သဘာဝမလွန်ပါစေနဲ့ဆောင်းရယ်
ဒီဇင်ဘာဆောင်းဆိုတော့ အေးစိမ့်လာတတ်တဲ့ ညတွေကို ဘယ်လိုမှ ငြင်းလို့မရဘူး။ရေနွေးပူပူ တစ်ခွက်ပြီးတစ်ခွက် သောက်ရင်းသာ အအေးဒဏ်ကို ရနိုင်သမျှ တွန်းလှန်နေခဲ့မိတယ်။ ဒါပေမဲ့လည်း ခဏပဲ နွေးသလို ခံစားလိုက်ရတယ်။ အေးစိမ့်လာတဲ့ ညအစိုင်အခဲကိုတော့ ဖျော်ချမပစ်နိုင်ခဲ့ဘူး။ ညဦးပိုင်းလောက်ကတည်းက အေးလာတဲ့ အအေးဓာတ်က ညနက်လာလေလေ အေးလာလေလေဆိုတော့ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့အတွက် မလွယ်ကူတော့။ဖျာကလည်း အေးစက်။ကိုယ့်ခန္ဓာက အသားတွေကလည်း အေးစက်။ဖတ်လက်စစာအုပ် ကိုင်ကြည့်တော့လည်း အေးစက်လို့နေတယ်။ဒီလိုနဲ့ပဲ အိပ်စက်ခြင်းဆိုတာထက် စာဖတ်ခြင်းဆီကိုသာ စိတ်က အမြဲ ရောက်နေခဲ့တယ်။စာအုပ်ရဲ့ မျက်နှာဖုံးနဲ့ နောက်ကျောဖုံး အေးစက်နေတာကိုတော့ သည်းခံနိုင်ပါတယ်။စာအုပ်ကိုင်ထားရင်းနဲ့ တစ်ခါတစ်ရံမှာ လက်တွေအေးစက်ထုံကျင်လာသလား ထင်မှတ်ရတယ်။စာအုပ်ကို ရင်ဘတ်ပေါ် ခဏတင်ပြီး လက်ဖဝါးနှစ်ဖက်ကို ဆုပ်လိုက်ဖြန့်လိုက်နဲ့ လက်ပူတိုက်ရပြန်တယ်။ဒါပဲ တက်နိုင်တယ်လေ။အတော်လေး နွေးလာတယ်ထင်တော့မှ စာအုပ်ကို ပြန်ကိုင်ဖတ်ဖြစ်တော့တယ်။
ပြီးခဲ့တဲ့ နွေရာသီတုန်းက ပူလောင်အိုက်စပ်ခဲ့တဲ့ ညတွေကို ပြန်သတိရမိတယ်။ပန်ကာလေက သိပ်အဆင်မပြေတော့ အိပ်ရာထဲမှာ ယပ်တောင်တစ်ချောင်း အမြဲဆောင်ထားခဲ့တယ်။စာဖတ်ရင်းနဲ့ ပူအိုက်လာရင် ယပ်တောင်ထခတ်လိုက်တယ်။ပြီးရင် ပြန်ဖတ်လိုက်နဲ့ပေါ့။စောင်ဆိုတာက အနားမှာမရှိ၊သတိမရ၊တစ်ခါတလေ ကန်ထုတ်ထားလိုက်တာများ ခြင်ထောင်နဲ့ဝေးကွာတဲ့ အပြင်ကမ္ဘာကို ရောက်လို့။ရေလည်း မကြာခဏ ထထသောက်ရသေးတယ်။တစ်ခါတလေမှာ ကိုယ်ပေါ်ကနေ ချွေးစတချို့တလေတောင် ကျနေတတ်သေးတယ်။အဲဒီအချိန်တုန်းကတော့ ဆောင်းရဲ့ အအေးဓာတ်ဆိုတာကို ပျော်ရွှင်ဖွယ်အိပ်မက်တစ်ခုအနေနဲ့ မက်လို့ကောင်းခဲ့တဲ့ အချိန်ပေါ့လေ။အေးချင်သလောက် အေးစမ်းပါပေါ့။လေးအေးအေး တိုးတိုက်သွားပုံတွေ၊လှပတဲ့ မြူနှင်းတွေ၊စောင်တစ်ထည်ရဲ့ အနွေးဓာတ်တွေဆိုတာဟာ အတော်လေးလှပတဲ့ အိပ်ရာဝင်ပုံပြင်တွေလို ဖြစ်နေခဲ့တယ်။ဒါပေမဲ့လည်း တကယ်တမ်းက ပူလောင်အိုက်စပ်နေခဲ့တဲ့ နွေညတွေပါပဲ။
အခုလို ဆောင်းညတွေထဲမှာတော့ ပူလောင်အိုက်စပ်တဲ့ နွေညတွေကို မတောင်းတမိတာက တွေးတောဖွယ်ရာတော့ကောင်းပါတယ်။ရေနွေးပူပူ တစ်ခွက်နှစ်ခွက်ကလွဲရင်ပေါ့။ပူလောင်အိုက်စပ်တဲ့ နွေညတွေတုန်းက အအေးဓာတ်ကို တမ်းတအိပ်မက်မက်ခဲ့မိတယ်။အေးစက်တဲ့ ဆောင်းညတွေကျတော့ ပူလောင်အိုက်စပ်ခြင်းကို မတမ်းတမိတာဟာ ဘာကြောင့်ပါလဲ။ဒါပေမဲ့လည်း မီးလှုံရတဲ့ အရသာကိုတော့ တစ်ခါတလေမှာ တောင်းတမိတယ်။တကယ်တမ်း ပြန်တွေးကြည့်ရင် ပူလောင်အိုက်စက်ခြင်းကို ပန်ကာတွေ၊အဲယားကွန်းတွေ၊ယပ်တောင်တွေနဲ့ အဆင်ပြေအောင် ဖြေရှင်းတတ်ကြပေမယ့် အေးစိမ့်နေခြင်းတွေကိုတော့ ရေနွေးပူပူသောက်ရုံ၊မီးလှုံရုံ၊နွေးစေတဲ့အရာတွေ ဝတ်ရုံကလွဲလို့ မတက်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ တစ်ခါတစ်ရံ ဘက်လိုက်တတ်တဲ့ စိတ်အခြေအနေက အေးစိမ့်တဲ့ ဆောင်းညတွေကို ခွင့်လွှတ်ပေးနေတတ်ပြီး၊ပူလောင်အိုက်စပ်တဲ့ နွေညတွေကိုတော့ အမြဲတမ်း မြည်တွန်တောက်တီးနေလေ့ ရှိတတ်ပါတယ်။အအေးဓတ်ကို ပိုသဘောတွေ့တဲ့ အခြေအနေလို့ ဆိုရမလိုပါပဲ။
တကယ်တမ်း ပြန်တွေးကြည့်ရင် အေးလွန်းရင်လည်း မခံနိုင်သလို၊ပူလွန်းရင်လည်း ဘယ်လိုမှ မခံနိုင်ပါဘူး။ဒါပေမဲ့လည်း ကမ္ဘာ့အနောက်ဘက်ခြမ်းက အအေးပိုင်းဇုံတွေထဲမှာ ရှင်သန်နေထိုင်ကြတဲ့သူတွေဆိုရင် ဘာတွေများ ပြောကြလေမလဲ။ဆီးနှင်းပြင်တွေကြား၊ရေခဲပြင်တွေကြား ရှင်သန်နေထိုင်ကြရတဲ့သူတွေဆိုရင် အအေးဓာတ်ထက် အပူဓာတ်ကို ပိုများနှစ်ခြိုက်ကြလေမလားလို့ တွေးမိတယ်။သူတို့က အရှေ့တိုင်းမှ မဟုတ်ကြတာပဲလေ။အဲဒီလိုဆိုတော့လည်း သဘာဝတရားဆိုတဲ့အရာဟာ ကျွန်တော်တို့အပေါ်မှာ ခံနိုင်ရည်ရှိအောင် နည်းမျိုးစုံနဲ့ စမ်းသပ်နေသလားလို့ ထင်မှတ်နေမိတယ်။ဒါပေမဲ့လည်း သဘာဝဟာ လွန်လာပြီဆိုရင်တော့ ဘယ်လိုဉာဏ်ရည်တွေနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါတွေဖြစ်ဖြစ် ခံနိုင်ရည်ရှိကြမှာ မဟုတ်ပါဘူး။ယပ်တောင်တွေ၊ပန်ကာတွေ၊အဲယားကွန်းတွေနဲ့ အစားထိုးလို့မရသလို၊ နွေးစေတဲ့အထည်တွေ၊ရေနွေးပူပူတွေ၊မီးလှုံခြင်းရသတွေနဲ့လည်း အစားထိုးလို့ မရနိုင်တော့ပါဘူး။နွေဟာ ကြည်နူးဖွယ် မဖြစ်လာနိုင်သလို၊ဆောင်းဟာလည်း နှစ်လိုဖွယ်မဖြစ်လာနိုင်တော့ပါဘူး။သဘာဝတရားက လွန်သွားခဲ့ရင်ပေါ့။
ဘသာဝလွန်နားအရောက်မှာ အတွေးကို ခဏရပ်ပြီး ဖတ်လက်စ စာအုပ်ကို ပြန်ကောက်ကိုင် ဖတ်နေလိုက်တယ်။စာအုပ်ထဲက ပူလောင်တဲ့ဘဝတွေ၊အခန်းဆက်အဖြစ်အပျက်တွေဟာ တစ်ခါတစ်ရံမှာတော့ ခန္ဓာကိုယ်ကို ဖိန်းခနဲ ရှိန်းခနဲ ဖြစ်သွားစေခဲ့တယ်။စာအုပ်ထဲက အဲဒီစကားလုံးတွေ၊စာသားတွေဟာ ဆောင်းရဲ့ အအေးဓာတ်ကို ထိုးဖောက်ဝင်ရောက်နေခဲ့တယ်လို့ ထင်မိတယ်။စာအုပ်ထဲ မျော်ပါသွားမိတဲ့ အခိုက်အတန့်တွေမှာပေါ့လေ။ဒါပေမဲ့လည်း ဒါတွေဟာ ခဏသာပဲ ကြာခဲ့ပါတယ်။အအေးဓာတ်ကို ပြန်သတိပြုမိတဲ့ အချိန်မှာ ဖက်လက်စစာအုပ်ရဲ့ မျက်နှာဖုံးနဲ့ နောက်ကျောဖုံးကတော့ အေးစက်သထက် အေးစက်နေခဲ့ပြန်ပြီ။ခန္ဓာကိုယ်က စောင်ကိုတော့ ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် အမြဲဂရုစိုက်နေခဲ့ရတယ်။တစ်ထပ်မရရင် နောက်ထပ်စောင်တစ်ထပ်ပေါ့လေ။အဲဒီအချိန်မှာ နွေကာလရဲ့ ပူလောင်အိုက်စပ်ခြင်းကိုတော့ မတမ်းတမိပါဘူး။ကျွန်တော်တို့ စိတ်တွေက ဘက်လိုက်တတ်တယ်လေ။စောစောက သောက်လက်စ ရေနွေးခွက်ကိုတော့ သတိရတာနဲ့ ထပ်ပြီး မော့သောက်လိုက်မိတယ်။ရေနွေးဟာ ပါးစပ်ထဲမှာ ကျဉ်တက်သွားခဲ့တယ်။ညကလည်း အတော်နက်နေခဲ့ပြီ။ဒီဇင်ဘာလေ။
ပြည်သစ်ဟန်
No Comments