အမည်မသိရတဲ့မြစ်များ
ကျွန်တော်ကမြစ်ရဲ့နာမည်ကဘာလဲလို့မေးလိုက်တော့။အကုန်းလုံးကဘာကိုမေးတာလဲလို့ပြန်မေးကြတယ်။မြစ်ပြင်ကတော်တော်လေးကျယ်ပါတယ်။ကျွန်တော်တို့စီးလာတဲ့စက်လှေကမြစ်ရဲ့ဘယ်ဘက်အခြမ်းကနေခုတ်မောင်းနေရာကတစ်ချက်တစ်ချက်လူးလိမ့်ဝင်ရောက်လာတဲ့လှိုင်းကြက်ခွပ်လေးတွေကိုထိုးခွဲပြီးညာဘက်အခြမ်းကိုကူးဖို့အားယူခုတ်မောင်းနေပါတယ်။တစ်နေရာအရောက်မှာတော့ဒုန်းခနဲအသံတစ်ခုကိုကြားလိုက်ရတယ်။စက်လှေမောင်းသူကစက်ကိုချက်ခြင်းသတ်လိုက်တယ်။ဘာဖြစ်တာလဲလို့အလန့်တကြားထမေးကြတယ်။စက်လှေသမားကစိုးရိမ်ပူပန်မဲ့အမူအရာနဲ့ ပဲ့ကိုစက်လှေဘက်ဆီဆွဲယူလိုက်တယ်။ ပဲ့ကိုမယူလိုက်တော့ မြစ်ထဲဘယ်သူပစ်ချခဲ့မှန်းမသိတဲ့ ဆာလာအိတ်ကစက်လှေရဲ့ပန်ကာကို နွယ်ရှင်တစ်ခုကရစ်ပတ်သလိုရစ်ပတ်ထားတာကိုတွေ့ရတယ်။ စကလှေသမားကတော့ အေးဆေးပဲ။ ဘာမှမဟုတ်ပါဘူး၊ မစိုးရိမ်ကြပါနဲ့လို့လည်းမပြောဘူး။ ပန်ကာမှာလာငြိတဲ့ဆာလာအိတ်ကိုစိတ်ရှည်လက်ရှည် ဖြေယူပြီးစက်လှေကို ပြန်ခုတ်မောင်းတယ်။ ကျွန်တော်အတွေးတွေကတော့ စက်လှေသမားရဲ့စိတ်လိုမအေးဆေးပါဘူး။ တောင်တွေးမြောက်တွေးနဲ့ ငါးမိနစ်လောက်အတွင်းတစ်ကမ္ဘာစာလောက်အထိတွေးပစ်လိုက်တယ်။ ကျွန်တော်ကရေမကူးတတ်ဘူး။ မတော်တဆစက်လှေသာတစ်ခုခုဖြစ်သွားရင်ကျယ်ပျောတဲ့ မြစ်ပြင်ကို ကျွန်တော် ဘယ်လိုကူးခတ်ရမလဲ။ ဘယ်သူပစ်ချခဲ့မှန်းမသိတဲ့ ဒီဆာလာအိတ်ကြောင့် စက်လှေရဲ့ ပန်ကာရွက်တွေသာကျိုးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ တက်ကျိုးရင် လက်ထိုးလှော်မယ်ဆိုတဲ့ မြန်မာစကားပုံကြီးခေါင်းထဲရောက်ပြန်တယ်။ အဲဒီလိုငါးမိနစ်စာအချိန်အတွင်းတစ်ကမ္ဘာစာလောက် စိတ်ကတွေးပစ်လိုက်တယ်၊ မေခလာနတ်သမီးကဇနကမင်းသားကိုလာကယ်တဲ့အခန်းတွေတောင်ပါသေးရဲ့။
ကျွန်တော်လည်းဒီမြစ်ရဲ့နာမည်ကိုဘယ်လိုခေါ်လဲလို့ ဒုတိယအကြိမ်မြောက် ထပ်မေးလိုက်ပါတယ်။ စက်လှေကပုံမှန်အတိုင်း ပြန်လည်ခုတ်မောင်းနေပါပြီ။ စက်လှေပေါ်ပါသူတချို့က စက်လှေစီးရင်းအဆာပြေစားဖို့အတွက် မြို့ပေါ်ကဝယ်လာတဲ့ စားသောက်ဖွယ်နဲ့ မုန့်ပဲသွားရေစာတချို့ကိုထုတ်ယူစားသောက်နေကြပါတယ်။ ကျွန်တော်ရဲ့ ဒုတိယအကြိမ်မြောက်မေးခွန်းမှာလှေပေါ်ပါလာသူတချို့က ခရီးသွားတွေထဲကအသက်အကြီးဆုံးအမျိုးသမီးကြီးကိုလှမ်းကြည့်လိုက်ကြတယ်။ ပြီးတော့ ကျွန်တော့်ရဲ့မေးခွန်းကို ၎င်းအမျိုးသမီးကြီးကိုလှမ်းမေးကြပါတယ်။ ဒါပေမယ့် သူတို့ လှမ်းမေးတဲ့အသံကိုအမျိုးသမီးကြီးကမကြားပါဘူး။ မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေကြောာင့်ရော။ စက်လှေကထွက်ပေါ်လာတဲ့ အင်ဂျင်သံကြောင့်ရောလှေကလှိုင်းကြက်ခွပ်လေးတွေကိုတဗျန်းဗျန်းရိုက်ခွဲနေတဲ့ အသံကြောင့်ရောမေးလိုက်တဲ့အသံတွေက ဝေဝါးပျောက်ကွယ်သွားတပါတယ်။ ကျွန်တော်ကအနီးအနားမှာရှိတဲ့ လူတစ်ယောက်ကိုဒီနယ်သားလားလို့ မေးလိုက်ပါတယ်။ ပြီးတော့ ကျွန်တော်နဲ့အတူခရီးထွက်လာတဲ့ သူငယ်ချင်းကိုလည်းဒီမြစ်နာမည် မသိဘူးလားလို့ အသံကို မြှင့်တင်ပြီးမေးလိုက်ပါတယ်။ သူငယ်ချင်းကသူထင်တာတော့ ဒီမြစ်က ပြန်မလော့မြစ်ထင်တာပဲတဲ့။ သူပြောတာကတိတိကျကျတော့ မဟုတ်ပါဘူး။ အနီးအနားမှာလိုက်ပါလာတဲ့ ခရီးသွားကတော့ သူဟာဒီဇာတိသားအစစ်ဖြစ်ပေမယ့် မြစ်ရဲ့နာမည်ကဘာလဲရယ်လို့ တစ်ခါမှမစဉ်းစားဖူးသလိုတစ်ခါမှလည်းမေးခွန်းမထုတ်ဖူးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဒီမြစ်ကိုခေါက်တုံ့ခေါက်ပြန် သွားလာကူးလူးနေခဲ့တာမွေးကတည်းကခုချိန်ထိပဲတဲ့။ ကျွန်တော်ကတော့ စိတ်ထဲမှာမတင်မကျနဲ့ ဒီမြစ်မှာနာမည်မရှိမဖြစ် ရှိကိုရှိရမယ်လို့ အတွေးဝင်မိသလို အဲဒီနာမည်ကိုသိချင်စိတ်ကလည်းပိုမိုပြင်းထန်လာပါတယ်။
ဒီမြစ်ကရှမ်းကုန်းမြစ်လေ။ လှေပေါ်မှာပါလာတဲ့ အသက်အကြီးဆုံးအမျိုးသမီးကပြောလိုက်တာပါ။ ကျွန်တော်မေးနေတဲ့ မေးခွန်းကိုတခြားသူတွေကနေတဆင့် ကြားသွားပြီးတဲ့နောက်မှာ ပြန်ဖြေလိုက်တာပါ။ အမျိုးသမီးကြီးစက်လှေပြတင်းတံခါးမှာတပ်ဆင်ထားတဲ့လိုက်ကာစကိုဖယ်ပြီး ဘေးဘီဝဲယာကို ကမ်းစပ်တစ်လျှောက်မှာတည်ရှိနေတဲ့ ရွာလေးတွေကိုလှမ်းကြည့်ပြီးသူမအနေနဲ့ ကမ်းဘေးမှာရှိတဲ့ ရွာတွေရဲ့အမည်ကိုမှတ်သားပြီး မြစ်တွေကိုနာမည်ပေးထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ သူမလိုပဲတခြားဒေသခံတွေကလည်းကမ်းစပ်ရွာတွေရဲ့ အမည်တွေနဲ့တွဲပြီး မြစ်ကိုနာမည်ပေးထားလေ့ရှိကြောင်းပြောပါတယ်။ ဒီမြစ်မှာသူမပေးထားတဲ့နာမည်မဟုတ်တဲ့ တခြားနာမည်တစ်မျိုးလည်းရှိကောင်းရှိနေနိုင်သေးကြောင်း၊ တစ်ယောက်နဲ့တစ်ယောက်လည်းတစ်နေရာနဲ့ တစ်နေရာလည်း အခေါ်အဝေါ်တွေ ကွဲလွဲနိုင်တယ်လို့ ဆက်လက်ပြောပါတယ်။ ကျွန်တော့်ဘေးမှာ ငြိမ်ချက်သားကောင်းနေတဲ့ သူငယ်ချင်းကဒီမြစ်ရဲ့နာမည်ကိုသိတော့ရောဘာလုပ်မှာမလို့တုန်းလို့ ကျွန်တော့်ကိုမေးပါတယ်။ ကျွန်တော်လည်းရုတ်တရက် ဘာမှပြန်မပြောဖြစ်ဘူး။ ဒီမြစ်နာမည်ကိုဘာကြောင့် ဒီလောက်သိချင်နေမိလဲဆိုတာတောင် ဇဝေဇဝါဖြစ်သွားတယ်။
တစ်နေရာအရောက်မှာတော့ လှေပေါ်ပါလာသူတစ်ဦးကကမ်းစပ်နဘေးကရွာလေးတွေကိုလက်ညှိုးထိုးပြပြီးအဲဒါ လမ်းသမိုင်ဆိုတဲ့ ရွာလေးပေါ့လို့ ပြောပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်လည်း ပြတင်းဝက ခန်းဆီးစလေးကိုဘေးဖယ်ပြီးအဆိုပါရွာလေးကိုလှမ်းကြည့်ဖြစ်တယ်။ လမ်းသမိုင်ဆိုတာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးစာပေတွေ ရေးသားနေတဲ့ စာရေးဆရာမင်းချစ်နိုင် ပြောလေ့ရှိတဲ့ ရွာလေးပေါ့။ အဲဒီရွာလေးကမင်းချစ်နိုင်ရဲ့ မွေးရပ်ဇာတိလို့လည်းသိရပါတယ်။ ရွာလေးက ဝါးခယ်မ-ကျုံမငေးကားလမ်းဘေးမှာရှိပြီးရွာလေး၊ ရွာကြီးဆိုပြီးရွာနှစ်ရွာရှိပါတယ်။ ရွာလေးနဲ့ ရွာကြီးကြားမှာတော့ ခေတ်အဆက်ဆက် အားကောင်းမောင်းသန်စီးဆင်းခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာရေစီးအားရော ရေဝပ်အားပါ သိပ်မကောင်းတော့တဲ့ လမ်းသမိုင်ချောင်းလေးရှိနေပါတယ်။ လမ်းသမိုင်းချောင်းလေးနဲ့ ပတ်သက်ပြီးစံတော်ချိန်သတင်းစာရဲ့ တာဝန်ခံအယ်ဒီတာ ကိုလွင်မင်းဦးပြောတာကို ပြန်သတိရမိလိုက်တယ်။ ကိုလွင်ပြောတာကလမ်းသမိုင်ချောင်းဆိုတာ မြစ်ဝကျွန်းပေါ်ဒေသအတွက် အရေးအကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးခရီးလမ်းကြောင်းရှည်တဲ့ မြစ်နှစ်စင်းကိုခရီးတိုသွားအောင် ပေါင်းကူးပေးတဲ့ ရေကြောင်း ဖြတ်လမ်းတစ်ခုဖြစ်တယ်ဆိုတာပါ။ စာရေးဆရာမင်းချစ်နိုင်ကလည်းသူ့ရဲ့ဆောင်းပါးတစ်ပုဒ်မှာ‘လမ်းသမိုင်ချောင်းကလေးသည်ဧရာဝတီတိုင်းဒေသကြီးဝါးခယ်မမြို့နယ်လမ်းသမိုင်ရွာကြီးကျေးရွာနှင့်လမ်းသမိုင်ရွာလေးကျေးရွာတို့၏အလယ်တည့်တည့်မှဖြန်သန်းစီးဆင်းနေပြီးဖျာပုံခရိုင်နှင့်ဘိုကလေးခရိုင်အတွင်းရှိမြို့နယ်၊ကျေးရွာများဆီသို့အချိန်၊ငွေအကုန်အကျသက်သာစွာသွားလာနိုင်သည့်ဖြတ်လမ်းတစ်ခုလည်းဖြစ်သည်။အရင်တုန်းကချောင်းကလေးသည်ပေ၃ဝဝကျော်ခန့်ကျယ်ဝန်းပြီး၁၅ပေကျော်ခန့်နက်သည်ဟုခန့်မှန်းရပါသည်။လမ်းသမိုင်ချောင်းကလေးသည်လမ်းသမိုင်ရွာကြီးနှင့်ရွာလေးကျေးရွာအုပ်စုအတွင်းရှိခန့်မှန်းခြေပြည်သူ၅ဝဝဝကျော်အတွက်သောက်သုံးရေ၊စိုက်ပျိုးရေများပေးသည့်အပြင်စီးပွားရေးလုပ်ငန်း၊ကူးသန်းသွားလာရေးလုပ်ငန်းများအတွက်လည်းမရှိမဖြစ်ချောင်းကလေးဖြစ်သည်’လို့ လမ်းသမိုင်ချောင်းအကြောင်းကိုရေးသားခဲ့ဖူးပါတယ်။
အပြန် အချိန်ရရင် လမ်းသမိုင်ကို ဝင်ကြဦးစို့လားလို့ ကျွန်တော်ကပြောတော့ မဒေါ့ချောင်းကိုပဲရောက်ပါစေဦး လမ်းသမိုင်ကိုဝင်ဖို့ မစဉ်းစားပါနဲ့ဦးလို့ ခရီးသွားဖော် သူငယ်ချင်းကပြောပါတယ်။ သူ့ကြည့်ရတာကျေနပ်နေတဲ့ အမူအရာဖြစ်နေတာကိုတော့ သတိထားလိုက်မိတယ်။ ကျွန်တော် ဒီတစ်ကြိမ်ပြောလိုက်တာက မြစ်နာမည်ကိုမေးတဲ့ မေးခွန်းတစ်ခုမဟုတ်တာကြောင့် ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်လည်း မြစ်နာမည်ကိုမေ့ထားလိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ စက်လှေမောင်းသမားကိုမေးပြီးတဲ့နောက်၊ စက်လှေသမားကိုယ်တိုင် နေ့စဉ်စက်လှေ ခုတ်မောင်းနေတဲ့ မြစ်ရဲ့နာမည်ကိုမသိတဲ့နောက်မှာအဲဒီမေးခွန်းကိုအချိန်အတိုင်းအတာတစ်ခုအထိမေ့ထားဖို့ လိုအပ်မယ်လို့ တွေးလိုက်မိပါတယ်။ လမ်းသမိုင်းကိုကျော်ပြီးလေးဆယ့်ငါးမိနစ် တစ်နာရီခန့်အကြာမှာ မြစ်ဆုံမြစ်ခွတစ်ခုကိုရောက်လာပါတယ်။ ဘယ်မြစ်ကဘယ်ကိုသွားရမယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ကုန်းတွင်းလမ်းတွေလိုလမ်းညွှန် ဆိုင်းဘုတ်တွေလည်းထောင်မထားပါဘူး။ စက်လှေသမားကတော့ သူသွားနေကြဖြစ်တဲ့ ရေကြောင်းခရီးကိုလမ်းညွှန်ဆိုင်းဘုတ်တွေ မလိုပဲဆက်လက်ခုတ်မောင်းနေပါတယ်။
ထတော့ မဒေါ့ချောင်းရောက်ပြီဆိုမှ ကျွန်တော် အိပ်ငိုက်နေရာက နိုးသွားပါတယ်။ ဘယ်လောက်ကြာအောင် ကျွန်တော်အိပ်ငိုက်သွားတယ် မသိဘူး။ ဘေးဘီဝဲယာကြည့်လိုက်တော့ စက်လှေက မြစ်ပြင်ကျယ်ထဲမှာမဟုတ် ဘဲချောင်းရိုးတစ်ခုထဲမှာခုတ်မောင်းနေတာကိုတွေ့ရပါတယ်။ ချောင်းအကျယ်က ၁၅ ပေခန့်ကျယ်မယ်လို့တော့ ခန့်မှန်းရပါတယ်။ သိပ်မကြာခင်မှာပဲစက်လှေကကမ်းကိုကပ်လိုက်တယ်။ လှေပေါ်ပါလာတဲ့သူတွေကလည်းကိုယ့်ဝန်စည်စလွယ်ကိုယ်ယူပြီး ကမ်းပေါ်ကိုတက်ကြပါတယ်။ ဒါ ကျွန်တော်တို့ ဦးတည်ခရီးနှင်ခဲ့တဲ့ မဒေါ့ ချောင်းဆိုတဲ့ ရွာလေးပါပဲ။ ကရင်လူမျိုးအများစုနေထိုင်ကြတဲ့ရွာလေးဆိုတော့ အိမ်တိုင်းလိုလိုမှာကရင်အလံလေးထောင်ထားတာကိုတွေ့ရပါတယ်။ ဒီကရင်ပလံတွေကိုအမြဲတမ်းလွှင့်ထူထားတာလားကရင်နှစ်သစ်ကူးပွဲတော်ကြောင့် လွှင့်ထူထားတာလားတော့ ကျွန်တော် မသိပါဘူး။ ဒီမေးခွန်းကိုလည်းဘယ်သူ့ကိုမှ သေချာမမေးဖြစ်ခဲ့ပါဘူး။ ရွာလေးကိုရောက်တော့ ကျွန်တော် တကူးတကလိုက်မေးဖြစ်တဲ့မေးခွန်းက မြစ်ရဲ့နာမည်ကိုဘယ်လိုခေါ်လဲဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော် တကူးတကလိုက်မေးဖြစ်ပေမယ့် တိကျတဲ့အဖြေကတော့ မဒေါ့ချောင်းရွာလေးကနေရန်ကုန်ပြန်ရောက်လာတဲ့အထိမသိခဲ့ရပါဘူး။ မြစ်တွေအရမ်းများလွန်းတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာအမည်မသိရသေးတဲ့မြစ်တွေ ဘယ်လောက်တောင် များပြားစွာရှိနေဦးမလဲ။ နောက်တစ်ခါ မဒေါ့ချောင်းဆိုတဲ့ ကရင်ရွာလေးကိုသွားဖြစ်ရင် မြစ်တွေရဲ့ အမည်နာမကိုသေချာမှတ်သားဖို့ လိုလိမ့်မယ်လို့တွေးရင်းအပြန်ခရီးမှာစက်လှေပေါ်ကနေအမည်မသိရတဲ့ မြစ်တစ်စင်းငေးမောခဲ့မိပါတယ်။
ခိုင်သွေးကို
No Comments