ဧရာဝတီမြစ်ဆုံဒေသ ထာဝရဘေးကင်းပါစေ

ဧရာဝတီမြစ်ဆုံဒေသ ထာဝရဘေးကင်းပါစေ

အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ မြစ်ကြီးနားမြို့နဲ့ ဧရာဝတီမြစ်ဆုံဒေသမှာ ပြုလုပ်တဲ့ မြန်မာ အစိမ်းရောင်ကွန်ရက်ရဲ့ ငါးကြိမ်မြောက်တွေ့ဆုံပွဲကြောင့် မြစ်ဆုံဒေသကို ဒုတိယအကြိမ်ရောက်ဖို့ အကြောင်း ဖန်လာခဲ့ပါတယ်။ မြန်မာအစိမ်းရောင်ကွန်ရက် ငါးကြိမ်မြောက်တွေ့ဆုံပွဲ ပထမနေ့ကို မြစ်ကြီးနားမြို့ မြို့တော် ခန်းမမှာ ပြုလုပ်ပြီး ဒုတိယနေ့(အောက်တိုဘာ ၂၉ ရက်)ကို မြစ်ဆုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်က မြန်မာအစိမ်းရောင်ကွန်ရက်တွေ့ဆုံပွဲတွေတိုင်း မီဒီယာတာဝန်ခံအဖြစ်တာဝန်ယူရသလို တွေ့ဆုံပွဲနဲ့ပတ်သက်တဲ့ News Letter ကိုလည်း နှစ်စဉ်တာဝန်ယူ ထုတ်ဝေပေးခဲ့ပါတယ်။ ဒီနှစ်လည်း တွေ့ဆုံပွဲပထမနေ့အတွက် အစိမ်းရောင်သတင်းလွှာလို့ အမည်ပေးထားတဲ့ News Letterလေး ထွက်နိုင်အောင် ကြိုးစားနေရတာကြောင့် အောက်တိုဘာ ၂၈ ရက်တစ်ညလုံး တစ်ရေးမှ မအိပ်လိုက်ရပါဘူး။ ဒါကြောင့် ကျွန်တော်ရယ်၊ ဓာတ်ပုံဆရာ ဒီဇိုင်နာ ကိုလင်းအောင်ပြည့်ရယ်၊ ပြည်မြို့ ကဗျာဆရာ ငြိမ်းချမ်းဝေရယ် သုံးယောက်သား အောက်တိုဘာ ၂၉ ရက် မနက်စောစောမှာ မြစ်ဆုံကိုသွားတဲ့ မြန်မာအစိမ်းရောင်ကွန်ရက်နဲ့အတူ မလိုက်နိုင်ခဲ့ပါဘူး။ အစိမ်းရောင် သတင်းလွှာလေးကို အပြီးသတ်ထုတ်ပြီးမှ ကိုလင်းအောင်ပြည့်ငှားတဲ့ ကားနဲ့ မြစ်ဆုံကို ချီတက်ခဲ့ရပါတယ်။
တစ်ညလုံးတစ်မှေးမှ မမှေးလိုက်ရတဲ့အတွက် ကျွန်တော့်ခေါင်းထဲမှာ မူးနောက်နေတယ်။ ဖြစ်နိုင်ရင် မြစ်ဆုံကို မသွားဘဲ တစ်နေရာမှာ ထိုးအိပ်နေလိုက်ချင်တယ်။ အိပ်ချင်စိတ်နဲ့ ကားအဲယားကွန်းအအေးဓာတ်တို့ ထိပ်တိုက်တွေ့ဆုံချိန်မှာတော့ ကျွန်တော့်မျက်လုံးတွေကို ဆွဲမဖြဲထားနိုင်တော့။ လုံးဝ အိပ်ပျော်သွားတာမဟုတ် ဘဲ ကားပေါ်မှာ ငုတ်တုတ်ငိုက်ရင်း ပါလာခဲ့တယ်။ ကားအဲယားကွန်းက ပုံမှန်ထက် ပိုအေးလာပြီး လမ်းအကွေ့ အကောက်ပိုများလာတာကြောင့် မျက်လုံးနည်းနည်းကျယ်သွားတယ်။ မြစ်ဆုံနဲ့နီးလာပြီလေ။ မြစ်ကြီးနားနဲ့ မြစ်ဆုံ ၂၈ မိုင်အကွာဆိုတာ ကားနဲ့သိပ်မောင်းရတဲ့ ခရီးမဟုတ်ပါဘူး။ ကျွန်တော် ပထမဆုံးသတိထားမိတာက ကားလေးက မြူတွေဆိုင်းနေတဲ့ တောင်ကြားလမ်းလေးအတိုင်း မြေလိမ်မြွေကောက်ပြေးလွှားနေတယ် ဆိုတာ ပဲ။ နောက် လမ်းချိုးလေးတစ်ခုကို ဂငယ်ကွေ့ ကွေ့ချလိုက်ချိန်မှာ ဘဲခေါင်းစိမ်းရောင် အောက်ခံဆေးသားပေါ် မှာ အဖြူရောင်းဆေးနဲ့ ရေးခြယ်ထားတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆိုင်းဘုတ်ကို လှမ်းမြင်လိုက်ရပါတယ်။ ကျွန်တော်တို့ အဲဒီဆိုင်းဘုတ်ကို လှမ်းမြင်လိုက်ရချိန်မှာ ဒေသခံနှစ်ဦးက ပလိုင်းလေးတွေကိုယ်စီလွယ်ပြီး စီမံကိန်းဆိုင်းဘုတ်အောက်ကနေ စီမံကိန်းဝင်းထဲ ဝင်သွားတာတွေ့လိုက်ရပါတယ်။ သူတို့နှစ်ဦးရဲ့နောက်မှာ ခွေးတစ်ကောင်ကလည်း တကောက်ကောက် လိုက်သွားတာတွေ့ရပါတယ်။ ဒီမြင်ကွင်းကို မြင်ရတော့ကျွန်တော့် စိတ်ထဲ အမည်မသိတဲ့ ခံစားမှုတွေနဲ့ ရင်ဘတ်ထဲ စစ်ခနဲ ခံစားလိုက်ရပြီး လက်က ကင်မရာခလုတ်ပေါ် အလိုလို ရောက်သွားပါတော့တယ်။
ကျွန်တော်တို့ကားလေးက ဧရာဝတီမြစ်နဲ့အပြိုင် မောင်းလာရင်း လမ်းကွေ့လေးတစ်နေရာမှာ ကားကို ရပ်လိုက်ပြီး သုံးယောက်သား ဓာတ်ပုံဆင်းရိုက်ကြပါတယ်။ မြစ်ဆုံကို သွားတဲ့သူတိုင်းလိုလို အဲဒီနေရာလေး ရောက်ရင်ဆင်းပြီး ဓာတ်ပုံရိုက်ကြသူချည်းပါပဲ။ အဲဒီနေရာလေးဟာ ဧရာဝတီမြစ်ကွေ့လေးဖြစ်သလို အင်ခိုင် ဘွန် တောင်တန်းကြီးနဲ့ မေခ- မလိခမြစ်ဆုံ နေရာမှာတည်ထားတဲ့ စေတီလေးကို လှမ်းမြင်ရတဲ့အတွက် ပန်းချီ ကားတစ်ချပ်လို လှပလွန်းတဲ့နေရာလေးပါ။ များသောအားဖြင့် အဲဒီနေရာလေးမှာ ရှုခင်းလှလို့ ဓာတ်ပုံရိုက်ကြ တာပါ။ တကယ်တော့ အဲဒီနေရာလေးဟာ မြစ်ဆုံရေကာတာတည်ဆောက်မယ့် နေရာလို့ သိရပါတယ်။ မြစ်ဆုံ ရေကာတာတည်ဆောက်ဖြစ်ရင် ဘယ်တော့မှ ပြန်မရတော့မယ့် ပန်းချီကားလေးတစ်ချပ်ပေါ့။ ကျွန်တော်က အဲဒါတွေ ကို သိနေတော့ အဲဒီနေရာလေးမှာ ဓာတ်ပုံရိုက်ဖြစ်တိုင်း နာကျင်ကြေကွဲခဲ့ရပါတယ်။ ကျွန်တော်တို့ သုံးယောက် ဓာတ်ပုံ ဆင်းရိုက်ချိန်မှာတောင် အဲဒီနေရာလေးမှာ ပျော်ပွဲစားအဖွဲ့လို့ထင်ရတဲ့ လူငယ်တစ်စုက ရယ်မောပျော်ရွှင်စွာ ဓာတ်ပုံရိုက်နေကြပါတယ်။ သူတို့အနီးမှာတော့ ဧရာဝတီမြစ်ကြီးက တိတ်တိတ်ကလေး ငိုကြွေးပြီး စီးဆင်းနေတာကို လူငယ်တစ်စုကတော့ သိမယ်မထင်ပါဘူး။
ကျွန်တော်တို့ မြစ်ဆုံရောက်တော့ မြန်မာအစိမ်းရောင်ကွန်ရက်တွေ့ဆုံပွဲအစီအစဉ်က တော်တော်လေး ခရီးရောက်နေပြီ။ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရတဲ့ဒေသခံတွေက သူတို့ပြောင်းရွှေ့နေထိုင်ရတဲ့ ရွာ သစ်တွေမှာ စားဝတ်နေရေးအဆင်မပြေမှုတွေကို ရင်ဖွင့်ပြီး သူတို့ရဲ့ရွာဟောင်းတွေမှာ ပြန်လည်နေထိုင်လို ကြောင်း၊ မြစ်ဆုံရေကာတာစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းပေးစေလိုကြောင်း တောင်းဆိုခဲ့ကြတယ်။ မြန်မာ အစိမ်းရောင်ကွန်ရက်မှာပါလာတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေကလည်း မြစ်ဆုံစီမံကိန်းနဲ့ ပတ် သက်ပြီး ပညာရပ်ဆိုင်ရာရှုထောင့်ကနေ ထောက်ပြဝေဖန်ပြီး မြစ်ဆုံရေကာတာစီမံကိန်းနဲ့ စပ်ဆက်စီမံကိန်း တွေ အားလုံးကို အစိုးရအနေနဲ့ ရပ်ဆိုင်းပေးဖို့ တိုက်တွန်းပြောကြားခဲ့ကြပါတယ်။ ကဗျာဆရာ စာရေးဆရာတွေ ကလည်း မြစ်ဆုံနဲ့ပတ်သက်ပြီး ကဗျာတွေ၊ စာတမ်းတွေနဲ့ ထုတ်ဖော်ပြခဲ့သလို ဒေသခံလူငယ်တွေကလည်း သီချင်းတွေနဲ့ ဧရာဝတီမြစ်ဆုံကို ၀ိုင်းဝန်းပြီး လက်တွဲကာကွယ်သွားကြဖို့ သီးကျူးတောင်းဆိုခဲ့ကြပါတယ်။ သူတို့ရဲ့တောင်းဆိုသံတွေကိုနားဆင်ရင်း ကျွန်တော့်သွေးတွေဆူပွက်လာတယ်။ မိခင်ဧရာဝတီကို ရတဲ့နည်းနဲ့ ကာကွယ်မယ်ဆိုတဲ့စိတ်က ကျွန်တော့်ရင်ထဲ ပိုမိုခိုင်မာလာခဲ့ရတယ်။ မြန်မာအစိမ်းရောင်ကွန်ရက်ရဲ့ တွေ့ဆုံပွဲ အစီအစဉ်တွေ ခေတ္တနားချိန်မှာတော့ ကျွန်တော့်ခေါင်းထဲ မူးနောက်နောက်ဖြစ်လာလို့ ဧရာဝတီမြစ်ဆုံတည်ရာ ရောင်စုံကျောက်စရစ်ခဲတွေရှိရာ ရေစပ်နားကို ဆင်းခဲ့ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တန်ဖဲရွာအလွန်
ဧရာဝတီမြစ်ဖျားအစ မေခနဲ့မလိခပေါင်းစုံရာဒေသ
သုံးမြှောင့်ပုံသဏ္ဍာန် တြိဂံနယ်မြေ
မြောက်ပိုင်းရဲ့ကုန်းမြင့်မှာ တည်ရှိပေ
စိမ်းလန်းတဲ့ မြက်ခင်းများနဲ့ စိုစိုပြေ
ဆွမ်ပရာဘုံ..သွေးချင်းတို့ပျော်စရာမြေ……။
ဧရာဝတီမြစ်ဆုံရေစပ်နားကို ရောက်တော့ ဆွမ်ပရာဘုံ သီချင်းလေးကို မသိစိတ်ကနေ ကြားယောင်လာ မိတယ်။ မြစ်ဆုံဒေသကို ဂျိန်းဖောဘာသာနဲ့ဆိုရင် မလိဇွပ်လို့ ခေါ်ပါသတဲ့။ မြစ်ဆုံဒေသ ကြိဂံနယ်မြေဟာ သစ်တောဧရိယာ အလျားမိုင် ၃၀၀၊ အနံမိုင် ၃၀ ရှိတယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ ဒီဒေသဟာ မြန်မာပြည်ရဲ့ အသည်းနှလုံး၊ ကချင်တိုင်းရင်းသားတို့ရဲ့ အသက်ဝိဉာဉ်ပါပဲ။ မြစ်ဆုံဒေသကို အနောက်ဘက်မှ အရှေ့ဘက် သို့ လက်ယှက်ထိုးသွယ်တန်းနေတဲ့ မြောက်ပိုင်းကူမွန်တောင်တန်းမှ သက်ဆင်းလာတဲ့ အင်ခိုင်ဘွန်တောင် တန်းကြီး၊ အမြင့်ပေ ၈ဝဝဝကျော်မြင့်တဲ့ ဘွမ်ပတ်ဘွမ်တောင်နဲ့ အမြင့်ပေ ၇၅၀၀ ခန့်ရှိတဲ့ မွမ်းစီမာယူတောင် တန်းတွေက မြစ်ဆုံကို သဘာဝဘေးအန္တရာယ်တွေနဲ့မကြုံရအောင် သိုင်းဖက်ကာကွယ်ပေးထားပါတယ်။
မြစ်ဆုံနေရာကနေ မေခ မလိခမြစ်နှစ်သွယ်ဆီ မျှော်ကြည့်လိုက်တော့ မေခမြစ်ဘက်ကမ်းမှာ မြစ်ဆုံစီမံ ကိန်းနဲ့ ပတ်သတ်တဲ့ အဆောက်အဦးတွေကို တွေ့ရပြီး တောတောင်တွေက သိသိသာသာ ညှိုးနွမ်းလို့ နေပါ တယ်။ မလိခမြစ်ဘက်မှာတော့ စိမ်းညို့ညို့အငွေ့အသက်တွေရနေပါသေးတယ်။ မြန်မာအစိမ်းရောင်ကွန်ရက် တွေ့ဆုံပွဲနဲ့ တိုက်ဆိုင်နေလို့လားတော့မသိ၊ မြစ်ဆုံရေအစပ်နားက ရောင်စုံကျောက်စရစ်ခဲလေးတွေပေါ်မှာ ဓာတ်ပုံရိုက်သူ၊ ရေဆော့ကစားသူ၊ စက်လှေစီးသူတွေနဲ့ စည်ကားနေပါတယ်။ ကျွန်တော်လည်း မြစ်ဆုံဒေသ အလှအပတွေကို အားရပါးရ မှတ်တမ်းတင်ပြီး အနည်းငယ်မောသွားမှ မြစ်ဆုံဘေးနားက စျေးဆိုင်တဲ လေးမှာ ထိုင်လိုက်တယ်။ ပြီးတော့ အအေးတစ်ဗူးနဲ့ လတ်ဆတ်မွှေးပျံ့နေတဲ့ မြစ်ဆုံငါးကင်ကို မြည်းစမ်းရင်း မြစ်ဆုံရဲ့ အလှအပတွေကို တဝကြီးခံစားနေမိတယ်။
“မြစ်ဆုံက အရင်လို ပျော်စရာမကောင်းတော့ဘူး။ အရင်လိုလည်း မလှတော့ဘူး”လို့ ပြောလိုက်တဲ့ စျေးသည်မလေးရဲ့အသံက တိုးလျလွန်းပေမယ့် ကျွန်တော်ကို ထိတ်လန့်သွားစေပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းတွေ စတင်တဲ့အချိန်ကတည်းက မြစ်ဆုံကို အလည်အပတ်လာတဲ့သူတွေ နည်းသွားတယ်။ စက်ကြီး စက်ငယ်အသွယ်သွယ်နဲ့ ရွှေကျင်ကြတဲ့ လောဘသားတွေကြောင့် မြစ်ဆုံရဲ့အလှအပတွေ ပျက်စီးခဲ့ရတယ်။ ပျော်ပွဲရွှင်ပွဲတွေနဲ့ အမြဲတမ်းစည်းကားပြီး ပျော်စရာကောင်းနေတဲ့ တန်ဖဲရွာကြီးလည်း ရွာသူရွာသားတွေ ရွှေ့ပြောင်းခံလိုက်ရတာကြောင့် သုဿန်တစပြင်ကြီးလို တိတ်ဆိတ် ခြောက်ကပ်လို့နေတယ်။ မြစ်ဆုံစီမံကိန်း ခေတ္တရပ်ဆိုင်းထားတာကြောင့်သာ မြစ်ဆုံရဲ့လက်ကျန်အလှတွေကို ကျွန်တော်တို့တွေ အခုလို မြင်ခွင့်ရနေ ခြင်း ဖြစ်ပါတယ်။ အကယ်၍သာ မြစ်ဆုံရေကာတာစီမံကိန်းကို လက်ရှိအစိုးရက ဆက်လက်အကောင်အထည် ဖော်လိုက်ရင် ဧရာဝတီမြစ်ဆုံရဲ့အလှအပတွေ ထာဝရပျောက်ကွယ်သွားမှာဖြစ်တဲ့အပြင် မြန်မာပြည်ရဲ့အသက် သွေးကြော ဧရာဝတီမြစ်ကြီးလည်း မြန်မာပြည်မြေပုံပေါ်က ပျောက်ကွယ်သွားရမှာဖြစ်သလို မြစ်ဝှမ်းတစ် လျှောက် နေထိုင်ကြတဲ့ မြန်မာပြည်သူတွေ၊ သဘာဝအလှအပတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ဇီဝမျိုးစုံ မျိုးကွဲတွေ အားလုံးလည်း ထိခိုက်ပျက်စီး ဆုံးရှုံးကြရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒေသခံတွေနဲ့ မြန်မာ ပြည်သူပြည်သားတွေဟာ မြစ်ဆုံရေကာတာစီမံကိန်းအပြီးတိုင် ရပ်ဆိုင်းပေးဖို့ တောင်းဆိုနေကြခြင်းဖြစ်ပါတယ်။ ကျွန်တော်လည်း မြစ်ဆုံတည်နေရာ ရေအစပ်နားကနေ မြစ်ကမ်းပါးပေါ်မှာရှိတဲ့ အပြာရောင် ကောင်းကင် နောက်ခံပေါ်က အဖြူရောင် တိမ်ကနုတ်ပန်းလေးတွေအောက်မှာ ရွှေရောင်ဝင်းဝင်းနဲ့ အလွန်သပ္ပာယ်တဲ့ စေတီ လေးဆီ လှမ်းမျှော်ကြည့်ရင်း.. “မြစ်ဆုံဒေသ ထာဝရဘေးကင်းပါစေ..” လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းနေမိပါ တော့တယ်။ ။

မင်းချစ်နိုင်
Weekly Eleven
နိုဝင်ဘာ ၁၄၊ ၂၀၁၆

ဓာတ်ပုံ- Min Chit

About The Author

greenness_mm

No Comments

Leave a Reply