လဲသီးခြွေသည့်လတပေါင်း
တပေါင်းငယ်မှညှာကျင်
နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့
ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်။
နုညိုစင်ငယ်တဲ့လေ။
ကျောင်းသားဘဝကအကြိုက်ဆုံး ကုန်းဘောင်ခေတ်စာဆိုဦးယာ၏ အဲချင်း ကဗျာတစ်ပုဒ်ကို နွေဦးကာလ တပေါင်းလတွင်ပြန်ပြောင်းဖတ်ရှုအရသာခံနေမိသည်။ လတပေါင်းတွင်တော့ သစ်ရွက်ခြောက်တို့ကြွေကျကာ ပင်တိုင်းနီးပါးတွင် ရွက်နုသစ်ဦးပုရစ်ဖူးလေးများကထွက်ပြူလို့လာပေပြီ။
ပတ်ဝန်းကျင်တခွင်မှာတော့အပူရှိန်က တရိပ်ရိပ်မြင့်တက်လို့မြို့ပြတွင်နေထိုင်နိုင်ဖို့မလွယ်ပါပေ။ အညာများတွင် လည်းပူရှာရော့မည်။ တောဓလေ့မြင်ကွင်များကမျက်လုံးထဲမြင်ယောင်လာမိသည်။ ဒီအချိန်တွင်တောရွာများတွင် ဓါတ်ပုံရိုက်လို့ကောင်းမည့်မြင်ကွင်းလေးများ ဖြစ်ပေါ်လာတော့မည်။
အထူးသဖြင့်တော့နောက်ကျသွားပြီဖြစ်သည့် လက်ပံပွင့်ချိန်။ အဆိုတော်သန်းထွန်းလေး၏ သီချင်းထဲကလက်ပံပွင့်တွေ။ အပွင့်နီနီရိုးတံပြိုင်းပြိုင်းမှာ လေတိုက်တိုင်းတဝဲ၀ဲကြွေသွားတာ ဒါကိုချစ်စရာဟု တင်စားသွားသည်။ လက်ပံပွင့်ချိန်ခွေးရူးချိန်ဟု လူကြီးများကခြောက်တော့ လက်ပံပွင့်ချိန်ကို ကြောက်စရာအချိန်အဖြစ်မြင့်ခဲ့ဘူးသည်။ အပူရှိန်မြင့်ခြင့်ကြောင့်ခွေးများ ရူးတတ်သည်ကို လူကြီးများက အလွယ်ပြောခဲ့ခြင်းသာ။ အခုတော့လက်ပံပွင့်တွေကုန်သွားခဲ့ပြီ။ ပွင့်ချိန်တန်ခဲ့လို့၊ သီးချိန်တန်ခဲ့ပြီ၊ ဓါတ်ပုံကောင်းကောင်းမရခဲ့ပါပေ။
ခရီးဝေးမသွားနိုင်သည့်တိုင်၊ မြို့ရဲ့အနီးတဝိုက်တောရွာလေးများဆီသွားချင်မိသည်။ တစ်ရက်တော့ သရေခေတ္တရာပျူမြို့ဟောင်းထဲက မှော်ဇာကျေးရွာလေးထဲက ဆရာဦးနေဦးကဖုန်းဆက်ခေါ်သည်။ သူအိမ်ကရွာအစွန်ဟုပြောမလား ခြံကွက်ကျယ်ကြီးထဲတွင်၊ သီးပင်စားပင်၊ မျိုးစုံနှင့်စိုက်ပျိုးရေးသင်တန်းဆရာ ပီပီ သဘာဝမြေသြဇာများထုတ်လုပ်ပြီး၊ သဘာဝနည်းကျကျစမ်းသပ်စိုက်ပျိုးထားမှုများလုပ်သည်။ ကျွန်တော်မကြာခဏသွားရောက်လည်ပတ်တတ်သည့်နေရာလေး။
ခြံစည်းရိုးတစ်ဝိုက်တွင် လက်ပံပင်များစွာရှိသည်။ ရောက်သွားတော့အချိန်ကိုက်ပင်ဖြစ်သည်ဟုပြောရမည်။ သီးချိန်တန်ခဲ့သည့် လက်ပံသီးခေါ်လဲသီးများရင့်မှည့်နေခဲ့ပြီ။ လဲသီးခြွေချိန်လို့ဆိုမည်။ လဲသီးထဲမှအမွေးဖွေးဖွေး လေးများက အစေ့လေးများတွဲကပ်ကာ လက်ပံပင်ခြေတစ်ဝိုက် နှင်းကော်ဇောခင်း ထားသလို၊ လေထဲတွင်လည်းတဝဲ၀ဲလည်နေသည်။ မြတ်ပင်ဖျား၊ ဆူးခြုံများကြားတွင်လည်း တွယ်ကပ်နေသည်။ နင်းလျှောက်သွားသူများ၏ ခြေထောက်၊ ဖိနပ်များတွင်လည်းတွယ်ငြိလိုက်ပါသွားကြသည်။ ခြောက်သွေ့ခြင်းကို အခွင့်ကောင်းယူကောက်ယူရသည့် လဲဆံလေးများပါပေ။
နေကအမြင့်ဘက်ကိုရောက်နေပြီဖြစ်ကြောင်း ကင်မရာကအချက်ပေးသည်။ အလင်းအမှောင်မညီတော့။ ကောင်းကင်က အပြာရောင်မှိန်မှိန်တွင်အဖြူရောင်ဘက်ကို လုနေသည်။ ဤအခြေအနေကိုဓါတ်ပုံဆရာ အများစုမကြိုက်ချေ။ ဗန်းသွားနိုင်သည်။ ထိုအချိန်တွင်တော့အပူချိန်အလင်းရောင်ကို ဂရုမထားနိုင်သူတစ်ဦး ကတော့ လက်ပံပင်လယ်တွင်ခဲရာခဲဆစ်ဖက်တွယ်ထားရင်း ဝါးတံချူတစ်ချောင်း၊ ကြိုးရှည်တစ်ချောင်းဖြင့် လဲသီးများကိုချွေချနေသည်။ ထိုသူချွေချလိုက်တိုင်း အခါလွန်သွားပြီဖြစ်သည့်လဲသီးတစ်ချို့ဆီက ပွင့်အာထွက် နေသည့်လဲဆံဖွေးဖွေးများက လေဟာပြင်ထဲ နှင်းဖတ်များကြဲပတ်လိုက်သလို ဖြာထွက်သွားကြပုံ။ ဘာရယ်မဟုတ်ကြည့်ရင်း လွမ်းမိရပြန်သေး။
လယ်ကွက်ကြားတွင်ထိုင်ချလိုက်ရင်း လက်ပံပင်ပေါ်ကိုစိတ်ပြေနပြေငေးကြည့်နေခဲ့သည်။ လက်ပံသီးများက မြေပြင်ထက် တဘုတ်ဘုတ်ကြွေကျနေသည်။ ကောက်ယူသူများကတော့အရိပ်ကောင်းကောင်းတွင် ထိုင်စောင့်နေကြ၏။ အဝေးက္ကိုယ်ပင်တန်းဆီက ဂျိုးကူသံကိုဆွေးမြေ့ဖွယ်ကြားနေရသည်။ က္ကိုယ်ပွင့်များဆီက ချိုအီသည့်အနံကိုရှုရိုက်မိသည်။ ဒီအချိန်ဆိုတမာပွင့်များလည်းမွေးနေရော့မည်။ ဆရာမြသန်းတင့်၏ တမာနုချိန်စစ်တမ်းကို ပြေးမြင်ယောင်မိပြန်ချေ။ အချို့ရွက်နုများကအတော်ပင်အရှိန်ရခဲ့ပြီ။ ဥသြငှက်က ရင်ကွဲဖွယ်အော်မြည်နေပြန်သေးသည်။ သူလည်းပူရှာရော့ထင်။ ကဗျာကိုပြန်အမှတ်ရပြန်သည်။
ဝန်းကျင်ငယ်မှပတ်ကုန်း
တွန်ထူးဘာသာ၊ ငှက်တို့မှာလည်း
စုကာရုံးလို့၊ ခြိမ့်အုန်းငယ်ကျူးသီ
အမသံညောင်း၊ သိုက်နန်းငယ်အောင်းလို့
သာပေါင်းငယ်ချီသည်
သရဖီရွှေခိုင်ကလှိုင်ရှာလေကော။
သရဖီပန်းများကိုမမြင်ရသေးချေ။ ဇရပ်အုပ်များကိုတော့ အခုတလောတွင်တွေ့နေရသည်။ ဗျိုင်းအုပ်များ ကိုလည်း နွေစပါးရေသွင်းနေသည့်အကွက်များတွင် အုပ်စုလိုက်မြင်ရသည်။ ဖိုမသံအချက်ပေးသံကိုတော့ ကျွန်တော်နားမလည်နိုင်ရှာပါ။ လတပေါင်း၏အပူရှိန်အောက်တွင်သာ မှေးငိုက်သလိုဖြစ်သွားရသည်။
“ လဲသီးချွေတဲ့သူတွကသူတို့ချွေဖို့လက်ခံထားတဲ့ အပင်ကိုမချွေခင် တစ်ပတ်လောက်ကြိုလာပြီး လောက်လေးနဲ့လဲသီးကိုပစ်ချပြီးစမ်းသပ်တယ်။ အောက်ကျလာတဲ့အသီးကိုခွဲ အထဲကအစေ့လေးကိုဖျစ် ကြည့်လိုက်လို့ ရေထွက်သေးရင်နုသေးတယ် ရေမထွက်တော့မှ ချွေချိန်ကျတယ် အဲလိုစမ်းတာ ခူးချိန်တန်လို့ မခူးရင်လည်းတစ်ပတ်အတွင်းမှာ အသီးတွေကွဲပြီးအာထွက်ကုန်တယ် ဆုံးရှုံးမှုများတယ်” ဟု ပျင်းနေပုံရသည့် ကျွန်တော်ကိုဆရာဦးနေဦးကရှင်းပြသည်။
ကျွန်တော်အသိစိတ်ထဲတွင် လဲသီးများချွေချင်းကလရာသီအလိုက် ကြည့်ကောင်းသည်။ အနုပညာဆန်သည် ဒီလောက်ပဲတွေးမိသည်။ တကယ်တော့လည်း နက်နဲသည်။ အဓိပ္ပါယ်ရှိသည်။ ပညာသားပါသည်။ တွက်ချက်မှုတိကျသည်။ ကျန်းမာရေးရှုထောင့်၊ စီးပွားရေးရှုထောင့်များစွာတွေးယူ သင်ယူနိုင်သည်။ အံ့သြသွားရသည်ပေါ့။

လဲသီးခူးချိန်ကတပေါင်း ရက်ပေါင်းဆယ့်ငါးရက်လောက်သာ။ အမြန်ခူးရသည်။ နောက်ကျအာထွက်လွင့်စင် သွားပြီဆိုရင်တော့ ဆုံးရှုံးသွားမည်သာ။ နှစ်နှစ်ဆယ်အပင်တစ်ပင်လျှင်လဲသီး ဆယ့်ငါးတင်းကျော်ရသည်။ နှစ်ရာချီနေသည့်အပင်ကြီးများကတော့ တင်းရှစ်ဆယ်ခန့်ထွက်ကြသည်ဟုဆိုသည်။ လဲသီးတစ်တင်းကိုတော့ လဲတစ်ပိသာခွဲလောက်သာရသည်။ ခူးဆွတ်ပြီးအသီးများကိုအခင်းများခင်းကာ နေပူလှန်းခြောက်သွေ့အာထွက် အောင်ထားပြီးထုတ်ယူကြသည်။ ပြီးလျှင်တော့လဲဒိုင်များရှိသည်။ ရောင်းချင်လျှင်ရောင်းမရောင်းချင်လည်း ကိုယ့်အိမ်မှာပင် ခေါင်းအုံး၊ မွေ့ရာ၊ ဖက်လုံး မင်္ဂလာခန်းဝင်ပစ္စည်းများပြုလုပ်နိုင်သည်။ ခေတ်မီခန်းဝင်ပစ္စည်းများမှာ လှပသော်လည်း ကျန်းမာရေးရှုထောင့်ကမကောင်း။ လဲခေါင်းအုံးများက ကျန်းမာရေးနှင့်ညီညွတ်ပြီး တာရှည်ခံသည်။ နေပူပြန်လှန်းထားလိုက်လျှင် ပြန်ပွသွားသည်။
ရှေးမိရိုးဖလာ လက်ထက်ကတည်းကအသုံးပြုခဲ့သည့်ရိုးရာဓလေ့ ခေါင်းအုံးများပါပေ။ ငယ်စဉ်ကပုဆိုးများဟောင်းနွမ်းသွားပြီ ဆိုလျှင်အမေက လဲများဝယ်ယူကာခေါင်းအုံးချုပ်ပေးသည်ကို အမှတ်ရနေမိသည်။ လဲသီးချွေသူကအပင်ပေါ်မှပြန်ဆင်းလာသည်။ ဒီတစ်ခါအလှည့်ကျသူများကတော့ ကောက်မည့်သူများ။ ပလုံးတောင်းများ၊ ပီနံအိတ်များကိုင်ဆောင်ကာ ချွေချထားသည့်လဲသီးများကို လိုက်လံကောက်ယူနေကြတော့သည်။
“ အခုနှစ်တွေဘက်မှာလဲပင်တက်ရတာသိပ်မကိုက်တော့ဘူး ရာသီဥတုကအရမ်းပူတော့ အသီးတွေကိုအမြန်ချွေရတယ် ချွေချိန်နည်းသွားတယ်။ အလေအလွင့်များတယ်၊ ကွဲမြန်တယ် အရင်တုန်းကဆိုရင် နှစ်ယောက်တက်တာ တစ်ရာသီမှာ အပင်ခြောက်ဆယ်လောက် ခူးနိုင်တယ် တစ်ပင်ကိုအကြီးအသေးပေါ်လိုက်ပြီး ငါးထောင်ကနေသောင်းဂဏာန်းအထိ ရှိတယ်” ဟု လဲသီးချွေသည့် ကိုကျော်မြင့်ကမောမောဖြင့်ချွေးသုတ်ရင်းရှင်းပြသေးသည်။

အမြင်ဖြင့်ကြည့်ရုံမျှနှင့်ဆိုရင်တော့ ငွေရလွယ်သည်ထင်စရာရှိသည်။ တကယ်တော့မလွယ်ပါ၊ လက်ပံပင်ကကိုင်းဆတ်သည်။ ကျိုးလွယ်သည်။ ပူပြင်းသည့်ရာသီသစ်ရည်ဆုတ်သွားချိန်တွင် မှ လက်ပံပင်ပေါ် တက်နိုင်သည်။ အပင်တွင်ဆူးများလည်းရှိသေးသည်။ ကြိုးရှည်ရှည်ခိုင်ခိုင်တစ်ချောင်းနှင့် ခိုင်မာမြဲမြံသည့် ဝါးတံချူချိတ်ကောက်ကိုလည်း အားပြုကာဆွဲတက်ရသည်။ နွေနေပူပူမှာတက်ချွေရသည့်အလုပ်က အသက် အန္တရာယ်များလှပါသည်။ လဲတစ်ပိသာတွင်တော့ဒိုင်သွင်းဈေးထောင့်ရှစ်ရာဈေးသာ ပေါက်လေသည်။
တောရွာများတွင်တော့ယနေ့တိုင်လဲကောက်ယူသည့် အလေ့အထများကျန်သေးသည်။ မြို့ပြတွင်တော့အလှကြည့်စရာမြင်ကွင်းတစ်ခု ကလေးများဆော့ကစားရာနေရာတစ်ခုလိုသာ သုံးတော့သည်။ လက်ပံပင်ပွင့်ခြောက်ကိုထမင်းဝိုင်းများတွင်အရံဟင်းငါးပိချက် တို့စရာအဖြစ်စားနိုင်သည်။ အသားက အခေါင်းလုပ်သည့်ပျဉ်ပုတ်အဖြစ်၊ ကွန်ကရစ်အဆောက်အအုံများကျောက်လောင်းရာတွင် ကျောက်ထုတ်အဖြစ်သုံးသည်။ ထို့ကြောင့်လည်းသစ်ပွမျိုးဖြစ်ပေမယ့် အခုတ်ခံရသည်။ လက်ပံကိုင်းများတွင် မှိုပျိုးထောင်စိုက်လို့ကောင်းသည်ဟု သိရသည်။ ဟိုးတုန်းကတော့ ချောင်းတလျှောက်၊ ရွာလမ်းမများတလျှောက်တွင်မြင်တွေ့ရနိုင်သည်။ ယနေ့အချိန်တွင်တော့ရှားပါးခဲ့ပြီ။


လှည်းတစ်စီးကအနားလမ်ကြောင်းအတိုင်းဖြတ်မောင်းသွားနေသည်။ နောက်တွင်ဖုန်တသောသောထကျန် ခဲ့သည်။ လဲဆံဖွေးဖွေးလေးများကလေထဲတွင်ဝေ့၀ဲနေ၏။ တပေါင်းနေကခဏချင်းမှာပင် အရှိန်ရလာသည့် မီးသွေးမီးဖိုနှင့်တူနေသည်။ မြန်မာဓလေ့ပန်းချီကားများ၊ နွေရာသီဓါတ်ပုံများတွင် လက်ပံပွင့်နီရဲရဲနှင့် အပင်များ၊ လဲကောက်နေသည့်မြင်ကွင်းများက အထူးဇာတ်လိုက်ကျော်များအဖြစ် မြင်တွေ့ခဲ့ဖူး၏။ တကယ်လည်းမရိုးနိုင် အောင်လွမ်းဆွတ်ဖွယ်ရာများနှင့်ပြည့်နှက်နေသည့် တပေါင်းနွေမြင်ကွင်းများထဲက တစ်ခုပါပေ။
လတပေါင်းက ဦးယာ၏ တပေါင်းညှာကျင်လို
ပျော်ခင်းငယ်မှသာလှ၊ သည်ချိန်ကျလျှင်
တောဝဂနိုင်၊ စုံသာမြိုင်မှာ
မခိုင်ရွက်ညောင်း၊ ကြွေကျပြောင်းလို့
ထောင်းထောင်းငယ်လျှံငွေ့၊ လောင်ဓလေ့နှင့်
လွမ်း၍ငယ်တစေ၊ အလိုသေရချည့်
စိတ်ဖြေလို့မရနိုင် ဘယ့်နှယ်လူခိုင်ပါ့မယ်
ယုဂန်ပိုင်ရှင်သကြားတို့မာန်ထားရင်းလေ။
လူတစ်ယောက်ကိုမဆိုထားနှင့် နတ်သကြားများပင်လျှင် မာန်တင်းထားရသည့် လရာသီပါပေ။ မကြာခင်တွင်တပေါင်းလကုန်တော့မည်၊ လဲသီးများကြွေတော့မည်၊ အခုတော့လဲဆံလေးများက လေထဲတွင်တဝဲ၀ဲ၊ လတပေါင်းကိုလွမ်းဆွတ်ကြည်နူးခြင်းအားဖြင့် အမေကို လဲခေါင်းအုံးလေးတစ်လုံးလောက် လုပ်ခိုင်းအုံးမည်ဟု တွေးမိသည်။
ဝေလင်း(ပြည်)
၂၀၁၆ ခုနှစ် မတ်လအတွင်း ELEVEN MEDIA တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
No Comments