုတောင်းတွေကို မိုးလုံလေလုံဖြစ်ဖို့ စီစဉ်ရပြန်ပါတယ်။ မျှင်အိုးတွေကိုလည်း ရိုးရေနဲ့ဆေးကြောရတာပေါ့။ အလုပ်တွေကို ဇယ်ဆတ်သလို လုပ်ကိုင်ပြီးစီးသွားချိန်ရောက်တော့ နေတောင်စောင်းနေပါပြီ။

ကိုသာအေးတစ်ယောက် ဆေးပေါ့လိပ်ကိုဖွာရင်း ရေလည်ချိန်ကိုစောင့်နေရပါတယ်။ ရေလည်လာတဲ့အခါ မြှုံးပိုက်တွေကို ရိုးတလျှောက် လိုက်လံချရပါတော့တယ်။ မြှုံးပိုက်ဆိုတဲ့ အသုံးအနှုန်းကြောင့် အထူးအဆန်းဖြစ်သွားကြမလားပဲ။ မြှုံးပိုက်ဆိုတာ စတုရန်းပုံစံပိုက်အစနှစ်ဖက်ဆီမှာ လေးပေအရှည်ရှိတဲ့ ဝါးတန်းနှစ်တန်းထည့်ရပါတယ်။ ကျန်တဲ့နှစ်ဖက်ကိုတော့ ကြိုးပျော့နှစ်ချောင်းမလျော့မတင်းထားပြီး ပိုက်အနားသတ်အဖြစ်ထားပေးရတာပေါ့။ စတုရန်းပုံမြှုံးပိုက်ရဲ့အနားလေးဖက်ဆီမှာ ကြိုးတစ်ချောင်းဆီချိတ်တွယ်ပေးရပါတယ်။ ကြိုးလေးချောင်းရဲ့အဆုံးက ကြက်ခြေခတ်ပုံစံပြင်ထားသော လေးကိုင်းပုံဝါးခြမ်းပြားနှစ်ခြမ်းဆီမှာ တစုတစည်းလာချည်ပေးထားရပါတယ်။ လေးကိုင်းပုံဝါးခြမ်းပြားရဲ့အပေါ်မှာ လက်ကိုင်ကြိုးကိုတပ်ပြီး ပိုက်ဖော်ပိုက်ချလုပ်ရတာပေါ့။ ဒါကို မြှုံးပိုက်လို့ခေါ်တာပါ။ ပိုက်ကတော့ မျှင်ပုစွန်ဖမ်းဆီးဖို့အတွက်ဆိုတော့ ခပ်စိပ်စိပ်ကိုထိုးထားရတာပါ။ မြှုံးပိုက်တွေချပြီး နာရီဝက်ဝန်းကျင်ရောက်ရင် ပိုက်ရဲ့အလယ်ဗဟိုနားကို လက်တစ်ဆုပ်စာဖွဲနုနှစ်ကြိမ်လောက် ပက်ပေးရပါတယ်။ ဖွဲနုနံ့ကြောင့် မျှင်ပုစွန်တွေ ပိုက်ထဲကိုအလုံးအရင်းဝင်ရောက်လာချိန်မှာ ပိုက်ကိုဖော်ရပါတော့တယ်။ ပိုက်ချလိုက် ဖော်လိုက်နဲ့ ရေမတက်မခြင်း လုပ်ရတာတော့တာပါပဲ။ သန်းကောင်ဝန်းကျင်ရောက်တဲ့အခါ ရေတက်လာပြီရင်တော့ ပိုက်တွေအကုန်ရုတ်သိမ်းရပါတော့တယ်။

ပိုက်ရုတ်သိမ်းထားပြီဆိုတော့ အနားရပြီလို့ထင်ကြမယ်ထင်ပါတယ်။ တကယ်တမ်းကြတော့ အနားမယူအားပါဘူး။ မိသမျှ မျှင်ပုစွန်တွေ၊ငါးလေးပေါက်များကိုစုလို့ ဗုံလုံထဲထည့်ကာ ရိုးရေထဲချပေးထားရပါတယ်။ ဗုံလုံဆိုတာ ငါး၊ပုစွန်သိုလှောင်ရတဲ့ စည်ပိုင်းတစ်မျိုးပါ။ နောက်တစ်နေ့မနက် ရေကျချိန်မှာ မြှုံးပိုက်ထပ်ချရပါတယ်။ ရသမျှကို နောင်ဗုံလုံတစ်လုံးနဲ့လှောင်ထားရပါတယ်။ မနေ့ညက ဗုံလုံကိုပြန်ဖွင့်ပြီး မျှင်ပုစွန်၊ငါးလေးပေါက်တွေအားလုံးကို အိုးလွတ်တစ်လုံးထဲထည့်လို့ ငါးပိနင်းရပါတော့တယ်။ ကိုသာအေး ငါးပိနင်းပြီဆို မခင်ဝင်းက ဆားလိုက်ပေးရပါတယ်။ ဆားလိုက်တယ်ဆိုတာ အိုးထဲသို့ ဆားထည့်ပေးတာကို ခေါ်တာပါ။ လိုအပ်သလောက်နင်းပြီးတဲ့အခါ မျှင်ပုစွန်တွေ၊ငါးလေးပေါက်တွေကကြေသွားပါတော့တယ်။ အိုးထဲက ငါးပုစွန်အကြေပုံကြီးကို နေလှန်းစင်ပေါ်မှာ ငှက်ပျောဖက်တွေခင်းကာပုံထားပြီး နေပြပေးရပါတယ်။ ဒုတိယအကြိမ် ဆားထပ်လိုက်ရပါတယ်။ နေလှန်းစင်ကိုတော့ တဖက်စောင်းပုံစံလေးလုပ်ရပါတယ်။ ဒါမှ မျှင်ကထွက်လာတဲ့အရည်တွေက စင်ရဲ့နိမ့်တဲ့ဖက်အခြမ်းကိုစီးကျလာနိုင်မှာပါ။ နေလှန်းစင်ရဲ့ နိမ့်တဲ့ဖက်အခြမ်းမှာ ဝါးရေတလျောက်ကလေးနဲ့ မျှင်ရေတွေကိုခံယူကာ အိုးထဲကိုကျဆင်းစေပါတယ်။ မျှင်ကထွက်လာတဲ့ ဒီအရည်တွေက တစ်ညအိပ်နဲ့တစ်နေ့စာနေပြပြီးတဲ့အခါ ငံပြာရည်အဖြစ်ပြောင်းသွားတာပါပဲ။

ဖွဲနုသုံးတင်းလဲ ကုန်ခဲ့ပါပြီ။ မျှင်လည်း အကျနည်းခဲ့ပြီဆိုတော့ ရွာပြန်ဖို့ပြင်ဆင်ရပါတော့တယ်။ ရိုးကလေးထဲက မျှင်တဲမှာ နေထိုင်ဖြစ်ခဲ့တာကလည်း ရက်အားဖြင့်ရေတွက်ကြည့်ရင် တပတ်ကျော်လွန်လို့ ဆယ်ရက်ဝန်းကျင်ရှိပြီဆိုတော့ မျှင်ရာသီတကျော့ပြီးခဲ့ပြန်ပါပြီ။

ရိုးလေးထဲမှနေ၍ ချောင်းမကြီးဆီသို့ လှေကလေးတစ်စင်းကား အသော့နှင်ရွေ့လျားလျက်ပင်ရှိပါ၏။ တက်ညီလက်ညီလှော်ခတ်နေကြသော ကပ်ပါးတံငါသည်ကိုသာအေးတို့ဇနီးမောင်နှံ၏ နူတ်ဖျားအစုံ၌ကား ပီတီအပြုံးတို့ တွဲလွဲခိုလို့နေဆဲ။

“မောင်သာအေးတို့ မျှင်လုပ်တာ ဆင်ပြေလာကြတယ်ထင်တယ်။ လင်မယားနှစ်ယောက်စလုံးပြုံးလို့ချိုလို့ပါလား”
“ဟုတ်ကဲ့ အရီးသန်းတင်ရေ။ အဆင်ပြေတယ်လို့ပြောရမှာပဲ။ မျှင် တစ်ဆယ့်ငါးပိဿာလောက်ကျတယ်။ ငံပြာရည်က စဥ့်အိုးတစ်အိုးစာရတယ်”
“ အတော်ပဲ မောင်သာအေးရေ။ တလက်စတည်းမှာထားလိုက်မယ်။ မျှင်ငါးဆယ်သားချန်ပေးထားပါ။”
“စိတ်ချပါ အရီး။ လာပို့ပေးပါ့မယ်။”

အနားကပ်ကာ ခုတ်မောင်းသွားသော ပဲထောင့်ပေါ်မှ အရီးသန်းတင်အားပြန်လည်နူတ်ဆက် ဖြေကြားကာ လှိုင်းမလူးစေရန်အတွက် တက်မကိုအားစိုက်ထိန်းလိုက်ရပါတယ်။ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ရသော မျှင်ရာသီမှအကျိုးအမြတ်အား လင်မယားနှစ်ဦးသားကိုယ်စီကိုယ်ငှာတွက်ဆလို့နေပါ၏။ ရေဇလာ သင်ဖျာခင်းလေမှ ဝမ်းရေးလှရရှာသော ကပ်ပါးတံငါသည်မောင်နှံတို့ကား ရာသီအလိုက် လုပ်ငန်းကိုင်ငန်းကောင်းမွန်ဖို့ ကွင်းပိုင်ကြီးမှိုင်းမဖို့ ဆုတောင်းဖြစ်ကြရုံမှတပါး ဘာများတတ်နိုင်ကြရပါ့မလဲ။

ကေဇော်မိုး

About The Author

greenness_mm

No Comments

Leave a Reply