” ကင်ညာမြေပေါ်က ပန်းရိုင်းတစ်ပွင့်”
—————————————

ဒေသဥတုရာသီရဲ့အစဉ်အလာအရ
“ကင်ညာ”ဟာ ပူပါတယ်
ဝါကျင်ကျင် ပြစ်ခဲခဲ ဆေးသားတွေ ချယ်သထားသလို
ပြန့်ကျဲနေတဲ့ အသွေးအရောင် နယ်နမိတ်
ထူထူမည်းမည်း မြေသားကန္တာရတွေကြားက
တိုးထွက်လာတဲ့ ပန်းရိုင်းတစ်ပွင့်
(ခရစ်နှစ် ၁၉၄၀ ဧပြီလလယ်)
အလယ်ပိုင်းကုန်းမြေမြင့်” ညေရီ”မှာ
ရဲရင့်ထက်မြက်လှပစွာ ဖူးပွင့်ခဲ့ပါတယ်
သူ့နာမည် “ဝမ်ဂါရီ မတ်ထိုင်း”တဲ့။

ကင်ညာဒေသရဲ့ ကျေးလက် မြို့ပြမြေပုံပေါ်မှာ
သူ့နံရိုးတွေ စိုက်ထိုးပြီး သူ့သွေးနဲ့ ထုဆစ်ပုံလောင်း
သစ်ပင်နဲ့ကမ္ဘာကြီးကို ကယ်တင်ဖို့ လိုတဲ့အကြောင်း
သက်သေပြခဲ့သော “ဝမ်ဂါရီ မတ်ထိုင်း”။

လွတ်လပ်ပြီး တရားမျှတဲ့ ဗုံတီးသံ
မြေပြင် သစ်ပင်တို့ရဲ့ ရှင်သန်ခွင့်
ဣထ္ထိယလိင် ရပိုင်ခွင့်နဲ့ လုံခြုံ ငြိမ်းချမ်းရေး
သဘာဝတရားရဲ့ စိမ်းလန်းခြင်းရသ
များစွာသော အခြေခံအကြောင်းအရာတို့အတွက်
ကမ္ဘာကြီးကိုပြန်လည်ကုစားခြင်း ခရီးလမ်းကို
မရပ်မနားမောင်းနှင်လှမ်းခဲ့သော “ဝမ်ဂါရီ မတ်ထိုင်း” ။

“ကမ္ဘာဂြိုလ်ရဲ့ အနာဂတ်ဟာ
ကျွန်မတို့အားလုံးနဲ့ ပတ်သက်နေပါပြီ
ကျွန်မတို့ဟာ ကမ္ဘာကြီးကိုကာကွယ်နိုင်ဖို့လုပ်ကြရပါမယ်
သင်တို့ အားလုံးအနေနဲ့ သစ်ပင်တပင်စိုက်ဖို့ကိစ္စမှာ
ဒီပလိုမာရဖို့အထိ မလိုအပ်ပါဘူး ” ဆိုသောစကားကို
ထပ်တလဲလဲ ပြောကြားခဲ့သော “ဝမ်ဂါရီ မတ်ထိုင်း” ။

လွတ်လပ်ပြီး တရားမျှတမှု
စိမ်းလန်း သစ်တောရပ်ဝှမ်း
အာဖရိက အမျိူးသမီး ငြိမ်းချမ်းရေး
သူချစ်သော သဘာဝပတ်ဝန်းကျင်
ကောင်းမြတ်သောသမိုင်းတို့ကို ထုဆစ် ရေးခြစ်ရင်း
မွေးဇာတိ ကင်ညာနဲ့ ကမ္ဘာကြီးကိုနှုတ်ဆက်
၂၀၁၁ စက်တင်ဘာ ၂၅ ရက်
ကောင်းကင်ဘုံထက်ကိုတက်
အနားယူအိပ်စက်ခဲ့လေသော “ဝမ်ဂါရီ မတ်ထိုင်း ” ။ ။

မင်းဟန်ထွန်း(တေးသီငှက်)

About The Author

greenness_mm

No Comments

Leave a Reply