မုန်တိုင်းကြားက ပင်လယ်ပျော်တဲ့ သတို့သမီး

မုန်တိုင်းကြားက ပင်လယ်ပျော်တဲ့ သတို့သမီး

သတို့သမီးလေးလို့ တင်စားလိုတာကတော့ သူမရဲ့ အသက်ဟာ ၂၅ ပဲ ရှိသေးတာရယ်၊ တင့်တင့် တယ်တယ် ပြည့်ပြည့်စုံစုံနဲ့ တစ်ကယ့်ကို ရင်သပ်ရှုမောအလှတရားကို ပိုင်ဆိုင်ထားလို့ပါပဲ။ အင်္ဂလန်နိုင်ငံ လီဗာပူးမြို့မှာ သူမကို ၁၉၅၄ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ကမ္ဘာပတ်နိုင်တဲ့ အရည်အသွေးတွေ အပြည့်နဲ့မို့လို့ အရပ်ရပ်အပြည်ပြည်ကို ကူးသန်းသွားလာနေခဲ့တာပေါ့။ သူမရဲ့ အမည်က MV-United Vanguard လို့ ခေါ်ကြ ပါတယ်။ သူမရဲ့ ခရီးစဉ်တွေက ၂၅ နှစ် သက်တမ်းမှာ ကမ္ဘာရဲ့ ရေလမ်းကြောင်းရှိတဲ့ သူမဝင်ထွက်လို့ရမယ့် လမ်းတွေအပေါ်မှာ ကုန်အပြည့်တင်ဆောင်ပြီး ကူးသန်းသွားလာနေခဲ့တာပေါ့။ အသက် ၂၅ နှစ်အရွယ် သန်စွမ်း ခို်င်ခံ့ဆုံးမှာ အာရပ်စော်ဘွားတွေရဲ့ ဒူဘိုင်းမြို့တော်ကြီးကို ရောက်ရှိခဲ့ပါတယ်။ ကုန်တွေပို့စရာရှိတာပို့၊ ပြန်ပြီး သယ်ယူစရာရှိတာကို တင်ဆောင်လာပြီးတဲ့အခါမှာ အရှေ့တောင်အာရှရဲ့ အထင်ကရနိုင်ငံ မြန်မာနိုင်ငံကို သင်္ဘောဦး လှည့်ခဲ့ပြန်ပါတယ်။ ဒူဘိုင်းက ကုန်တွေရော၊ မူလကတည်းက မြန်မာနိုင်ငံအတွက်ပို့ဆောင်ရမယ့် ကုန်တွေရောအပြည့်တင်ဆောင်လို့ အင်္ဂလန်ရဲ့သတို့သမီးလေး ယူနိုက်တက်ဗင်းဂတ်ဟာ ရေအနက်ကို မောင်း ထွက်ခဲ့ပါတော့တယ်။ အဲဒီနေ့က မှတ်မှတ်ရရ ၁၉၇၉ ခုနှစ် မေလ ၁ ရက်နေ့လို့ ယူနိုက်တက်ဗင်းဂတ်ရဲ့ မိသားစုကုမ္ပဏီက မှတ်တင်ထားပါတယ်။


သင်္ဘောမှာ ကပ္ပတိန်အဖြစ်Mr.Abdual က ဦးဆောင်လာခဲ့ပြီး သူရဲ့အဖွဲ့ဝင် ၂၉ ယောက် ပါဝင်ခဲ့ကြ ပါတယ်။ ထူးခြားတာတစ်ခုပြောရရင် ကပ္ပတိန်နဲ့ သင်္ဘောသားပေါင်း ၃၀ ယောက်အပြင် ဧည့်သည် ၂ ယောက် ပါလာခဲ့တာပါပဲ။ ကပ္ပတိန်ရဲ့ ဇနီးSayeeda Begum နဲ့ သူတို့ရဲ့ သမီးလေး Heens တို့ လိုက်ပါလာခဲ့ကြတာပါ။ သမီးလေးက ၄ နှစ်အရွယ်လေးသာ ရှိပေမယ့် ဒီပင်လယ်ခရီးကို ပျော်ပျော်ရွှင်ရွှင်လိုက်ပါ လာခဲ့ပါတယ်။ ကုန်စည်တွေကို အင်နဲ့အားနဲ့ သယ်ပိုးနိုင်သလို နုနယ်တဲ့ ကလေးအရွယ် ဧည့်သည်မလေးကိုလည်း ယူနိုက် တက်ဗင်းဂတ်ဟာ သာသာယာယာနဲ့ ငြိမ်ငြိမ့်ညောင်းညောင်းဖြစ်အောင် သယ်ဆောင်ပေးနိုင်ခဲ့တာ သေချာပါ တယ်။ ရာသီဥတုကလည်း ဖြေးဖြေးညင်သာခဲ့တယ် ထင်ပါရဲ့လေ။ သူတို့ရဲ့ မြန်မာပြည် ပုသိမ်မြို့ကို မောင်း ထွက်လာခဲ့တဲ့ ခရီးစဉ်မှာ လူပေါင်း၃၂ ယောက် ရိက္ခာအပြည့် ကုန်အပြည့်လို့ ဆိုရမှာပါပဲ။

ဒူဘိုင်းကနေ ထွက်လာခဲ့တဲ့ နောက်ရက် မေလ ၂ ရက်နေ့မှာ သီရိလင်္ကာ ကိုလံဘိုမြို့ ရေဒီယိုအသံ လွှင့်ဌာနကနေ ထုတ်လွှင့်နေတဲ့ သတင်းတစ်ခုကို ရရှိပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေတဲ့အကြောင်းကို အရေးပေါ်ထုတ်ပြန် ပေးနေတာပါ။ ရေဒီယိုအရာရှိ ဟာမစ် Harmid က သူ့ရဲ့ ကပ္ပတိန်ကို သတင်းပို့ခဲ့ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ သာသာယာယာဖြစ်လေတော့ သိပ်အရေးကြီးမယ် မထင်ခဲ့ပါဘူး။ ဘာမှလှုပ်လှုပ်ရှားရှား အခြေအနေ တွေ့မလာတော့ မေလ ၈ ရက်နေ့ ညည့် ၁၂ နာရီအတိမှာပဲ ကမ်းကနေ ခွာခဲ့ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်ထွက်ခွာလာခဲ့တဲ့ မြို့လေးအမည်က Galle လို့ ခေါ်ပါတယ်။ သီရိလင်္ကာတောင်ပိုင်းကမ်းခြေရဲ့ မြို့လေးပေါ့။ မြို့လေးကနေ ထွက်လာခဲ့တဲ့အချိန် သင်္ဘောသားတွေအားလုံး တာဝန်ကိုယ်စီထမ်းနေကြပေမယ့် ကပ္ပတိန်နဲ့ သမီးလေးကတော့ သူတို့အခန်းထဲမှာ အေးအေးချမ်းချမ်းအိပ်စက်လို့ နေခဲ့ကြပါတယ်။

မေလ ၉ ရက်နေ့မှာ ရာသီဥတုက ချက်ချင်းပြောင်းလို့သွားပါတော့တယ်။ ဘင်္ဂလားပင်လယ်ထဲမှာ ဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းကနေ ဆိုင်ကလုံးအဖြစ်ကိုရောက်ရှိပြီး အိန္ဒိယနိုင်ငံဘက်ကို ဦးတည်သွား နေခဲ့တာဖြစ်လို့ ယူနိုက်တက်ဗင်းဂတ်နဲ့ တည့်တည့်ကို ဝင်တိုးပါတော့တယ်။ မဒရပ်မြို့တောင်ဘက် ၆၀၀ ကီလိုမီတာအကွာမှာပါ။ တစ်နာရီ ၅၅ ကီလိုမီတာလေပြင်းနူန်းနဲ့ ကြုံရတာဖြစ်ပြီး ရေလှိုင်းအမြင့်က ပေ ၂၀ နီးပါးကို ရှိလာခဲ့ပါတယ်။ သင်္ဘောရောက်နေတဲ့နေရာက မဒရပ်မြို့နဲ့လည်း မနီး အက်ဒမန်ကျွန်းစုနားကိုလည်း မရောက်သေးတဲ့ လမ်းထက်ဝက်မှာပဲ ရှိနေတာကြောင့် ကမ်းကပ်လို့လည်းမရ၊ ရပ်ထားလို့လည်း မဖြစ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။ မိုးတွေသည်းသည်းမဲမဲရွာသလို လှိုင်းတွေကလည်း ဝဲယာနှစ်ဖက်မှာ အပြည့်နဲ့ သင်္ဘောဟာ စကောထဲ ဆီးဖြူသီးထည့်လှိမ့်တဲ့အလား ပါပဲ။ မုန်တိုင်းဗဟိုချက်ရဲ့ ၈၅ မိုင်အကွာမှာ ရောက် မှန်းမသိ ရောက်လို့နေခဲ့ပါပြီ။

၂၅ နှစ်သမီးလေး ယူနိုက်တက်ဗင်းဂတ်ဟာ အိန္ဒြေမဆောင်နိုင်တော့ ပါဘူး။ပေ ၂၀ ထက်မကကို ကြီးလာတဲ့ လှိုင်းလုံးတွေကြားထဲမှာ လူးလိုက် လှိမ့်လိုက်နဲ့ သူ့ကိုယ်သူ အနိုင်နိုင် ထိန်းနေရတဲ့ သဘောကို ဖြစ်လို့နေခဲ့ပါပြီ။ သင်္ဘောပေါ်တင်လာခဲ့တဲ့ ကုန်တွေလည်း လွင့်တဲ့ဟာလွှင့် ပြုတ်တဲ့ဟာ ပြုတ်လို့ အားလုံးဝရုန်းသုန်းကားအနေအထားပါ။ ကပ္ပတိန်ဟာ သူ့ရဲ့ သမီလေးနဲ့ အမျိုးသမီးကို အခန်းထဲက အပြင်ကို မထွက်စေဘဲ နေစေပါတယ်။ သမီးနဲ့ မိန်းမကို ရင်အုပ်မကွာ စောင့်ရှောက်လိုပေမယ့် သူ့မှာ သင်္ဘောသား ၃၀ နဲ့ သူ့သင်္ဘော ကျန်နေသေးတော့ အနားမှာ အချိန်ပြည့်ရှိနေလို့ မရပါဘူး။ စက်ခန်းကို အမိန့်ပေးလိုက် သင်္ဘောသားတွေ လွင့်ကျမသွားအောင်ပြောလိုက်၊ တက်မလိုက်ကို လိုအပ်သလို ညွှန်ကြား လိုက်နဲ့ ခေါင်းမီးတောက် အပူလုံးကြွနေရပါတော့တယ်။ သင်္ဘောသား မုန်တိုင်းမိတာ မဆန်းပေမယ့် ဒီတစ်ခေါက်မှ မုန်တိုင်းကြားထဲကို သမီးနဲ့ ဇနီးကို ခေါ်သွင်းလာမိတာကြောင့် အပူနှစ်ဆ ယူနေရပါတယ်။

ယူနိုက်တက်ဗင်းဂတ်ဟာ မေလ ၉ ရက်နေ့ တစ်နေ့လုံးနဲ့ တစ်ညလုံးမှာ ဆိုင်ကလုန်းဒဏ်ကို အပြင်း အထန်ခံနေခဲ့ရပါတယ်။ သင်္ဘောသားတစ်ယောက်မှ လွင့်ထွက်မသွားသလိုတစ်ယောက်မှလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ပါဘူး။ မိုးမှောင်ထဲကြားထဲ လှိုင်းလေတွေကြားထဲမှာ အချက်ပြမြေပုံညွှန်းတွေ သံလိုက်အိမ်မြှောင်တွေနဲ့ ဦးတည်ရာကို တည်ပြီးဖြည်းဖြည်းချင်း ရွေ့အောင်သွားနေခဲ့ပါတယ်။ ဒါပေမယ့် သင်္ဘောဟာ ဆက်သွားနေသလား၊ မုန်တိုင်းလမ်းကြောင်းအတိုင်းပဲ သွားနေသလားဆိုတာ မသဲကွဲခဲ့ပါဘူး။ ရေဒီယိုအရာရှိက သူတို့သင်္ဘောမုန်တိုင်းထဲမှာ လွတ်လမ်းမမြင်တဲ့အကြောင်း တောက်လျှောက်ကို သတင်းတွေ လွှင့်နေပါတယ်။ မီးကျည်တွေဖောက်တာလည်း ခဏခဏပါပဲ။ ဘယ်သင်္ဘောဆီကမှ ဘယ်ဆက်သွယ်ရေးကမှ သူတို့ဆီကို ပြန်အကြောင်းကြားလာတာ မရှိပါဘူး။

မုန်တိုင်းရှိနေတဲ့ အတွက် အခြား ပင်လယ်ကူးသင်္ဘောတွေလည်း ဒီလမ်းကြောင်းကို ရှောင်နေတာလည်း ဖြစ်နိုင်ပါလိမ့်မယ်။ သူတို့သာ သတိမမူ ဖြစ်ခဲ့လို့ မုန်တိုင်းကိုမှ တည့်တည့်လာတိုးကြတာပါ။ စားသောက်ခန်းထဲက ရိက္ခာတွေလည်း လွင့်တာတွေ လွင့်ပျံကုန်ပါတယ်။ ရှိနေရင်လည်း ဘယ်လို ချက်စားလို့ရမှာပါလိမ့်။ စာဖိုးမှုှးက ရေဗူးတွေကို ရသလောက် စုနေပါတယ်။ ရိက္ခာခြောက်ဖြစ်တဲ့ ပေါင်မုန့်၊ အသားခြောက်၊ ဘီစကစ်တွေကို ရေနဲ့မြောချပြီး ညစာ မနက်စာကို ပေါင်းလိုက်ကြရပါတယ်။ ကပ္ပတိန်ခဗျာ လေးနှစ်အရွယ်သမီးလေး အကြောက်လွန်မှာစိုးပြီး ချော့ရ၊ ဇနီးကို အားပေးစကားပြောရ၊ သင်္ဘောသားတွေ စိတ်ဓာတ်ပျက်မှာကြောက်ရနဲ့ အခန်းထဲပြေးဝင်လိုက် အပြင်ပြေးထွက် လိုက်နဲ့အပူသည်ကိုဖြစ်လို့လေ။ ကပ္ပတိန်ရဲ့ ခြေထောက်ရိုးမတော်တဆ ထိခိုက်မှုဖြစ်ထားပေမယ့် ညည်းမနေ အားပါဘူး။ ဒီအချိန်မှာ သူခေါင်းငုံ့နေလို့ မဖြစ်ဘူး မဟုတ်လား။ အခြား သင်္ဘောသား တစ်ယောက်နဲ့ ရေဒီယိုအရာရှိ Harmid မှာလည်း ဒဏ်ရာတွေ ကိုယ်စီရထားကြပါပြီ။

တစ်ရက်နဲ့ တစ်ည မုန်တိုင်းရဲ့ ရိုက်ခတ်ဒဏ်ကို သင်္ဘောသားတွေနဲ့ ယူနိုက်တက်ဗင်းဂတ်ဟာ ကြံကြံခံပြီးနောက် မေလ ၁၀ ရက်နေ့ရဲ့ ညနေပိုင်းမှာတော့ ဖြစ်ရပ်ဆိုးတစ်ခုပေါ်လာပေါ်တော့တယ်။ သင်္ဘောရဲ့ ဘယ်ဖက်ခြမ်းက ပေါက်ထွက်ပြီး ရေတွေဝင်လာခဲ့တာပါ။ ၂၅ နှစ်တင်းတင်းပြည့်ပြီဖြစ်တဲ့ ပင်လယ်ပျော်တဲ့သတို့သမီးလေးရဲ့ ငိုညည်းသံ စပြီးထွက်လာခဲ့ပါပြီ။ သူမရဲ့ ဝဲဘက်နံရိုးတွေ ကျိုးလေလား မပြောတတ်လေပြီ။ တည့်တည့်မတ်မတ်မရပ်နိုင်တော့တဲ့အတွက် ဘက်ဖက်အခြမ်းကို ၄၅ ဒီဂရီနီးပါးကို စောင်းထွက်သွားတော့တာပါ။ သင်္ဘောမှောက်ပြီလို့ ထင်လိုက်ကြရပါတယ်။ ဆိုင်ရာ ဘုရားသခင်ဆီ အသက်ကိုအပ်ရင်း ကြုံလာမယ့်အဖြစ်ဆိုးကို ရင်ဆိုင်နေလိုက်ကြရပါတော့တယ်။ စက်ခန်းထဲက အင်ဂျင်တွေ အားလုံးပျက်ကုန်တဲ့အပြင် ချိတ်ဆွဲထားတဲ့ အသက်ကယ်လှေ အားလုံးလည်း သင်္ဘောစောင်းသွားတာနဲ့ တပြိုင်နက် အဝေးကို လွင့်ထွက်သွားပါတော့တယ်။ ကပ်သီးကပ်သတ် အသက်ကယ်လှေတစ်စင်းက ချိတ်လျှက်သားကျန်နေခဲ့တာ ကပ္ပတိန်က မြင်လိုက်ပါတယ်။
သင်္ဘောမမြုပ်ခင် ဒီအသက်ကယ်လှေက သူတို့ကို နောက်ဆုံးကယ်နိုင်ကောင်းပါရဲ့လို့တွေးရင်း နောက်ဆုံးကျန်တဲ့ အသက်ကယ်လှေကို ပြန်ဆွဲယူကြရပါတယ်။ သင်္ဘောက အခုအချိန်အထိ မမြုပ်အောင် သူ့ကိုယ်သူ ထိန်းနေဆဲပါ။ သူမ မမြုပ်မချင်း တစ်ယောက်ကိုမှ ပြုတ်ထွက်မကျအောက် ထိန်းထားပေးချင် နေပုံရပါတယ်။ အစောင်းလိုက်ကြီးမုန်တိုင်းကြားမှာ မျောပါနေတဲ့ သင်္ဘောကြီးပေါ်မှာ လျှပ်စစ်မီးတွေလည်း ရှိမနေတော့ပါဘူး။ မီးကျည်တွေလည်း လွှတ်လို့ကုန်သွားပါပြီ။ ၄ နှစ်သမီးငယ်လေးရဲ့ ကြောက်ရွံ့မှုဟာ အထွတ်အထိတ်ရောက်နေလောက်ပြီ ထင်ပါရဲ့။ ဆက်သွယ်ရေးစက်က လွှင့်လိုက်တဲ့ အသံလှိုင်းကို တစ်စုံ တစ်ယောက်က ကြားပါစေလို့ ဆုတောင်းရုံသာ တတ်နိုင်ပါတော့တယ်။

ဘုရားသခင်ဟာ သူတို့ကို မသေစေချင်သေးတာလား ဒါမှမဟုတ် ပင်လယ်ပျော်သတို့သမီးလေး ယူနိုက်တက်ဗင်းဂတ်ရဲ့ ငိုညည်းသံကိုကြားမိလေသလား မပြောတတ်ပါဘူး။ ရေဒီယိုအရာရှိရဲ့ နောက်ဆုံးစက် မပျက်ခင် ထုတ်လွှင့်လိုက်တဲ့ ပင်လယ်ထဲမုန်တိုင်းမိနေကြောင်း သတင်းပို့လွှာကို အိန္ဒိယအသံလွှင့်ဌာနက လက်ခံရရှိသွားပါတော့တယ်။ အဲဒီနောက်မှာတော့ ဆိုင်ကလုန်းတိုက်နေတဲ့နေရာနဲ့ အနီးဆုံးဝန်းကျင်မှာ အခြား ရှိနေနိုင်တဲ့ သင်္ဘောတွေဆီကို အကူအညီသွားပေးကြဖို့ သတင်းတွေ အဆက်မပြတ်လွှင့်ပါတော့တယ်။ ဒါက သူတတ်နိုင်တာကို သူလုပ်ပေးတာပါ။ မုန်တိုင်းကြားထဲမှာ ဘယ်သင်္ဘောကများ သွားလာနေကြမှာပါလိမ့်။ ကပ္ပတိန်ဟာ ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ချလိုက်ပါတယ်။ ၄၅ ဒီဂရီစောင်းနေတဲ့ မုန်တိုင်းကြားက သင်္ဘော ပေါ်မှာ သူတို့အချိန်ဘယ်လောက်များ ကံကောင်းနေမှာပါလိမ့်။ ဒီသင်္ဘောမြုပ်သွားတာနဲ့ သူတို့ အသက်တွေ ရာခိုင်နူန်းအပြည့် သေကြရမှာပဲလေ။ ရှိနေသေးတဲ့ အသက်ကယ်လှေကို အားပြုပြီး အမြန်ထွက်သွားမှ သူတို့ အတွက် မျှော်လင့်ချက်ရှိနိုင်မယ်လို့ သူတွက်ဆလိုက်ပုံရပါတယ်။ အသက်ကယ် လှေထဲက ရေနဲ့အစာတွေကို သေချာထုတ်ပိုးပြီးရင် သူတို့ သင်္ဘောကို စွန့်ရတော့မှာပါ။ ကပ္ပတိန်ဟာလုပ်သင့်လုပ်တာကို လုပ်ရတော့မယ့် ဆုံးဖြတ်ချက်ကို ချလိုက်ပါပြီ။

ဒါပေမယ့် အသက်ကယ်လှေကို မဖြုတ်ချခင်မှာပဲ ဟိုးအဝေးက မီးမောင်းကြီးတစ်ခု ကို သူတို့ တွေ့လိုက်ရပါတယ်။ ကုန်တင်သင်္ဘောတစ်စင်းဖြစ်ပါလိမ့်မယ်။ မြုပ်လုပ်နီးပါးဖြစ်နေတဲ့ သင်္ဘောရှိရာကို ဦးတည်ပြီး အပြင်းမောင်းလာနေပါတယ်။ မိုးတွေ လေတွေကြားကပဲ သက်စွန့်ဆံဖျားကို မောင်းတက်လာခဲ့တဲ့ ကယ်တယ်ရှင်သင်္ဘောကြီးပါ။ ရှရှားသင်္ဘော MV.Gorno Parardinsk ဟာ ယူနိုက်တက်ဗင်းဂတ်ထက် အလုံးအရပ်မြင့်မားပါတယ်။ ပိုပြီးကြံခိုင်သန်စွန်းတဲ့ ပုံသဏ္ဍာန်ကို ဆောင်ပါတယ်။ သတို့သမီးလေးနစ်မြုပ် လုနီးပါး ဖြစ်နေချိန်မှာ အချိန်မီကို အပြေးလာခဲ့တဲ့ ရုရှားကြီးလို့ ဆိုရမှာပဲပေါ့။ သူ့ရဲ့ ကပ္ပတိန် Kiridon Ivan ဟာ အိန္ဒိယအသံလွှင့်ဌာနရဲ့ သတင်းပေးပို့ချက်ကို မေလ ၁၁ ရက်နေ့မှာ ရရှိပြီး ချက်ချင်းပဲ မုန်တိုင်းထဲကို ရဲရဲဝံ့ဝံ့ကို မောင်းဝင်ခဲ့တာဖြစ်ပါတယ်။ သူတို့မြင်ကွင်းထဲကို ထင်းထင်းကြီးရောက်လာတဲ့ ကယ်တင်ရှင် သင်္ဘောကို မြင်လိုက်ရတဲ့နောက်မှာ ၂ ညအိပ် ၃ ရက် ဒုက္ခပင်လယ်ဝေနေကြတဲ့ သူတွေ ပြန်လည်လန်းဆန်း အားပြည့်လို့ လာခဲ့ပါပြီ။ လက်ပြဝှေ့ယမ်းကြ အော်ဟစ်ခေါ်ကြ အကျီတွေချွတ်ပြီး မြှောက်ပြကြနဲ့ အကူအညီ တောင်းခံနေကြတာပေါ့။ ရုရှားသင်္ဘောဟာ မုန်တိုင်းကြားမှာပဲ သတိထားပြီး အင်္ဂလန်သင်္ဘောနားကို ကပ်ခဲ့ပါတယ်။ သင်္ဘောနှစ်စင်းကြားမှာ လှိုင်းတွေ ရိုက်နေတာကြောင့် အနားကို သိပ်မကပ်ရဲပါဘူး။ သင်္ဘောချင်းပြေးရိုက်မှ မြုပ်လုဆဲဆဲ စောင်းနေတဲ့ အင်္ဂလန်သင်္ဘောကို ရိုက်နှစ်သလို ဖြစ်နေမှဖြင့် ခက်ရ ချည်ရဲ့။

အကယ်ခံရမယ့် သင်္ဘောဘက်ကိုမီးမောင်းတွေ လှမ်းထိုးပြီး ကယ်ထုတ်မယ့် အစီအစဉ်ကို Hand Speaker နဲ့ ရုရှားကပ္ပတိန်က ရှင်းပြပါတယ်။ သင်္ဘောနှစ်စင်ကြားကို ကြိုးလှေကားနဲ့ ချိတ်ဆက်ပြီး တစ်ယောက်ချင်းစီကူးလာရဖို့ နည်းလမ်းပါ။ ကြိုးလှေကားကို အသေချည်ထားမထားဘဲ ထိန်းကိုင်ထားဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင် သင်္ဘောတွေက မငြိမ်တာကြောင့် ပြတ်ကျသွားတဲ့အခါ ဒုက္ခများကုန်မှာ ဖြစ်လို့ပါ။ ရုရှားသင်္ဘောဟာ အနားကိုအနီးစပ်ကပ်လာပြီး ကြိုးလှေကားကို လှမ်းပစ်ပေးလိုက်ပါတယ်။ ကွက်တိပါပဲ။ နှစ်ဖက် ချိတ်ဆက်မိသွားပါပြီ။ အင်္ဂလန်သင်္ဘောဘက်မှာ အသေချည်ထားပြီး ရုရှားဘက်က လူတွေနဲ့ ကြိုးကို ကိုင်ထိမ်းထားလိုက်ပါတယ်။ သင်္ဘောနှစ်စင်းကြားမှာ နည်းနည်းခြားထားတယ်ဆိုပေမယ့် သွက်သွက် လက်လက် သွားလိုက်ရင် ခဏပါပဲ။ လှိုင်းအငြိမ် လေအငြိမ်ကို စောင့်ရတာလည်း အချိန်တော်တော် ကုန်ပါတယ်။

မနားတမ်းကို တိုက်နေတဲ့ လေကိုဘယ်လို ငြိမ်အောင် တားလို့ရပါ့မလဲလေ။ တစ်ဖက်သင်္ဘောကို ရောက်ဖို့ နည်းက အခုအချိန်မှာ ဒီနည်းပဲ အကောင်းဆုံးတွေ့နေရလို့ ဒါကိုလုပ်ဖို့ပဲ ဆုံးဖြတ်ရတာပါ။ နည်းနည်းလေ ငြိမ်သလို ဖြစ်သွားတဲ့အချိန်မှာ ကူးလာဖို့ လှမ်းအော်လိုက်တာကြောင့် အင်္ဂလန်သင်္ဘောဖက်က စွန့်စားရမယ့် တစ်ယောက် ကြိုးလှေကားပေါ် တွယ်တက်လိုက်ပါတယ်။ သူက စက်ခန်းထဲက Hameed ဆိုတဲ့သူပါ။ ကြံ့ခိုင်သန်စွမ်းမှုရှိသေးတဲ့ သက်လတ်ပိုင်း သင်္ဘောသားတစ်ယောက်ဆိုပါတော့။ သူလျှင်လျှင် မြန်မြန်ပဲ ကြိုးလှေကားက တဆင့် ရုရှားသင်္ဘောကြီးပေါ်ကို တက်ဖို့ လှုပ်ရှားနေပါပြီ။ အားလုံးက ရင်တထိတ် ထိတ်နဲ့ပါ။ သူပြီးရင် နောက်ကလိုက်မယ့်သူကလည်း အဆင့်သင့် နေရာယူထားပါတယ်။ ရုရှားသင်္ဘောသား တွေက ကြိုးစတစ်ဖက်ကို အလိုက်သင့်ကိုင်ထားပေးရင်း သူ့ကိုမြန်မြန်ကူးလာဖို့ အော်ဟစ်အားပေးနေကြ ပါတယ်။
သင်္ဘောနှစ်စင်းရဲ့ကြားကို သူရောက်ရှိသွားပါပြီ။ နောက်ထပ် နည်းနည်းလောက်သွားရင် သူဘေးကင်း လုံခြုံရာကို ရောက်တော့မှာပါ။ လမ်းလျှောက်သွားလို့ ပြေးသွားလို့မရတာကြောင့် လေးဘက် ထောက် ကုတ်တွယ်သွားနေရတာက အချိန်ကိုပိုကြာစေပါတယ်။ ရောက်ချင်ဇောနဲ့ သူလည်းကြိုးစားသွား နေရင်းမှာပဲ ကံကြမ္မာက သူ့ဘက်မှာ ရှိမနေတော့ပါဘူး။ ရုတ်တရတ် ပြေးထွက်လာတဲ့ လှိုင်းလုံးကြီးတစ်လုံးက သူ့ကို ရိုက်ချပစ်လိုက်ပါတော့တယ်။ ကြိုးကိုင်ထားတဲ့သူတွေ မလွတ်တမ်းကြိုးကို ထိန်းထားနိုင်ပေမယ့် စက်ဆရာ လေး ကြိုးပေါ်က လွင့်ကျသွားခဲ့ပါပြီ။ မီးမောင်းဟာ သူလွင့်ထွက်သွားတဲ့ဘက်ကို လှမ်းထိုးကြည့်တဲ့အခါ သင်္ဘောနဲ့ တော်တော့်ကို ဝေးတဲ့နေရာမှာ သူအသက်လုပြီး ကူးခပ်နေတာကို တွေ့လိုက်ပါတယ်။ ကြိုးသမားတွေ လွှတ်ဖို့ ကပ္ပတိန်ကပြောပြီးတာနဲ့ သင်္ဘောဟာ စက်ဆရာကို ကယ်ဖို့ လုပ်ရပါတော့တယ်။ ရေထဲမှာ ကူးခတ်နေဆဲ ဒါပေမယ့် အဝေးကိုမျောပါနေဆဲပါပဲ။ နောက်ထပ် လှိုင်းတွေ တစ်လုံးပြီး တစ်လုံးရေနစ်နေသူကိုမှ ၀ါးကူထိုးတဲ့အလား မညှာမတာရိုက်ခတ်လို့နေပါတယ်။ စက်ဆရာလေးရဲ့ ပုံရိပ်ဟာလည်း ဝေးပြီးရင်း ဝေးလို့ သွားခဲ့ပါပြီ။ ရုရှားသင်္ဘောဟာ သူ့အပေါ်ရောက်ခါနီး ပြုတ်ကျသွားတဲ့သူကို ကယ်ဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။ ဒါပေမယ့် လှိုင်းတွေ လေတွေရဲ့ သယ်ဆောင်ရောက်နောက်ကို စက်ဆရာ လိုက်ပါသွားခဲ့ရပါပြီ။ တစ်နာရီကျော်လောက် အနားဝန်းကျင်ကို လိုက်ရှာခဲ့ပေမယ့် မတွေ့ရတော့ပါဘူး။

ကပ္ပတိန်ဟာ နောက်မှာကျန်နေခဲ့တဲ့ အင်္ဂလန်သင်္ဘောဆီကိုပဲ ပြန်လှည့်ဖို့ ဆုံးဖြတ်လိုက်ရပါတော့ တယ်။ MV. United Vanguard မှာ လိုက်ပါတာဝန်ထမ်းဆောင်ရင်း မုန်တိုင်းထဲမှာ ပထမဆုံး ပျောက်ဆုံး ရသူအဖြစ် စက်ဆရာ Hameed ဟာ စာရင်းတင်ခံလိုက်ရပါပြီ။ အခုအချိန်အထိတော့ ယူနိုက်တက်ဗင်းဂတ်ဟာ တစ်ခြမ်းစောင်းအနေအထားနဲ့ သူ့အပေါ်ကလူတွေကို တင်ဆောင်ထားနေဆဲပါပဲ။ ကယ်ဆယ်ရေး သင်္ဘောဟာ သူ့ရဲ့ ပထမဆုံးအစီအစဉ်မှာပဲ တစ်ယောက်ဆုံရှုံးသွားရပြီဖြစ်လို့ ဒီအစီအစဉ်ကို စွန့်လွှတ်လိုက်ပါတယ်။ နောက်ထပ် ဘယ်လိုကယ်ရမယ်ဆိုတာ သူတို့ ခေါင်းချင်းဆိုင်ကြရပြန်ပါပြီ။ မုန်တိုင်းကလည်း တိုက်နေဆဲပါပဲ။ အင်္ဂလန်သင်္ဘောရဲ့ ပထမဆုံးသော ကံဆိုးသူမောင်ရှင်ကတော့ စက်ဆရာလေး ဟာမစ် ဖြစ်ခဲ့ရပြီပေါ့။ နောက်ထပ် ဘယ်သူ့ကိုမှ ကံမဆိုးစေချင်တာ့ပါဘူး။ အားလုံးကို ဘေးကင်းလုံခြုံအောင် သူတို့ ကယ်ဆယ်ချင် နေပါတယ်။ တစ်ဖက် အင်္ဂလန်သင်္ဘောပေါ်က လေးနှစ်သမီးလေးရဲ့ ငိုသံက သူတို့ပင်လယ်ပျော်လူကြမ်းကြီး တွေရဲ့ အသည်းကိုဆွဲလှုပ်နေတဲ့အလား ခံစားရခက်နေကြရပြီလေ။

ဆိုင်ကလုန်းဟာ တစ်ချက်လေးမှကို သနားမညှာဘဲ တိုက်ခတ်လို့ နေပါတယ်။ တစ်နာရီ လေတိုက်နူန်း ၅၀ ကီလိုမီတာကနေ ထပ်တိုးပြီး ၆၀ ကီလိုမီတာဖြစ်လာပါပြီ။ လေရောမိုးရော အပြိုင်တိုက်နေတဲ့ အဲဒီတစ်ည လုံးမှာ ကယ်ဆယ်ရေးကို လက်လျှော့ထားလိုက်ရပါတယ်။ ရိက္ခာက ပြတ်သွားတာကြောင့် မိုးရေခံသောက်ရတဲ့ အနေအထားကို ရောက်ခဲ့ပါတယ်။ အနားမှာ ကယ်မယ့် သင်္ဘောရှိနေသေးတယ်ဆိုတဲ့ အသိနဲ့ အားတင်း ထားရင်း မိုးစင်စင်လင်းလာခဲ့ပါပြီ။ မိုးလင်းတယ်ဆိုတာ သတ်မှတ်ချက်လို့ ပြောချင်ပါတယ်။ အရပ်ရှစ်ခွင်က မှိုင်းမှိုင်းကိုမှုန်နေဆဲပါပဲ။ မနက်လင်းချိ်န်မှာ ထူးခြာတာ တစ်ခုက ကယ်ဆယ်ရေး သင်္ဘောနောက်တစ်စင်း အနားကို ရောက်နေခဲ့တာပါပဲ။ ရုရှသင်္ဘောရဲ့ အကူအညီတောင်းခံမှုနဲ့ ရောက်လာတဲ့ ကုန်တင်သင်္ဘော တစ်စင်းပါ။ MV.Vivekarands သင်္ဘောဟာ ရုရှကုန်တင်ကောင်နဲ့ အတူ ကယ်ဆယ်ရေးဧရိယာထဲ အားတက်သရော ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားထုတ်မှုဟာ အရာမထင်ခဲ့ပါဘူး။ ပြင်းထန်တဲ့ မုန်တိုင်းကြောင့်လို့ပဲ အပြစ်ကိုပုံချလိုက်ပါရစေတော့။ သူတို့ ရိက္ခာခြောက်တွေ၊ ရေသန့်နဲ့ ဆေးဝါးတွေ သင်္ဘောချင်းကပ်ပြီး ပစ်ပေးကြပေမယ့် အားလုံး ပင်လယ်ထဲကိုပဲ ပြုတ်ကျကုန်ပါတယ်။ အနားကို သိပ်မကပ်ရဲတာကိုလည်း အပစ်ဆိုလို မရဘူးလေ။ လှိုင်းနဲ့လေက ဘီလူးသဘက်အလား ကြမ်းတမ်းနေ လေတော့ ကပ်လို့ရသလောက် ကြိုးစားပြီး အထုတ်တွေ လှမ်းပို့ခဲ့တာပါ။ မရောက်ခဲ့လေတော့ ဒုက္ခသည်တွေ ဆက်လက်ငတ်နေမြဲပါပဲ။

မေလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ရုရှားသင်္ဘောဘက်က အစီအစဉ်တစ်ခု စတင်ပြန်ပါတယ်။ ဒီတစ်ခါ အသက်ကယ်ဖောင်တွေကို ကြိုးနဲ့တွဲပြီး ပစ်ချပေးတာပါ။ ဖောင်ပေါ်ကို ရအောင်တက်ကြဖို့ ကြိုးစားကြဖို့ စပီကာနဲ့ အော်ရင်းပေါ့လေ။ ဖောင်ပေါ်ရောက်ရင် ဟိုဘက်ကနေ ကြိုးနဲ့ ဆွဲယူမယ့် ကယ်ဆယ်ရေး အစီအစဉ်သစ် စပြီဆိုပါတော့။ အသက်ကယ်လှေတွေ လွှားကနဲ လွှားကနဲ ပြန့်ကျလာခဲ့ပါတယ်။ အင်္ဂလန်သင်္ဘောဘက်က ခုန်ဆင်းပြီး တက်ဖို့ပဲလိုပါတော့တယ်။ အင်္ဂလန်သင်္ဘောရဲ့ ကပ္ပတိန်ဟာ ချက်ချင်းသူ့လူတွေနဲ့ တိုင်ပင်ပြီးတာနဲ့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ပါတော့တယ်။ ၃၁ ယောက်စလုံးကို တစ်စုတစ်ဝေး တည်း ဖြစ်နေအောက် ဘောကွင်းတစ်ယောက်တစ်ကွင်းနူန်း ကိုင်ထားပြီး အဲဒီကွင်းတွေကို ကြိုးတွေနဲ့ မြဲအောင်တုပ်ချည်လို့ ရေထဲခုန်ချဖို့ပါပဲ။ အတူတူကူးခပ်ပြီး အသက်ကယ်လှေတွေဆီကို သွားကြမယ့် အစီအစဉ်ပေါ့။

အသက်ကယ်အကျီင်္တွေကိုယ်စီ ဝတ်ထားပေမယ့် တစ်ဦးတည်း ကွဲထွက်သွားရင် စက်ဆရာလို ပျောက် သွားနိုင်မယ့်အရေးကို ကြိုကာကွယ်လို့ ရတာပေါ့။ အားလုံး အဝေးကို လွင့်သွားတယ် ဆိုရင်လည်း စုစု စည်း စည်းရှိနေမှာဖြစ်လို့ တစ်ဦးကိုတစ်ဦး ဖေးမလို့ရမယ်ဆိုတဲ့ အကြံနဲ့ပါ။ ကပ္ပတိန်ရဲ့အမိန့်အောက်မှာ အားလုံး သဘောတူညီချက်ရပြီးတဲ့နောက် ၃၁ ယောက်စလုံးရဲ့ ဘောကွင်းတွေကို ကြိုးချည်လိုက်ကြပါတယ်။ သင်္ဘောသားတွေဆိုတော့ ကြိုးချည်ကြိုးဖြုတ်မှာ ဆရာကျမှာပေါ့။ ကပ္ပတိန်ရဲ့ဇနီးက နည်းနည်းတော့ နောက်တွန့်နေခဲ့ပါတယ်။ ဒါပေမယ့် လေးနှစ်သမီးလေးကတော့ အခုအချိန်မှာ တည်တည်ငြိ်မ်ငြိမ်ကို ဖြစ်လို့ နေပါတယ်။ သူ ကြုံနေရတဲ့ ၄ ရက်စာဒုက္ခတွေက ၄ နှစ်သမီးလေးအတွက် အင်အားမမျှလွန်းဘူးလေ။ ဒီကနေ လွတ်မြောက်မှဖြစ်မယ်ဆိုတာ သူမနားလည်ပြီးသားဖြစ်လို့ ရေထဲခုန်ချပြီး အသက်ကယ်လှေရှိရာကို ကူးရမှာ အတွက် နောက်တွန့်မနေချင်တော့ပါဘူး။ အဆင်သင့်ဖြစ်လို့နေခဲ့ပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကျန်တဲ့သူတွေနဲ့ အတူ ဘောကွင်းကို မြဲအောင်ဆုပ်ကိုင်ရင်း ပင်လယ်ထဲကို ခုန်ချလိုက်ပါတော့တယ်။

ရုရှားသင်္ဘောဟာ ပင်လယ်ထဲကို ဘောကွင်းတွေနဲ့ ခုန်ချလာတဲ့ အဖွဲ့ရှိရာကို အနီးဆုံးဝန်းရံပြီး လိုက်မောင်းပေးနေပါတယ်။ ယူနိုက်တက်ဗင်းဂတ်ကတော့ သခင်စွန့်ပစ်လိုက်ပြီဖြစ်လို့ ခပ်စောင်းစောင်း အနေအထားနဲ့ပဲ မုန်တိုင်းထဲမှာ ဦးတည်ရာမဲ့မျောပါနေဆဲပါ။ လှိုင်းကြားလေကြားမှာ မြုပ်လိုက်ပေါ်လိုက်နဲ့ပေါ့။ ကပ္ပတိန်ဟာ သူမကို စွန့်ခါနီး မှတ်မှတ်ရရ တစ်ခု လုပ်သွားခဲ့ပါတယ်။ အဲဒါက သူ့ဦးထုတ်ကို ထိန်းချုပ်ခန်းမှာ ချွတ်ပြီးတင်ထားပေးခဲ့တာပါပဲ။ Blue Funnel Line သင်္ဘောကုမ္ပဏီရဲ့ ရွှေရောင်အမှတ်တံဆိပ် ဦးထုတ်က အဖြူရောင်လေးဟာ United Vanguard နဲ့ အတူ လေနှင်ရာကိုမျောပါသွားခဲ့ပါပြီ။

အထွေးလိုက်ဘောကွင်းတွေနဲ့ ရှိနေတဲ့အဖွဲ့တွေဆီ ရုရှသင်္ဘောပေါ်ကနေ ကြိုတွေ လှမ်းပစ်ပေး ကြပါတယ်။ ကြိုးချည်ထားတဲ့ ပိုက်တွေဘောကွင်းတွေ၊ ကြိုးလှေကားတွေလည်း ပါတာပေါ့။ အားလုံးရဲ့ အခြေအနေက ကောင်းတဲ့ဘက်မှာရှိနေခဲ့ပါပြီ။ သက်ကယ်လှေတွေဆီကိုတော့ မရောက်နိုင်သေးပါဘူး။ သင်္ဘောနားကိုရောက်လုရောက်ခင်ဖြစ်လိုက် လှိုင်းကအဝေးကို ပုတ်ထုတ်လိုက်နဲ့ ကြိုးစားနေဆဲ အခြေအနေ ပါပဲ။ ဒါပေမယ့်သူတို့မှာ မျှော်လင့်ချက်ကောင်းကောင်း ရှိနေခဲ့ပါတယ်။ သူတို့ အသက်ရှင်ရမယ် ဆိုတဲ့ အတွေးရှိနေပြီးသားပါ။ တစ်ကြိ်မ်မှာတော့ ချည်ထားတဲ့ကြိုးဟာ မြဲခဲ့ပေမယ့် ရိုက်ပုတ်နေတဲ့ပင်လယ်လှိုင်း ကြောင့် ကပ္ပတိန်ရဲ့ဇနီးနဲ့ သမီးလေးတို့နှစ်ယောက်တွဲဟာ အဖွဲ့ထဲက ပြုတ်ထွက်သွားပြီး သင်္ဘောနံရံဆီကို ပြေးရိုက်ပါတော့တယ်။ သမီးကို အထိခိုက်မခံနိုင်လို့ အုပ်မိုးကာကွယ်ထားတာကြောင့် မိခင်ဖြစ်သူ ထိခိုက်သွားတဲ့ပုံပါပဲ။ အရှိန်နဲ့ပြေးရိုက်တဲ့ဒဏ်က မနည်းဘူးလေ။

နောက်တစ်ကြိမ် လှိုင်းကဆွဲခေါ်ပြီး အဝေးကို ပို့လိုက်ရင်တော့ပြဿနာပါပဲ။ အားလုံးစိတ်ထိခိုက် စိုးရိမ်နေရတဲ့အချိန်မှာ ရုရုသင်္ဘောက လျှပ်စစ်အင်ဂျင်နီယာ Vladimil Astahvl ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကြိုးစတစ်ဖက်ကို ဆွဲပြီး သူတို့သားအမိရှိတဲ့ ဘက်ကို အလွတ်ခုန်ချလာခဲ့ပါတယ်။ ကပ္ပတိန်ရဲ့ ဇနီးတို့ သားအမိနှစ်ယောက်နားမှာ ကြိုးတွေ ဘောကွင်းတွေ ပိုက်တွေ ချက်ချင်းပလူပျံပြီး ရောက်ရှိလာကြ ပါတယ်။ သင်္ဘောပေါ်က ပစ်ချပေးကြတာပါ။ ရုရှားအင်ဂျင်နီယာလေးဟာ ကြိုးစတွေကို သားအမိအပေါ် အတင်းချည်ပြီး အပေါ်ကို ဆွဲတင်ဖို့အချက်ပေးလိုက်တယ် ဆိုရင်ပဲ ညာသံပေးဝိုင်းအားပေးလိုက်လို့ သူတို့ သုံးယောက်လုံး သင်္ဘောပေါ်ကို ရောက်ခဲ့ကြပါတယ်။ ရေထဲကနေ မျက်စိမမှိတ်တမ်းကြည့်နေကြရတဲ့ ကျန်တဲ့ သူတွေဟာ ကိုယ့်ဒုက္ခကို မေ့ပြီး လက်ဝှေ့ယမ်းအော်ဟစ် ပျော်ရွှင်ကြတဲ့အထိ ဖြစ်ကုန်ပါတယ်။ ဒီသားအမိ အပေါ်ကို ရောက်သွားခဲ့တာဟာ ကျန်တဲ့သင်္ဘောသားတွေ အတွက် အားဆေးတစ်ခုဖြစ်ခဲ့ပါတယ်။ သူတို့လည်း ဆက်လက်ရုန်းကန်ကြိုးစားရင်း ရုရှသင်္ဘောပေါ်ကို အသက်ရှင်လျှက် ရောက်ရှိသွားနိုင်ခဲ့ပါတော့တယ်။

ကပ္ပတိန်ရဲ့ဇနီးဖြစ်သူ Sayeeda Begum မှာတော့ သင်္ဘောနံရံနဲ့ပြေးရိုက်မိတဲ့ ဒဏ်ကြောင့် နံရိုးကျိုး သွားရရှာပါတယ်။ သမီးလေးကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ သင်္ဘောသားအချို့လည်း အပေါ်ယံဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြပါတယ်။ စိတ်ထိခိုက် ဆွတ်ပျံ့စရာမြင်ကွင်းလေးအနေနဲ့ လူ ၃၁ ယောက် ရုရှားသင်္ဘော ပေါ်ကို ရောက်ချိန်လေးမှာပဲ သူတို့စွန့်ခွာခဲ့ရတဲ့ မြုပ်လုမြုပ်ခင် သူတို့သမီးလေးဟာ သူတို့မြင်ကွင်းကနေ တဖြည်းဖြည်း မှေးမှိန်လို့နေခဲ့ပါပြီ။ ရေမျက်နှာပြင်အထက် ၃ ပေ ၄ ပေလောက်သာပေါ်နေတဲ့ သင်္ဘော ခေါင်းတိုင်ကို နောက်ဆုံးတွေ့မြင်နေကြရပါတယ်။ သူတို့စိတ်ထဲမှာ ယူနိုက်တက်ဗင်းဂတ်မြုပ်သွားပြီလို့ ယူဆ လိုက်ပါတော့တယ်။ သင်္ဘောနဲ့အတူ လုပ်ဖော်ကိုင်ဖက် စက်ဆရာ Hameed တစ်ယောက်ကတော့ ရက်စက် ကြမ်းကြုတ်တဲ့ နက်ရှိုင်းခက်ထန်တဲ့ ပင်လယ်ကြီးရဲ့ အောက်တစ်နေရာမှာ ကျန်ရစ်နေခဲ့ပါပြီ။

မေလ ၁၄ ရက်နေ့မှာ ကပ္ပတိန်နဲ့ သူ့အဖွဲ့သားတွေ မဒရပ်မြို့ကို ရောက်ရှိခဲ့ကြပါတယ်။ ဒဏ်ရာရထား တဲ့သူတွေက Lady Willingdon Nursing Home ဆေးရုံတက်ကြရပြီး ကျန်သူတွေကတော့ Hotel Saver မှာ စခန်းချနားနေလိုက်ကြပါတယ်။ သီရိလင်္ကာနိုင်ငံသားဖြစ်တဲ့ ရေဒီယိုအရာရှိ ဟာမစ်က နောက်ရက်မှာပဲ ပြန်သွားခဲ့ပါပြီ။ အဖွဲ့ဝင် ၃၂ ယောက်လိုက်ပါလာခဲ့တဲ့ ပင်လယ်ရေကြောင်းခရီးစဉ်မှာ တစ်ယောက်နဲ့ သင်္ဘော တစ်စီးကတော့ ဘင်္ဂလားပင်လယ်အော်နဲ့ အက်ဒမန်အစပ်မှာ ဆက်လက်ခရီးဆက်နေဆဲ ဖြစ်ပါလိမ့်မယ်။ သူတို့အမြင်မှာတော့ သင်္ဘောကြီးဟာ နစ်မြုပ်ပျောက်ကွယ်သွားခဲ့သလို လုပ်ဖော်ကို်င်ဖက် သင်္ဘောသားဟာ လည်း နစ်မြုပ်သေဆုံးခဲ့ရပြီလို့ ယူဆနေပါလိမ့်မယ်။ သင်္ဘောသားဖြစ်သူဟာ သေသွားဖို့ ရာခိုင်နှုန်းအပြည့် ဖြစ်နေသလို တစ်ဖက်စောင်းနေတဲ့ မုန်တိုင်းကြားက ယူနိုက်တက်ဗင်းဂတ်လည်း မြုပ်သွားဖို့ သေချာနေခဲ့ပါ တယ်လေ။

မုန်တိုင်းမိတဲ့ ရက်ကိုကြည့်လိုက်တော့ မေလ ၉ ရက်လို့ ဆိုတာကြောင့် မြန်မာနိုင်ငံရဲ့ အထင်ကရ နာဂစ်မုန်တိုင်းတိုက်ခတ်ချိန်ကို သတိရမိပါသေးတယ်။ ၁၉၉၈ ခုနှစ် မေလ ၂ ရက်နေ့ပါ။ ကွယ်လွန်လေပြီး သော မိုးလေသဝသပညာရှင် ဆရာကြီးဦးထွန်းလွင်က မုန်တိုင်းတွေ လေဖိအားနည်းရပ်ဝန်းတွေ ဘင်္ဂလား ပင်လယ်အော်ထဲမှာ နှစ်စဉ် မေလအတွင်းဖြစ်ပေါ်လေ့ရှိတယ် ဆိုခဲ့ဖူးပါတယ်။ အင်္ဂလန်ရဲ့ပင်လယ်ကူးသင်္ဘော မုန်တိုင်းမိတာက ဆရာကြီးပြောတဲ့ မေလအတွင်းပါပဲ။ သင်္ဘောကပ္ပတိန်ဟာ လေဖိအားနည်းရပ်ဝန်းကို တိတိကျကျ သတင်းရပါလျှက်နဲ့ အရဲကိုးစွန့်စားလွန်းခဲ့ပါတယ်။ ကံကောင်းလွန်းလို့ တစ်ဖွဲ့လုံးအသက်မသေ ခဲ့ပေမယ့် သင်္ဘောတစ်စင်းနဲ့ လူတစ်ယောက်၊ တင်ဆောင်လာခဲ့တဲ့ ကုန်စည်တွေ အားလုံး ဆုံးရှုံးခဲ့ရပါပြီ။ ကပ္ပတိန်ဟာ သူ့သင်္ဘောနစ်မြုပ်ခဲ့ရတဲ့ နေ့ရက်နဲ့ နေရာအမှတ်အသားတွေကို ကုမ္ပဏီဆီ တင်ပြခဲ့ပါတယ်။ သင်္ဘောလိုင်းကလည်း သူတို့ရဲ့မိသားစုဝင်ဖြစ်တဲ့ MV. United Vanguard ကို နစ်မြုပ်စာရင်းထဲ ထည့်ပြီး စွန့်လွှတ်လိုက်ရပါတော့တယ်။

ဒါပေမယ့် သူတို့ထင်ထားသလို United Vanguard ဟာ နစ်မြုပ်မသွားခဲ့ပါဘူး။ မုန်တိုင်းကို မမှုဘဲ အံတုရင်ဆိုင်ပြီး ပိုင်ရှင်မရှိ မောင်းနှင်မဲ့သူမရှိဘဲ ဦးတည်ရာမယ့် ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။ အဲဒါကို သူတို့ ကုမ္ပဏီရော သင်္ဘောသားတွေရော မသိရှိကြပါဘူး။ တစ်စီးထဲ ဒါပေမယ့်သင်္ဘော ဆိုတဲ့အတိုင်း ဘင်္ဂလားပင်လယ်ကြောမှာ မိုးတွင်းတစ်တွင်းလုံးကို မျောချင်ရာမျောပါနေခဲ့ပါတော့တယ်။ သူ့ကို စွန့်ပစ်ထားခဲ့ တဲ့အတိုင်း ပင်လယ်ပျော်တဲ့ မုန်တိုင်းကြားက သတို့သမီးလေးဟာ ငါးလကျော် ခြောက်လကြာ၊ ရက်အားဖြင့် ရက်ပေါင်း ၁၈၀၊ ၂၀၀ နီးပါး တစ်စီးတည်း အဖော်မပါ မျောလွင့်နေခဲ့ရင်း မြန်မာနိုင်ငံ၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ အနောက်ကမ်းခြေက ပန်းမော်ကျေးရွာရဲ့ မျက်နှာစာ ပန်းကန်ကျွန်းဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ကမ်းကပ်ခဲ့ပါ တော့တယ်။

ပထမကတည်းက သူတို့သင်္ဘောရဲ့ ဦးတည်ချက်မှာ ဒူဘိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ ပုသိမ်မြို့လို့ ရည်ရွယ်ထားတဲ့အတိုင်း သူရောက်အောင်လာခဲ့ပါတယ်။ ဒဏ်ရာရထားတဲ့ သင်္ဘော ဘယ်ဘက်ခြမ်းကြောင့် ပုသိမ်မြို့တော်ဆီကို တည့်တည့်မရောက်နိုင်ခဲ့ပေမယ့် ပုသိမ်မြို့တော်အပိုင် ကျွန်းလေးတစ်ကျွန်းဖြစ်တဲ့ ပန်းကန်ကျွန်း ဆိုတဲ့ နေရာကို မဖြစ်ဖြစ်အောင် ဦးတည်နိုင်ခဲ့ပါတယ်။ ၂၅ နှစ်သမီးလေးရဲ့ နောက်ဆုံး လက်ကျန် အင်အားနဲ့ ရုန်းကန်ရင်း ကျွန်းအနောက်ဘက်က ကျောက်တန်းတွေ ရှိရာနေရာမှာ သူမ ခေါင်းချ နစ်မြုပ်ခဲ့ပါတော့တယ်။ သူမဟာ ကျွန်းအနောက်မှာ တစ်လခွဲတိတိ တည်တည်တံ့တ့ံ ရပ်ပြီးနေခဲ့ပါသေးတယ်။ အကြောင်းကတော့ သူမကိုယ်ပေါ်တင်ဆောင်လာတဲ့ ကုန်စည်တွေကို မျှဝေပေးခဲ့ချင်တဲ့ စေတနာ ရှိတာ ကြောင့်ပါ။ ဘာမှမရှိတော့တဲ့ နောက်ဆုံးအချိန်၊ သူ့အရေခွံတွေ သူ့အရိုးတွေကို အပိုင်းပိုင်းချိုးကြ ဖြတ်တောက် ကြတဲ့အချိန်တွေကိုလည်း သည်းခံငြိမ်သက်ပေးခဲ့ပြီးတဲ့နောက်မှာတော့ အားလုံးကို နူတ်ဆက်လို့ အနားယူခဲ့ ပါတော့တယ်။

အင်္ဂလန်က ပင်လယ်ကူးကုန်တင်သင်္ဘော ၂၅ နှစ်အရွယ် ယူနိုက်တက်ဗင်းဂတ် ပန်းကန်ကျွန်းကို ရောက်နေတာ နှစ်ပေါင်း ၄၀ ရှိခဲ့ပါပြီ။
ငြိ်မ်းချမ်းပါစေတော့ သတို့သမီးလေးရေ……။

(သင်္ဘောအကြောင်းရေးနိုင်ဖို့ သတင်းစာဟောင်းတွေ ဘာသာပြန်ပေး၊ သင်္ဘောကုမ္ပဏီနဲ့ အဆက်အသွယ် လုပ်မေးမြန်းပေးပြီး အင်တာနက်မှတ်တမ်းတွေ ဓာတ်ပုံတွေ ကူညီရှာဖွေပေးတဲ့ Wint Lwar Phyu ကို ကျေးဇူး အများကြီး တင်ရပါတယ်)

လင်းသူ

About The Author

greenness_mm

No Comments

Leave a Reply