ရေဇလာသင်ဖျာခင်းရင်ပေါ့
(၁)
ကဆုန်နွေ၏ အပူဓာတ်ထံ၌ ဝန်းကျင်တခွင်သည် နွေငွေ့များယှက်သန်းပျော်ဝင်ကာဖြင့် အခိုးထတောက်လောင်လျက်ပင်ရှိပါ၏။ ရာသီစက်ဝန်းကား တရွေ့ရွေ့ဖြင့် သဏ္ဟာန်ရောရုပ်အားဖြင့်ပါ ရွေ့ဆိုင်းပြောင်းဝင်လျက်ပင်ရှိလေသည်။ နွေတစ်ခင်း၏ အပူထံဝယ် ငွေ့ရည်ဖွဲ့သီမိသော နယုန်မိုးပြေး တပြိုက်နှစ်ပြိုက်ကား အနောက်တောင်လေရူးကလေးများ မြူးထူးကြည်စယ်ခိုက်တွင် မိုးဖွဲမိုးစက်များအဖြစ် လောကတခွင်လုံးအားဖုံးအုပ်ခြုံလွှမ်းလျက်ပင်။ နယုန်မိုးတို့ကား ကန်သင်းရိုတခိုဝယ် ငုပ်လျှိုးအိပ်မောကျလျက်ရှိသော မြက်ရင့်အိုတို့အား မြက်နုငယ်များအဖြစ် ပုတ်နိုးအသက်သွင်းပေးခဲ့လေပြီ။ နယုန်မိုးပြေးထံ၌ မြက်သားမွေးခဲ့သော ဆေးရေးသည် တုပခြယ်သလို့ ရစကောင်းပါရဲ့လား။ နယုန်လလွန်၍ ဝါဆိုလသို့ကူးပြောင်းရောက်ရှိလာပြီဆိုပါလျှင် လယ်ကန်သင်းရိုးတခိုဝယ် မြက်စိမ်းစိုစိုများနှင့် ရေတဖွေးဖွေးလယ်ပြင်သည် လိုက်ဖက်ထောင့်ချိုးလေးအနေဖြင့် သဘာဝအလှကိုခြယ်မှုန်းပြသလျက်ပင်ရှိ၏။
ရွာပတ်ဝန်းကျင်တခိုက လယ်တခွင်မှာ ရေဖွေးပြီဆိုပါလျင် “ကိုသာအေး”တယောက် ခြေဖဝါး၊လက်ဖဝါးများ ယားယံလာခဲ့ပါပြီ။ သင်္ဘောစင်ပေါ်မှာတင်ထားသော ပိုက်အမျိုးမျိုး၊မြှုံးအမျိုးမျိုး၊ဇကာအမျိုးမျိုးတို့ထံ တချက်စိုက်ကြည့်မိချိန်ရင်း ငါးပတ်၊ငါးစင်ရိုင်း၊ကကတစ်၊ကသားပိုးငါးတို့၏ ဗိုက်သား ဖွေးဖွေးများအား အတွေးထဲမြင်ယောင်လာပါတော့တယ်။(သင်္ဘောစင်ဆိုတာ အိမ်တစ်လုံးရဲ့ခေါင်မကြီးအောက်မှာ ထပ်ခိုးပုံစံလေးလုပ်ပြီး လယ်လုပ်ငန်း၊ရေလုပ်ငန်းသုံး ပစ္စည်းများထားရှိတဲ့စင်ကိုဆိုလိုတာပါ) “ကိုသာအေး”က တံငါသည်တယောက်ပါ။ ဒီနယ်တကြောမှာတောင် တံငါလုပ်ငန်းက ပုံစံအမျိုးမျိုးရှိကြပါတယ်။ လုပ်ကိုင်ရပုံပေါ်မူတည်ပြီး အမျိုးမျိုးခေါ်ဝေါ်ကြပါသေးတယ်။ ရေလုပ်ငန်း(တံငါလုပ်ငန်း)လုပ်ကိုင်ခြင်းမှာ အမျိုးအစား အကွဲကွဲအပြားပြားရှိကြတာပေါ့။ ငွေပင်ငွေရင်းစိုက်ထည့်ကာ ချောင်းမကြီးကို လေလံစွဲကာလုပ်ကိုင်တဲ့သူတွေ၊ စက်လှေထောင်ပြီး ပင်လယ်ဆင်းနိုင်သူတွေကိုတော့ ယဉ်ယဉ်ကျေးကျေးနဲ့ ရေလုပ်ငန်းရှင်လို့ပဲသုံးကြပါတယ်။ ရေလုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်ပြီး ရေထွက်ပစ္စည်းများဖြစ်တဲ့ ငါး၊ပုစွန်၊ဂဏန်းဝယ်ယူတဲ့ ရေထွက်ပစ္စည်းရောင်းဝယ်ရေး ဒိုင်ဆိုတာကလည်း ရေလုပ်ငန်းမှာ အရေးကြီးသော အစိတ်အပိုင်းတခုအဖြစ် ပါဝင်ပါတယ်။ ဒိုင်မှာတောင် သုံးမျိုးထပ်ရှိပါသေးတယ်။ ပင်ရင်းဒိုင်(သူက အများအားဖြင့် မြို့ပေါ်မှာ အခြေစိုက်ထားတာပါ)။ လက်ခွဲဒိုင် (သူက တိုက်နယ်ရွာကြီးတွေမှာ အဓိက အခြေချပါတယ်။ ကိုယ်ပိုင်ငွေရင်းလည်းပါသလို၊ မြို့ပေါ်ကဒိုင်ကြီးများရဲ့ ကြိုပေးငွေကိုရယူပြီး သတ်မှတ်ထားတဲ့ အချိန်အတိုင်း ငါး၊ပုစွန် ပြန်သွင်းပေးရတာပါ)။ လက်ခွဲအခြေဒိုင်( သူကတော့ တိုက်နယ်ရွာတွေရဲ့ လက်အောက်မှာရှိတဲ့ ရွာတွေမှာရှိတာပါ။ လက်ခွဲဒိုင်က တဆင့်ပြန်ချပေးခံထားရသူတွေပါ)။
“ကိုသာအေး”က အထက်ပါအုပ်စုတွေထဲမှာ မပါဝင်ရှာပါဘူး။ ” ကိုသာအေး”တို့က တံငါအလွှာရဲ့ အောက်ဆုံးအတန်းမှာရှိနေကြသူတွေပါ။ သို့ပေမယ့် အထက်ပါအုပ်စုတွေထဲက လက်ခွဲဒိုင်ဖြစ်စေ၊လက်ခွဲအခြေဒိုင်ကိုဖြစ်စေ အားကိုးအားထားပြုရရှာတဲ့ တံငါသည်တစ်ဦးပါ။ ရေလုပ်ငန်းရာသီမစခင်ကတည်း ငါးပေး၊ပုစွန်ပေးနဲ့ ငွေကိုကြိုယူရပါတယ်။ ရလာတဲ့ငွေထဲက တဝက်လောက်က လိုအပ်တဲ့ငါးဖမ်းပစ္စည်းတွေဝယ်ဖြည့်ရပါတယ်။ ငါး၊ပုစွန်ရလာချိန်မှာ အမြင့်စျေး၊အနိမ့်စျေး ဘယ်လိုစျေးပဲပေါက်နေပါစေ။ ငွေယူစဥ်တုန်းက သတ်မှတ်ထားသောစျေးနဲ့သာ ပုံသေပြန်သွင်းရတာပါ။ အဲဒီအတွက် လုပ်အားနဲ့ထိုက်တန်တဲ့ငွေကိုရသလားဆိုပြန်တော့လဲ မရဘူးလိုပဲဆိုရမှာပါ။ ဒီလိုအခြေအနေကို ငြင်းဆန်နိုင်သလားဆိုတော့လည်း မျက်စိစုံမှိတ်လက်ခံလိုက်ရရုံမှတပါး အခြားမရှိရှာကြပါဘူး။ ကိုသာအေးက တံငါသည်အလွှာရဲ့အောက်ဆုံးမှာရှိနေတဲ့ ကပ်ပါးတံငါသည်ပါ။ ကိုယ်ပိုင်ငွေပင်ရင်းလည်း မရှိရှာသလို၊ ယုံယုံကြည်ကြည်စိုက်ထုတ်ပေးမယ့် ငွေရှင်လည်းမရှိပါဘူး။ အဲဒီအတွက် ကိုသာအေးတို့လို အောက်ဆုံးအလွှာ တံငါသမားတွေခင်မျာ ရိုးတိုကလေးတချို့ရယ် လယ်ရေလျှံလာချိန်လေးရယ်သာ အလုအယက်လုပ်ကိုင်ရင်း စားပေါက်စားလမ်းရတဲ့ တံငါရာသီလို့သာသတ်မှတ်နေရပါတယ်။ လယ်ရေလျှံချိန်ဆိုရင် လယ်ရှင်တွေမငြိုငြင်အောင် တဖက်တလမ်းကဝင်ကူပေးပြီးမှ ပိုက်ချရတာပေါ့။ ပိုက်ဆိုပေမယ့် ချောင်းမကြီးထဲချထားရတဲ့ ပိုက်ကြီးတော့မဟုတ်ဘူးပေါ့။ လယ်ထဲချရတဲ့ အနံတစ်ထွာစွန်းစွန်း၊ အလျားပေသုံးဆယ်သာသာရှိတဲ့ပိုက်ကလေးပါ။ ပိုက်ကြိုးကလေးက မြင်တွေ့နေကြ အမည်းရောင် ၂၅၊၅၀၊၇၅၊၉၀ဆိုဒ် ကြိုးတွေနဲ့ထိုးထားတာမဟုတ်ပါဘူး။ ကြိုးပျော့အပါး အဖြူထည်တွေပါ။ ကပ်ပါးတံငါသည်ဆိုတာ တနေကုန်တနေခန်း ရေထဲမိုးထဲကုန်းရုန်းလုပ်ကိုင်နိုင်မှသာ တဝမ်းတခါး လှရတဲ့ဘဝပါ။
ရေထရက်တွေကတော့ ကိုသာအေးအတွက် အလုပ်များတတ်သလို စို့စို့ပို့ပို့လေးရတဲ့ရက်တွေပါ။ ဒီရေထရက်ဆိုတာကလည်း ဘာရှိတာမှတ်လို့။ တစ်မိုးလုံးနေမှ ရေထရက်က (၆)ရက်လောက်သာရှိတာပါ။ စစ်စစ်ပေါက်ပေါက်ရေကြည့်ရင် ဂျွန်လနှစ်ကြိမ်၊ဂျူလိုင်လနှစ်ကြိမ်၊သြဂုတ်လနှစ်ကြိမ် ဒါပဲရှိတာပါ။ စက်တင်ဘာလဆို ချောင်းရေက လယ်ပေါ်မရောက်တော့ဘူး။ စပါးတွေက အောင်ရေရနေပြီ ။ ချောင်းမကြီးက ခွဲထွက်လာတဲ့ ရိုးကို တာပိတ်လိုက်ရပါပြီ။ ကျန်တဲ့လတွေကတော့ ရိုးထဲ မြှုံးချ၊ငါးရှဉ့်ထိုး၊ တန်းခတ် ချောင်းမကြီးရဲ့သတ်မှတ်နေရာတွေမှာ တနေကုန် ကွန်ကြဲနဲ့ပစ်ရုံပါပဲ။ ဒီနေရာမှာ ဗဟုသုတအနေနဲ့ပြောရပါဦးမယ်။ မြစ်ထဲမှာဆိုရင် ရေတက်ချိန်မှာပိုက်ချရပါတယ်။ ချောင်းကတော့ မြစ်နဲ့ပြောင်းပြန်ပါပဲ။ ရေလည်ချိန်ရောက်မှသာ ပိုက်စတင်ချရပါတယ်။ ရေလည်တယ်ဆိုတာက ရေကျဖို့ပြင်နေချိန်ပါ။ ဒီရေက ရှေ့ကိုဆက်မတိုးတော့ပဲ တန့်သွားချိန်ပေါ့။ ရေတန့်သွားတာကို ဘယ်လိုသိသလဲဆိုတော့ ချောင်းရဲ့ကမ်းနဖူးနှစ်ဖက်အောက်ကရေပြင်ကိုကြည့်ပါ။ ရေက ရှေ့ကိုဆက်မတိုးတော့ပဲ နောက်ပြန်ဝိုက်လည်နေတာပါ။ ဒါကို ရေလည်တယ်လို့ ခေါ်ပါတယ်။ ရေလည်ပြီး (၁၅)မိနစ်လောက်ကြာရင် ရေကျပါပြီ။
တံငါလုပ်ငန်းမှာတော့ အထက်ပိုင်းရောက် ငွေရှင်ကြေးရှင်များက နှစ်စဉ်နီးပါးလောက် အမြတ်အစွန်းရကြပါတယ်။ စီးပွားဥစ္စာက ဒီရေအလားတရှိန်ထိုး တိုးတက်ပွားများလျက်သာပေါ့။ “ကိုသာအေး” တို့လို့ ကပ်ပါးတံငါသည်တွေအဖို့ နတ်ကောင်းနတ်မြတ်များစောင့်မလို့ ရေထရက်တခွင်မှာ ငါး၊ပုစွန်အမိအရများမှသာလျှင် လူမွေးလူတောင်ပြောင်နိုင်တဲ့ ဘဝကိုရပါလိမ့်မယ်။ သို့ပေမယ့် အတောမသတ်နိုင်တဲ့ လူသားရဲ့လောဘတရားအပေါ် သဘာဝတရားကြီးက ဒဏ်ခတ်လိုက်ပါတယ်။ နှစ်စဉ်တိုင်းလိုလို ဆုတ်ယုတ်ခြင်းထံမှာ နစ်မွှန်းနေဆဲပင်ဖြစ်ကြောင်း မသိရှိနိုင်ခဲ့ခြင်းများကား ဝမ်းနည်းဖွယ်ရာဖြစ်ရပ်များသာဖြစ်လာရပါတော့တယ်။
ကေဇော်မိုး
#ရေဇလာသင်ဖျာခင်းရင်ပေါ့… စာအုပ်မှ ကူးယူဖော်ပြပါသည်။
No Comments