ရေမျောသီးတွေကြွေတဲ့ည

ရေမျောသီးတွေကြွေတဲ့ည

ည၏လရောင်သည် ပါးပါးဝပ်ဝပ်ကလေးဖြင့်သာ ရိုးချောင်းကလေး၏ ရေလွှာအပေါ်သို့ ဖြန့်ကျက်အုံ့ဆိုင်း လွှမ်းခြုံလျက်ပင်ရှိပါသည်။ ဓနိတောများဆီသို့ တိုးဝှေ့လာခဲ့သော ညလေပြည်ကလေးများ၏ တဖျပ်ဖျပ်တချပ်ချပ်လက်ခတ်သံများသည် အနုစိပ်မှုန်းခြယ်တီးခတ်ထားသော နဒီဂီတတစ်ရပ်နှယ်ပင် အလှဆင်လျက်ရှိပါသည်။ လရောင်ညတစ်ည၏ ဆွဲအားထံ၌ ဒီရေများသည် လျင်မြန်သောအဟုန်ဖြင့် လှိုင်းပွက်ရိုက်ခတ်သံများဖန်တီးကာ ရွေ့လျားစီးဆင်းလျက်ပင်ရှိပါသည်။
သာမောဖွယ်ရာ လအဆင်းသည် နဒီသားလွှာ၏ ခုံးကြွလှိုင်းဖန်သားနှင့် အလင်းခတ်မိလေသောအခါ ငွေလဲ့ရောင်ပုလဲတန်းကလေးများသည် ရေလွှာပေါ်ဝယ် ပြေးလွှားဆော့ကစားနေသကဲ့သို့ပင်။
ညဥ့်နက်ပျိုကလေးတစ်ခု၏နရီသည် စည်းချက်ကျနစွာဖြင့် ရွာရိုးကလေးအား အုံ့သိုင်းလွှမ်းပတ်ထားလျက်ပင်ရှိပါသည်။ ဒီရိုးကလေးထံ မှေးတင်လျက်ရှိသော ရေဆင်းတံတားကလေးသည် လရောင်ကြဲကြဲအောက်ဝယ် ငြိမ်သက်တိတ်ဆိတ်လို့နေဆဲ။
မလင်းတလင်း ဆိုလာမီးရောင်များအောက်တွင်မူ ရွာရိုးကလေး၏ ငြိမ်ဆိတ်ခြင်း အနုရသများသည် လရောင်ညတစ်ခုကိုရေးဆွဲထားသော သက်ငြိမ်ပန်းချီတစ်ချပ်နှယ်ပင်ဖြစ်ပါသည်။ လေနရီသည် ညင်းပြေရာမှတစ်ဆင့် ညင်းထန်မှုအဆင့်သို့ ကူးပြောင်းဝင်ရောက်စပြုလာခဲ့ပါပြီ။ ညင်းထန်စပြုလာခဲ့သော လေနရီသည် ညတစ်ည၏ သင်းရနံ့တချို့ကို ဆွတ်ယူဆောင်လာခဲ့ပါသည်။ ဖြည်းဖြည်းညင်းညင်းကလေးဖြင့် အဆုပ်ထဲသို့ ရှိုက်သွင်းလိုက်မိတော့ ဒီရောက်တောအရပ်ရှိ ခရာပန်းစုံရနံ့များသည် ဖောဌာအာရုံဝယ် စွဲထင်ကျန်ရစ်ခဲ့ပါသည်။
ဝင်းစက်ဝိုင်းလက်စပြုလာသော ငွေလရောင်သည် ဒီရိုးအရပ်အပေါ်သို့ အပြည့်အဝ လွှမ်းခြုံစီးမိုးလာခဲ့ပါပြီ။ ဒီအလျင်သည် တသွင်သွင်စီးဆင်းနေလျက်ပင်။ ဒီဆွဲခတ်သံများသည် လရောင်ည၏ နောက်ခံဂီတကို ဖော်ညွှန်းတီးခတ်ဟန် ပြုလျက်ပင်ရှိပါသည်။ ဒီရိုးဘေးဝယ် မှေးတင်လျက်ရှိသော လမုတော၊ ခရာတောတို့သည် ယိမ်းနွဲ့လှုပ်ရှားကာ လရောင်ညတစ်ည၏ အနားကွပ်အလှအား ဖော်ကျူးတင်ဆက်နေလျက်ပင်။ လရောင်ပြေးကလေးတစ်ခုသည် လမုပင်တစ်ပင်၏ ပင်ပိုင်းအရပ်သို့ လျှပ်တပြက်ထိုးဆိုက်လာခဲ့ပါ၏။ အပွေးတက်ကာရင့်မာလျက်ရှိသော
လမုသီးတစ်လုံး၏သွင်ပြင်သည် လရောင်ဆလိုက်အောက်ဝယ် ဝင့်ဝင့်စားစားပင်။
ရွှန်းပလက်ဖြာလျက်ရှိသော လရောင်တန်း၏ ညှို့ဓာတ်နှင့် ဒီဆွဲငင်မှုအောက်တွင် ပင်လည်ပိုင်းထက်ရှိ လမုသီးတစ်လုံးသည် ရှည်ရှည်မျောမျော ရိုးညှာတံစိမ်းစိမ်း၏နှောင်တည်းမှုအား ဖြတ်တောက်ကာ ရေဇလာထက် ခုန်ဆင်းခဲ့လေပြီ။ အစိမ်းနုနု လမုသီးကလေးများကား ပင်ပိုင်းဖျားထက်ဝယ် တိတ်ဆိတ်စွာ ငေးရီနေလျက်ပင်ရှိပါသည်။ ` ပလုံ´ လမုသီးနှင့်ဒီရိုးရေတို့ ထိခတ်မှုမှတဆင့် မြည်သံစွဲအင်္လါကာတစ်ခုသည် လရောင်ည၏ စုတ်ချက်အား အနားကွပ်လျက်ပင်ရှိပါသည်။ ရင့်မာအက်ကွဲစပြုနေသော လမုသီးကလေးသည် ဒီရိုးရေလွှာပြင်နှင့် ထိတွေ့ပြီးနောက် စက္ကန့်အနည်းငယ်အကြာ၌ ပင့်လှိုင်းတစ်ခု၏ လှိုင်းအဆင့်တွင် ရေဇလာအပေါ်သို့ တဖန်ပြန်လည်ပေါ်ထွက်လာခဲ့ပါသည်။ ဒီရိုးကလေး၏ ရေဇလာဝယ် ရေမျောသီးကလေးများသည် ` ပလုံစွပ်´ သံအသီးသီးကို ဖန်တီးလျက် နဒီအရပ်သို့ စုန်ဆင်းလာခဲ့ကြလေပြီ။
လရောင်ညတစ်ည၏ ရေမျောသီးများအလှအားဖွဲ့ဆိုသော မြင်ကွင်းသည် သဘာဝစုတ်ချက်တစ်ရပ်ပင်ဖြစ်ပါသည်။ ဒီရိုးကလေးသည် လရောင်ညတစ်ည၏ ညှို့ဓာတ်ဝယ် ရေဇလာလှိုင်းများအား ငြိမ့်ညောင်းစွာရစ်ခွေလျက် နဒီအရပ်သို့ စုန်ဆင်းလာခဲ့ပါပြီ။ ရေမျောသီးကလေးများသည် သဘာဝကွင်းဆက်၏ အမှတ်လက္ခာထံတွင် ဝင်ရောက်ဖြည့်စွတ်ပေးရခြင်းမည်ပေသည်။ ဒီရိုးအရပ်ရှိ ရေမျောသီးများသည် အစာကွင်းဆက်သံသရာ၏ အဖြည့်ခံသရုပ်တစ်ရပ်ပင်ဖြစ်ပါသည်။ ဒီရိုးအရပ်ထံ၌ မှီတင်းနေထိုင်လျက်ရှိသော ရေသတ္တဝါများ၏ အစာသည် ရေမျောသီးပင်ဖြစ်ပါသည်။ ရေမျောသီးသည် သံသရာလည်ခြင်း၏ ဆိုက်ရောက်ရာပြပုဒ်ပင်ဖြစ်ပါသည်။ ရေဇလာထက်တွင် လူးလွန့်သွားခဲ့သော ရေမျောသီးကလေး၏ ရင့်မာစေ့များသည် လှိုင်းသက်ရာ ကမ်းရပ်ဝန်းအပေါ်ဝယ် တဖန်ပြန်လည်၍ ရှင်သန်မှုဇာတ်အား တင်ဆက်ကပြရပါလေဦးမည်။
လူ့ဘဝ၏ သရုပ်သည် လရောင်ညတစ်ည၏ရှု့ခင်းထံ၌ ဖွဲ့ဆိုမိသော ရေမျောသီးကလေးပမာပင်ဖြစ်ပါသည်။ လူ့ဘဝ၏ နုပျိုခြင်းသည် လမုပင်ကလေး၏ ကနားဦးအစ နေ့ရက်များနှယ်ပင်ဖြစ်ပါသည်။ လူ့ဘဝ၏ နေဝင်အရပ်သည် လရောင်ညှို့ပွဲနှင့်ဒီဆွဲခတ်သံအောက်တွင် ကြွေကျသွားခဲ့ရရှာသော ရေ
မျောသီးကလေးနှင့်ပမာထပ်တူ တင်စားခိုင်းနှိုင်းရပါပေလိမ့်မည်။ ရေမျောသီးကလေးသည် အသစ်တစ်ဖန်ဖြစ်ခြင်းထံတွင် ပင်စည်အားမွေးအပ်သကဲ့သို့ လူ့ဘဝသည်လဲ ဘဝသံသရာလည်ခြင်းထံတွင် ပြန်လည်ရှင်သန်ရမှုပင်ဖြစ်ပါသည်။
ဒီလိုပဲပေါ့ နဒီခရာ။ ဒီရိုးကလေးရဲ့ ချစ်မက်ခြင်းပုံပြင်ဆိုတာကလဲ မိုးဦးတစ်ခု၏လရောင်ထံတွင် ရေးခြစ်ဖြစ်ခဲ့သော ရေမျောသီးကလေးလိုပါပဲ။ နဒီခရာ ရဲ့ ညှို့အားမှာ မရင့်သန်ခင်ကြွေကျခဲ့ရသော ပင်အိုတစ်ခု၏ စိမ်းမြမြရေမျောသီးကလေးပဲပေါ့။ ဆွတ်ယူဖို့ဆိုတာက နဒီအရပ်မှာ ရေဦးလှည့်ထွက်ခဲ့သော ခွဲဖြာမြစ်တစ်ခု၏ သောင်မဲ့အရပ်များသာဖြစ်လာခဲ့ရပါတော့သည်။
ကေဇော်မိုး
photo crd

About The Author

greenness_mm

No Comments

Leave a Reply