ရွေးကဗျာ

ရွေးကဗျာ

💚ပတ်ဝန်းကျင် ကဗျာ💚
တကယ်တော့
” ရွေး ဟာ မြို့ကလေးရဲ့အစ ။
တကယ်တော့
ရွေး ဟာ
တောမကျ မြို့မကျ မြို့လေးကို
ဖက်တွယ်ရှင်သန်ရင်း
ငေးမျှော်ကြည့်ရင်း
“ဒီရဲ့ နရီစည်းမှာ
ကလိုက် ခုန်လိုက် ။
နှစ်ပေါင်းများစွာ
မြို့ကလေးကို ထွေးပိုက်ရင်း
တခါ တခါ ကြည်နူးပျော်ရွှင်ရင်း
တခါ တခါ
အနာတရ ဒါဏ်ရာတွေနဲ့ မြို့ကလေးကို
ဖေးမရင်း
မြို့ကလေးရဲ့အခင်အကျင်းမှာပျော်ဝင်နေခဲ့ ။
ခုတော့
ရွေးရဲ့ ရင်ခွင်ထဲ
အတင်းကျူးကျော်လာတဲ့ မြို့ကလေးဟာ
ရွေးကို အကျည်းတန်စေခဲ့ပြီလား
ရွေးကို အထီးကျန်စေပြီလား
ရွေးကို မသိချင်ယောင် ဆောင်နေပြီလား…
ရွေး ဟာ
မြို့လေးကို
ဆိတ်ဆိတ်ငြိမ်ငြိမ်ကြည့်နေရင်း
နာနာကျင်ကျင် ကြေကြေကွဲကွဲ ဖြစ်နေရှာ
တကယ်တော့
ရွေးဟာ
အရိုင်းဆန်ဆန်လေး
စီးမျောချင်ရုံမှ တစ်ပါး
တကယ်တော့
” ရွေးဟာ……….။
မိုးပွင့်ခေမာ
ရွေး=ဧရာဝတီတိုင်းဒေသကြီးရှိ ရွေးမြစ်ကို ရည်ညွှန်းပါသည်။

About The Author

greenness_mm

No Comments

Leave a Reply