သဘာဝတရားကြီးက တိုက်လိုက်တဲ့ကျိန်စာ

သဘာဝတရားကြီးက တိုက်လိုက်တဲ့ကျိန်စာ

ကမ္ဘာမြေ၊ သက်ရှိလူသားနှင့် တိရစ္ဆာန်များ၊ တောတောင် မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများနှင့် ရေခဲတောင် ရေခဲမြစ်များ၊ ရာသီဥတုစက်ဝန်းများအားလုံးသည် သဘာဝတရားကြီးက ဟန်ချက်ညီညီလည်ပတ် တည်ရှိရန် ဖန်ဆင်းပေးခဲ့သည့် အရာများသာဖြစ်ပါသည်။ သဘာဝတရားကြီး၏ ဖန်ဆင်းခြင်းခံခဲ့ရသည့် အရာများထဲတွင် လူသားများနှင့် သက်ရှိတိရစ္ဆာန်များကိုသူ့နေရာနှင့်သူအသင်းအဖွဲ့နှင့်ဖြစ်စေတစ်ဦး၊တစ်ကောင်၊ တစ်ယောက်ချင်းဖြစ်စေသွားလာရှင်သန်နိုင်ရေးအတွက် မှတ်သားလေ့လာတတ်သည့် ဦးနှောက်နှင့် အသိဉာဏ်တချို့ကိုထည့်ပေးလိုက်သည်။ ထိုအထဲတွင် ဦးနှောက်ထုထည် အကြီးမားဆုံးဖြစ်သည့် လူသားများသည် သူတို့၏ကြီးမားသောဦးနှောက်များကိုအသုံးပြုကာကျေဇူးရှင်သဘာတရားကြီး၏ သဘာဝဖန်ဆင်းမှုများ ကိုကျော်လွန်ကာဖန်တီးမှုများ၊ နေထိုင်ရှင်သန်မှုများ ပြုလုပ်လာကြသည်။ တီဗွီ၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်မှသည် မော်တော်ကားများနှင့် လကမ္ဘာနှင့် အာကာသအတွင်းသို့ သွားနိုင်သည့် ယာဉ်ပျံကိုပါ တီထွင်ဖန်တီးခဲ့ကြသည်။ ကမ္ဘာမြေကြီးကလက်ခံနိုင်သည့် လူဦးရေပမာဏထက်ကျော်လွန်ကာလူဦးရေတိုးပွားနှုန်းကိုဖန်တီးလာသည်။ ကမ္ဘာမြေကြီးကို ငြိမ်းချမ်းရေးနှင့် ကင်းဝေစေမည့် အတ္တများကိုမွေးမြူလာသည်။ ဓာတုလက်နက်၊ ဇီဝလက်နက်များ သူ့ထက်ငါ အပြိုင်အဆိုင်ထုတ်လုပ်လာသည်။ ကမ္ဘာမြေကြီးကိုအစာမကြေဖြစ်စေမည့် ပလပ်စတစ်စသောလူ့အသုံးအဆောင်ပစ္စည်းများကိုအလုအယက်ထုတ်လုပ် အလုအယက်အသုံးပြုလာသည်။
သဘာဝတရားကြီးက ဖန်ဆင်းပေးထားသည့် မြေဆီမြေနှစ်များကိုဖျက်ဆီးမည့် ဓာတုစိုက်ပျိုးရေးဆေးများထုတ်လုပ်အသုံးပြုလာသည်။ သဘာဝတရားများ၏ လက်ဆောင်ဖြစ်သော မြစ်ချောင်းများကိုပိတ်ဆို့ကာတာတမံများတည်ဆောက်လာသည်။ အတူတကွဖန်ဆင်းခြင်းခံခဲ့ရသည့် တိရစ္ဆာန်များကိုအလွန်အမင်းသတ်ဖြတ်စားသောက်ခြင်းများ၊သတ်ဖြတ်အကျိုးစီးပွားရှာခြင်းများ ပြုလုပ်လာသည်။ ထိုသို့ ဦးနှောက်ထုထည် အကြီးမားဆုံဖြစ်သည့် လူသားများ၏ လုပ်ဆောင်မှုများကြောင့် စားနပ်ရိက္ခာရှားပါးလာသည်။ ရေအရင်းအမြစ်များခမ်းခြောက်ကုန်သည်။ ရာသီစက်ဝန်းများ ဖောက်လွဲဖောက်ပြန်ဖြစ်လာသည်။ ကမ္ဘာကြီးပူနွေးလာသည်။ ရေခဲတောင်များ ပြိုကျသည်။ ရေခဲမြစ်များပျော်ကုန်သည်။ ပင်လယ်ရေထု မြင့်တက်လာသည်။ တောင်တောင်များ ပြုန်းတီးလာသည်။ မြစ်ချောင်းအင်းအိုင်များတိမ်ကောလာသည်။ တိရစ္ဆာန်များမျိုးတုန်းလာသလိုဂေဟစနစ် ပျက်စီးယိုယွင်းလာသည်။

ထိုသို့ ဦးနှောက်ထုထည်အကြီးမားဆုံး၊ အသိဉာဏ်ပညာအရှိဆုံး၊ အတ္တလောဘအပြင်းထန်ဆုံးလူသားများကြောင့် ကမ္ဘာမြေကြီးသည် တစတစယိုယွင်းပျက်စီးလာခဲ့သည်။ သို့သော် သူဖန်တီးခဲ့သောကမ္ဘာမြေကြီး၏ ယိုယွင်းပျက်စီးမှုများအတွက် သဘာဝတရားသည် မသိကျိုးကျွံပြုကာ ငြိမ်ခံနေခဲ့သည်တော့ မဟုတ်ပါ။ လူသားများကို သဘာဝတရားနှင့် ကမ္ဘာမြေကြီး၏တန်ဘိုးကိုသိရှိနားလည်လာစေရန် သင်ခန်းစာပေးသည့် အနေဖြင့် သဘာဝဘေးအန္တရာယ်များကိုဖန်တီးကာလူသားများကိုသင်ခန်းစာအကြိမ်ကြိမ်ပေးခဲ့သည်။ မုန်တိုင်းတွေ တိုက်ခတ်သည်။ ငလျင်တွေလှုပ်သည်။ ရေကြီးရေလျှံမှုတွေ ဖြစ်သည်။ မီးတောင်တွေ ပေါက်ကွဲသည်။ ကပ်ရောဂါတွေ ကျရောက်သည်။ တောမီးလောင်ကျွမ်းမှုများဖြစ်ခဲ့သည်။ ထိုသို့ သဘာဝတရားက လူသားများကို ပြစ်ဒဏ်ခတ်ခဲ့မှုတွင် ၁၆ ရာစုနှစ်ကလူပေါင်း ၈ သိန်းကျော်သေဆုံးခဲ့သည့် တရုတ်နိုင်ငံတွင် ဖြစ်ခဲ့သောငလျင်လှုပ်ခတ်မှု၊ ၂၀၁၀ ခုနှစ်ကဟေတီနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူပေါင်း ၂ သိန်းခွဲမှ ၆ သိန်းခွဲကြားသေဆုံးခဲ့သည့် ငလျင်လှုပ်ခတ်မှု၊ ၂၀၀၈ ခုနှစ်ကတရုတ်နိုင်ငံစီချွန်းပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် လူပေါင်း ၈ သိန်း ၇ သောင်းကျော် သေဆုံးခဲ့သည့်ငလျင်လှုပ်ခတ်မှုများနှင့် ဆိုဗီယက်ယူနီယံ၊ အမေရိကန်၊ သြစတေးလျ၊ ပေါ်တူဂီ၊ အင်ဒိုနီးရှားစသည့်နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုများနှင့် အမေဇုန်သစ်တောတောမီး။ ထို့အပြင် ကမ္ဘာအနှံ့အပြားတွင် အမြဲလိုဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများ၊ တိုင်ဖုန်းဆိုင်ကလုန်းစသည့် မုန်တိုင်းများသည် မဟာဉာဏ်ကြီးရှင် လူသားများအတွက် သင်ခန်းစာယူမည်ဆိုကကောင်းကောင်းရနိုင်သည့် သဘာဝတရား၏ ပြစ်ဒဏ်ချမှတ်မှုများဖြစ်သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ၂၀၀၈ ခုနှစ်ကတိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကခုချိန်တိုင်အောင် ကိုယ်တိုင်ကြုံခဲ့ သူများနှင့် ပြည်သူများအတွက် မပျောက်ပျက်သေးသည့် စိတ်ဒဏ်ရာတစ်ခုအဖြစ် ရှိနေပါသေးသည်။ ထိုသို့ သဘာဝတရားကြီး၏ ဒဏ်ခတ်မှုကိုအကြိမ်ကြိမ်ခံခဲ့ရသော်လည်းလူသားများသည် သင်ခန်းစာအပြည့်အဝ မယူနိုင်ဘဲ သသဘာဝတရားနှင့် ကမ္ဘာမြေကြီးကိုဖျက်ဆီးမြဲဖျက်ဆီးလျက်သာရှိပါသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကတရုတ်နိုင်ငံဟူပေပြည်နယ် ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့သည့် ဝူဟန်ကိုရိုနာဗိုင်း ရပ်စ်(COVID_19)ဟုအမည်ရသည့် အဆုတ်ရောင်ရောဂါသည် ကမ္ဘာတွင် ဘယ်တုန်းကမှ ဖြစ်ပွားခဲ့ဖူးခြင်းမရှိသေးသည့် အဆုတ်ရောင်ရောဂါသစ်တစ်မျိုးဖြစ်ပြီးခုချိန်တိုင်အောင် အဆိုပါရောဂါကူးစက်မှုကိုတားဆီး နိုင်သည့်ဆေးရှာဖွေတွေ့ရှိခြင်းမရှိသေးပေ။ အဆိုပါ အဆုတ်ရောင်ရောဂါသစ်ကြောာင့် ဟူပေးပြည်နယ်တစ်ခုလုံးကပ်ဆိုက်သည့်ပမာခံစားနေရပြီး ဝူဟန်မြို့သည်လည်းအလွန်အင်မတန်စည်ကားသည့် မြို့တစ်မြို့အဖြစ်မှ ခြောက်သွေ့တိတ်ဆိတ်သောကြောက်စရာကောင်းသည့် မြို့တစ်မြို့အဖြစ်သို့ အချိန်ခဏတာအတွင်းပြောင်းလဲသွားခဲ့သည်။ ထို့အပြင် ယင်းရောဂါသည် ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်သို့လည်းပျံနှံ့သွားခဲ့ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကပါ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေသတ်မှတ်ခဲ့ရသည်။ ရောဂါဖြစ်ပွားမှုများနှင့် ကူးစက်မှုများကိုလက်ရှိအချိန်ထိထိန်းချုပ်နိုင်ခြင်းမရှိသေးသည့် အဆိုပါရောဂါကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ရှိပြီဖြစ်ကာရောဂါကူးဖြစ်ပွားသူ ၇၅၀၀၀ ကျော်ခန့်( ၂၁.၂.၂၀၂၀ အထိ) ရှိနေပြီဖြစ်သည်။ ရောဂါကိုမထိန်းချုပ်နိုင်သေးသည့်အတွက် သေဆုံးသူအရေအတွက်သည် နေ့စဉ်နှင့်အမျှ မြင့်တက်နေတုန်းပင်ဖြစ်သည်။ တရုတ်နိုင်ငံသည် ၂၀၀၃ ခုနှစ်တုန်းကလည်းဆားစ်(SARS) ရောဂါဖြစ်ပွားခဲ့ဖူးပြီးထိုစဉ်ကရောဂါဖြစ်ပွားမှုဖြစ်စဉ်တွင် သေဆုံးသူ ၇၇၄ ဦးရှိခဲ့သည်။ လက်ရှိ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ဖြစ်ပွားဆဲကာလမှာပင် သေဆုံးနှုန်းသည် ဆားစ်ရောဂါထက် သုံးဆခန့် ပိုမိုများပြားနေပြီဖြစ်သည်။ ထိုရောဂါဆန်းနှင့်ပတ်သက်၍ စိတ်ဝင်စားစရာ ဖြစ်နေသည်မှာထိုရောဂါ ဘယ်ကလာသလဲဟူ၍ဖြစ်သည်။

ကမ္ဘာ့အသိုင်းအဝိုင်းက လူအများစုကတော့ တရုတ်နိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားရသည်မှာလင်းနို့ စသောတိရစ္ဆာန်များကစတင်ခြင်းဖြစ်သည်ဟုယုံကြည်နေကြသည်။ တရုတ်လူမျိုးများလင်းနို့စွတ်ပြုတ် သောက်နေသည့် ဗွီဒီယိုဖိုင်များလည်းလူမှုကွန်ရက်စာမျက်နှာများတွင် အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်။ ထို့အပြင် တရုတ်နိုင်ငံမြို့တော်များရှိစျေးများတွင် ခွေး၊ မြွေ၊ ကြွက်၊ လင်းနို့စသည့် တိရစ္ဆာန်များအပြင် တောရိုင်းတိရစ္ဆာန်ပေါင်းစုံကိုသတ်ဖြတ်ရောင်းချနေသည့် ဗွီဒီယိုများသည်လည်းကမ္ဘာအနှံ့သို့ ပျံနှ့ံသွားသည်။ ထို့ကြောင့်လည်းတစ်ကမ္ဘာလုံးကလူတွေက ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသည်မှာတရုတ်လူမျိုးများအစားကျူးသည့်အတွက် ဖြစ်ပွားရခြင်းဖြစ်သည်ဟုယုံကြည်နေကြခြင်း ဖြစ်သည်။ ကျွန်တော်ကတော့ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားရခြင်းမှာ သဘာဝတရားက ကျိန်စာတိုက်လိုက်ခြင်းများလားဟုသံသယဖြစ်မိပါသည်။ အပေါ်တွင်ပြောခဲ့သလို သဘာဝတရားကြီးသည် ကမ္ဘာမြေကြီးကိုဖန်ဆင်းပြီး သဘာဝတောတောင်ရေမြေများ၊ သားရဲတိရစ္ဆာန်များ၊ လူသားများအားလုံးဟန်ချက်ညီညီလည်ပတ်နိုင်ရန် ဖန်တီးထားခဲ့သည်။ သို့သော် လူသားများသည် ထိုဟန်ချက်ညီညီလည်ပတ်နေသည့် အရာများကိုနည်းအမျိုးမျိုးဖြင့် ဖျက်ဆီးနေကြသည်။ ထိုအထဲတွင် တိရစ္ဆာန်များကိုအလွန်အကျွံသတ်ဖြတ်စားသောက်ခြင်း များလည်းပါဝင်သည်။ တိရစ္ဆာန်များမျိုးသုဉ်းပျောက်ကွယ်သွားပါကဂေဟဗေဒစနစ်သည် ပျက်စီးသွားမည် ဖြစ်ပြီး သဘာဝတရားများနှင့် ကမ္ဘာမြေကြီးသည်လည်းလျင်မြန်စွာပင် ယိုယွင်းပျက်စီးကာကပ်ဘေးဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။

ထို့ကြောင့်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်အချို့က အသားများ၊ ငါးများမစားဘဲသတ်သတ်လွတ်စားကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ပညာပေးပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အတ္တလောဘကြီးလွန်းသော ကျွန်တော်တို့လူသားများကတော့ အသားများငါးများကိုနည်းအမျိုးမျိုးဖြင့် ချက်ပြုတ်ပြင်ဆင်ကာစားသောက်ကြပါသည်။ ယခုနောက်ပိုင်းပိုဆိုးလာသည်ကတိရစ္ဆာန်များ၏ အသွေးအသားများကိုအစိမ်းသောက်အစိ်မ်းစားပါကကျန်းမာရေးအတွက် ကိုယ်ခန္ဒာအတွက် ဘယ်လိုအကျိုးကျေးဇူးပြုသည်ဆိုပြီးသောက်စားနေသည်များလည်းတိုးပွားများပြားလာသည်။ ဉာဏ်ကြီးရှင်မဟာလူသားများသည် သူတို့အတွက် အကျိုးကျေးဇူးရှိသည်ဆိုပါကဆင်ခြင်တုံတရားထက် အကျိုးအမြတ်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားတတ်သည့် သတ္တဝါများဖြစ်ပါသည်။ ယခုတရုတ်ပြည်တွင်ဖြစ်ပွားနေသည့် ကမ္ဘာတစ်ဝန်းလုံးမှ ထိတ်လန့်ကြောက်ရွံ့နေရသည့် အဆုတ်ရောင်ရောဂါသစ် သည်လည်းလူသားများ၏ ဆင်ခြင်တုံတရားနည်းသည့် လောဘအတ္တများမှ ဖြစ်ပွားလာသည့် ရောဂါဆန်းတစ်ခုသာ ဖြစ်ပါသည်။ ငလျင်များ၊ မုန်တိုင်းများ၊ တောမီးလောင်မှုများ၊ ရေကြီးရေလျှံဖြစ်မှုများက သဘာဝဘေး ဒဏ်ဟုဆိုလျင် လက်ရှိဖြစ်ပွားနေသည့် ဝူဟန်ကိုရိုနာဗိုင်းရစ်နှင့် H1N1၊ H5N1၊ SARS စသည့် ကူးစက်ရောဂါများ၊ ပလိပ်ရောဂါကဲ့သို့သောကပ်ရောဂါများသည်သဘာဝတရား၏ ကျိန်စာသာဖြစ်ပါလိမ့်မည်။

ကေဇက်အေ

About The Author

greenness_mm

No Comments

Leave a Reply