သဘာဝတရားတွေ ကျပျောက်သွားတဲ့ ရွာကလေး
လျှပ်စစ်မီးတွေ စီးဆင်းလာတော့
မှိတ်တုတ်မှိတ်တုတ် ဘတ်သီးလေးနဲ့
မှိုင်းဝနေတဲ့ရေနံဆီမီးခွက်ကြီးဟာ
လွမ်းစရာ…
ရေသန့်ဘူး ကြီးကြီးငယ်ငယ်တွေ
လမ်းသလားနေကြတော့
မြေအိုးအိုအိုလေးထဲက ရေအေးအေးလေးဟာ
လွမ်းစရာ…
အသင့်ဖျော် ကော်ဖီမစ်ရောင်စုံတွေ
လင်းလက်လာတော့
ခြံထွက် နွားနို့ပူပူလေးဟာ
လွမ်းစရာ…
အသားတိုးကြက် အသားတိုးဝက်နဲ့
ဆေးထိုးထားတဲ့ စိုက်ခင်းတွေ မျက်နှာရတော့
သဘာဝ ထွက်ကုန်တွေဟာ
လွမ်းစရာ…
ခလုတ်နှိပ်လိုက်ရုံနဲ့
ရေပိုက်ထဲက ရေကျလာတယ်
ပလက်ထိုးလိုက်တာနဲ့
ထမင်းပေါင်းအိုး ဒယ်နီတွေ အလုပ်လုပ်တယ်
မီးဖိုချောင်မှာ
မီးခိုးထွက်စရာ မလိုတော့
အိုးမည်းတွေ ပေနေတဲ့
အိမ်ရှင်မမျက်နှာလေးဟာ
လွမ်းစရာ…
ဆိုင်ကယ်တဝီဝီနဲ့ မြို့ရွာတွေ
လက်ချင်းချိတ်ထားတော့
ချောင်းကလေးရဲ့အသုံးဝင်ပုံဟာ
လွမ်းစရာ…
အဲဒီချောင်းကလေးဟာ
တစ်ချိန်တစ်ခါတုန်းက
နှစ်ထပ်သဘေ်ာတွေ၊ အညာဆန်တွေ
ဝါးဖောင်တွေ၊ ပဲ့တောင် မော်တော်ဘုတ်တွေ
လှေသဗ္မာန်တွေ အစုန်အဆန်ပြေးလွှားခဲ့တဲ့
ချောင်းကလေးပေါ့..
အခုတော့
မြောင်းသာသာအနေအထားနဲ့
သောင်အထပ်ထပ်ထွန်း
ရေငတ်သေရတော့မလိုလို အသက်ငင်လို့..
ချောင်းကလေးရဲ့ရာဇဝင်ဟာ
ဟိုး.. ရှေးရှေးတုန်းကဆီမှာ
ကျန်ခဲ့ရတော့မှာလား။
ဘယ်လိုပဲဖြစ်နေပါစေ
ရွာကလေးကတော့
ချောင်းကလေးကို ကျောပိုးထားဆဲ
ချောင်းကလေးကလည်း
ရွာကလေးကို ရင်ခွင်ပိုက်ထားဆဲ
လွမ်းစရာ…
လူငယ်လူရွယ်တွေဟာ
ငွေနောက်လိုက်ရင်း ဘဝနောက်လိုက်ရင်း
ရွာလေးနဲ့အလှမ်းဝေးဝေးလာ
လရောင်အောက်က
ဖိုးတလုတ်ရေ ဝေလေလေ
ပြေးတမ်းလိုက်တမ်း ထုပ်စည်းတိုး
ထိုင်ပုတ်ထပုတ် ရုပ်ရှင်ဖွက်
ကစားနည်းစုံနဲ့ ငယ်ဘဝတွေလည်း ပျောက်ဆုံး
ရွာဦးဘုန်းကြီးကျောင်းတံတားဆိပ်က
လူငယ်တွေရဲ့ ဂီတညတွေလည်း မရှိတော့ဘူး
လူပျိုတွေက အပျိုတွေအိမ်ဆီမှာ
လက်ဖက်သုပ်တစ်ပွဲနဲ့
အလည်လွန်တဲ့ညတွေလည်း မရှိတော့ဘူး
လွမ်းစရာ…
အဲဒီလို..လွမ်းစရာ လွမ်းစရာတွေရဲ့နောက်မှာ
ရွာတွေဟာ မြို့စိတ်ဝင်နေပြီး
မြို့တွေဟာ ရွာတွေဆီ အလည်သွားကြတယ်
တိုးတက်မှုဟာ သဘာဝတရားတွေကို စားသုံးပြီး
အသားတိုး ဝဖြီးလာ
သစ်ပင်တွေရဲ့ နာရေးမှာ
ရွာကလေးလည်း မပဋာမြေလူး
ပူလောင်မှုဟာ
နေ့စဉ်ခြောက်လှန့်နေတဲ့တစ္ဆေပဲ။
ဒီလိုနဲ့
ရွာလေးခမျာမှာ
မိုဘိုင်းဖုန်းနဲ့ အင်တာနက်နဲ့
ကမ္ဘာကြီးကို လှမ်းမျှော်ကြည့်ရင်း
သဘာဝတရားတွေ ကျပျောက်ခဲ့ရတယ်။
မိုးဟိန်းထက်
မတ်လ ၂၀၂၁
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ လမ်းသမိုင်ကျေးရွာသို့…
No Comments