ရေဇလာသင်ဖျာခင်းရင်ပေါ့- ၂
(၂)
ဂိမှာန်ရာသီ၏ ခြောက်သွေ့ညှိုးရော်ခြင်းအပေါ်ဝယ် ဝါဆိုမိုးကား အငြိုးထားခဲ့လေရော့သလားမသိ။ လေရောမိုးပါအပြိုင် သည်းသည်းမည်းမည်းရွာသွန်းလျက်ပင်ရှိပါသည်။ မုန်တိုင်းဝင်ခြင်းမဟုတ်သော်လည်း မုတ်သုံမိုးကား အထူးအားကောင်းနေသော အခြေအနေတစ်ရပ်ပင်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်တခွင်သည် သည်းသည်းမည်းမည်းရွာချနေသောမိုးရေစက်လက်များကြားတွင် မပီဝိုးတဝါး ရှူ့ခင်းကိုရေးသားခြယ်သလျက်ပင်ရှိပါသည်။ အချိန်ကား နံနက်ငါးနာရီအစွန်းထွက်ပြုစ အခါကာလပင်။ အရှေ့ကျောင်းထံမှ ထွက်ပေါ်လာခဲ့သော အုန်းမောင်းသံအောက်ဝယ် ကိုသာအေးတစ်ယောက် အိပ်ရာမှနိုးလာခဲ့ပါပြီ။ မနိုးလို့လဲ မဖြစ်ဘူးလေ။ မိသားစုတာဝန်ဝတ္တရားဆိုသော စေ့ဆော်မှုက အသိစိတ်ကို အုပ်စိုးမင်းမူထားလို့ပါ။ ကိုသာအေးခင်မျာ အပျင်းဆန့်မနေအားရှာပါဘူး။ အလျင်အမြန်ပဲ အိပ်ရာကထလိုက်ရပါတယ်။ ညဦးပိုင်းကတည်းက ရိုးထဲမှာထောင်ထားတဲ့ ယင်းတွေဖော်ရပါဦးမယ်။ တောသူတောင်သား ကပ်ပါးတံငါသည်များအတွက်တော့ အလုပ်ကိုလက်နဲ့မပြတ်အောင်ဇယ်ဆတ်သလို လုပ်ကိုင်ဖြစ်မှသာလျှင် ဝမ်းဝရမယ့်ဘဝတွေပါ။ အချိန်သည် အဖိုးမဖြတ်နိုင်သော ရတနာဆိုတဲ့ ဆိုရိုးစကားကို ကိုသာအေးနားမလည်ပါ။ ဒါပေမဲ့ ဘဝနဲ့ယှဥ်ပြီး ရရှိခဲ့သောအသိက အလုပ်ကိုအမြဲမပြတ် ကြိုးစားပန်းစားလုပ်ကိုင်ဖို့ဆိုတာကိုပါပဲ။ အလုပ်လုပ်မှသာ ဝမ်းရေးအဆင်ပြေမယ်ဆိုသော အခြေခံအသိက နှလုံးအိမ်မှာ အရိုးစွဲနေအောင်ထိုးနှက်ထားသော တက်တူးတစ်ခုလိုပါပဲ။
“ခင်ဝင်းရေ ငါယင်းသွားဖော်လိုက်ဦးမယ်။ ချက်စရာ ဆန်နည်းနေရင် ယင်းဖော်ပေးနဲ့ မကုလားမဆိုင်မှာ သွားယူထားလိုက်ပါ။”
“တော်သာ သွားစရာရှိတာသွားပါ။ အိမ်ကိစ္စ ကျွန်မလုပ်ထားပါ့မယ်။”
အိပ်ပျော်နေဆဲဖြစ်သော ဇနီးဖြစ်သူ `မခင်ဝင်းကို နှိုးကာ ယင်းဖော်သွားဖို့အသိပေးရပါတယ်။ မိုးနဲ့လေနဲ့မို့ ပင်ပန်းနိုင်သော်လည်း ယင်းထဲငါးကျများနိုင်သော
မက်လုံးတစ်ရပ်ကလည်းရှိနေသေးတော့ မဖြစ်မနေထွက်ရတာပေါ့။ မိုးကောင်းရင် ငါးကျကောင်းတယ်ဆိုတဲ့ သဘာဝတရားကြီးရဲ့ လက်ဆောင်ကလဲ ရှိပါသေးတယ်။ အရှေ့ကွင်းလယ်ထဲသို့ အနီးဆုံးအိမ်ဝိုင်းမှ ဆင်းကာ ကန်သင်ရိုးတလျောက် ခတ်သုတ်သုတ်ကလေးလျှောက်လာရပါတယ်။ ခနော်နှီခနော်နဲ့ စစ်မိုးကာကလေးကား ဝါဆိုမိုးကို လုံခြုံစွာတားဆီးပေးခြင်းငှာ မစွမ်းသာပါဘူး။ ခဏခြင်းမှာတင် တစ်ကိုယ်လုံး ရွှဲစိုသွားခဲ့ပါတယ်။ အရည်ပြားတလျောက် ကျရောက်ထိတွေ့လာသော ချမ်းစိမ့်စိမ့် မိုးရေစက်လက်များကို အမှုမထားဘဲ ဆက်လျှောက်လာခဲ့ရပါတယ်။ ကွင်းပြင်ကျယ်ကြီးတလျောက်မှာတော့ လေရောမိုးပါ အုံနဲ့ကျင်းနဲ့ကို ဆင်းချလာခဲ့ပါတယ်။ ကောက်ပင်ပျိုလေးများက လေထဲယိမ်းနွှဲ့လှုပ်ရှားကခုန်ရင်း ကျောခိုင်းရာနောက်ကွယ်အရပ်၌ တိတ်တဆိတ် ကျန်ရစ်လို့နေဆဲပင်။ လယ်စောင့်တဲကလေးတွေကလည်း မိုးနဲ့လေကြားထဲ ပျပျဝပ်ဝပ်ကလေး တိတ်ဆိတ်ငြိမ်သက်လျက်သာပေါ့။ ပုံမှန်အချိန်များဆိုပါရင် တဲဘေးနားလူရိပ်လူယောင်မြင်ရုံနဲ့တင် ထိုးဟောင်တတ်သောခွေးသံနဲ့တပြိုင်နက်တည်း ထတွန်တက်တဲ့ကြက်သံတောင်မကြားရအောင် မိုးကကောင်းလွန်းနေတာပါ။
ရိုးဘေးကိုရောက်လို့ ယင်းရဲ့ကတွတ်ပေါက်ကိုကြည့်ခိုက်မှာတင် ယင်းထဲဆင်းနေဆဲ ငါးအုပ်ကိုတွေ့တော့ ကိုသာအေးတစ်ယောက်ပြုံးမိပါတယ်။ တံငါသမားတစ်ယောက်ရဲ့ အကြည့်စူးစူးမှာ ငါးအုပ်လိုက် အထင်းသားဆင်းနေမှုကို မြင်ရတော့ အပင်ပန်းခံရကြိုးနပ်ပြီဆိုတဲ့ အပြုံးမျိုးပါပဲ။ ဒီနေရာမှာ ယင်းဆိုတဲ့ အသုံးအနှုန်းလေးကို ရှင်းပြပါ့မယ်။ ယင်းဆိုတာ ဝါးနဲ့လုပ်ထား ဝါးချောင်းငယ်ကလေးများကိုစုစည်းလိပ်ထားသောပုံစံမျိုးလေးပါ။ နေကာယင်းလိပ်တွေကိုမြင်ဖူးကြမယ်ထင်ပါတယ်။ အဲဒီယင်းလိပ်တွေထက််ပိုကြီးပြီးပိုစိပ်ရပါတယ်။ ရိုးတလျောက်က ယင်းထောင်ဖို့သတ်မှတ်ထားတဲ့နေရာတစ်ခုမှာ ယင်းချရပါတယ်။ ဘယ်လိုချသလဲဆိုတော့ ရိုးကိုကန့်လန်ဖြတ်ပြီး ကတွတ်ပေါက်စဖော်ရပါမယ်။ ရိုးရဲ့ရေအတိမ်အနက်အလိုက် ကတွတ်ပေါက်ကို တွက်ချက်လုပ်ကိုင်ရပါတယ်။ရိုးကလေးပေနက်တယ်ဆို ကတွတ်ပေါက်က လေးပေခွဲဖြစ်ရပါမယ်။ရိုးရဲ့ရေထဲမှာကန့်လန့်ဖြတ် ယင်းလိပ်လေးပေဝန်းကျင်မြှုပ်ထားရပြီး အပေါ်ကဝါးတန်းတစ်ခုခံပေးရပါတယ်။ ဒါကို ကတွတ်ပေါက်လို့ခေါ်ပါတယ်။ ဝါးတန်းကိုဖိချလိုက်တဲ့အခါ ယင်းက ရေအောက်ရောက်သွားပါတယ်။ အဲဒီအပေါ်က ငါးဖြတ်သွားရုံပါပဲ။ ကတွက်ပေါက်ရဲ့ ခပ်လှမ်းလှမ်းသတ်မှတ်နေရာတစ်ခုမှာ အပိတ်ယင်းကိုကာပေးရပါတယ်။ အပိတ်ယင်းနဲ့ကတွက်ပေါက်ကယင်းလိပ်က တဆက်တည်းဖြစ်နေရပါတယ်။ ကတွက်ပေါက်ကိုဖွင့်ထားချိန်မှာ ငါးဝင်လာပါတယ်။ ယင်းဖော်မယ့်အချိန်မှာ ကတွတ်ပေါက်ကိုပိတ်လိုက်ရုံပါပဲ။ ကတွက်ပေါက်ပိတ်တယ်ဆိုတာကလည်း တခြားမဟုတ်ပါဘူး။ ရေထဲမြှုပ်ထားတဲ့ ဝါးတန်းကိုဆွဲမပြီး ထောက်တံထောက်ပေးထားရုံပါ။ ဝါးတန်းကိုမယူလိုက်တဲ့အတွက် သူနဲ့တွဲဆက်ထားတဲ့ ယင်းကရေပေါ်ပေါ်လာပါတယ်။ ရေဖြတ်ပြီးစီးသွားရုံကလွဲရင် ငါး၊ပုစွန် အဝင်အထွက်လုပ်လို့မရတော့ပါဘူး။ ပိတ်မိသွားတဲ့ ငါး၊ပုစွန်တွေက ကတွက်ပေါက်ကထွက်မရတော့တဲ့အခါ ယင်းအဆုံးဖက်ကို ကူးခတ်သွားကြပါလေရော။ ယင်းအဆုံးမှာလဲ ထွက်ပေါက်မရှိတော့ဘဲ တဝဲလည်လည်ဖြစ်နေတုန်း ယင်းဖော်ပြီး ဖမ်းယူရုံပါပဲ။
မိုးက တဖြည်းဖြည်းနှင့်စဲခဲ့လေပြီ။ မိုးစဲနေကလေးကလည်း လယ်ကွင်းအရှေ့ဖျားကန်သင်းစပ်ထက်ဝယ် ပွင့်အန်စပြုလာခဲ့ပါတယ်။ အလင်းနုအေးကလေးများကား ကွင်းပြင်တလျောက်နှင့်ရိုးကလေးအပေါ်သို့ စွေစောင်းဖြာဆင်းလျှက်ပင်ရှိပါသည်။ နံနက်ခင်းပျိုကလေးထံမှ တသုတ်သုတ်တဖွဲဖွဲတိုက်ခတ်လာသော လေနုအေးကလေးများသည် ကိုသာအေး၏ အာရုံအားလန်းဆန်းစေခဲ့ပါပြီ။ ချမ်းစိမ့်လှိုက်တုန်ခြင်းမှ အနည်းငယ်သက်သာစေသောငှာ ဆေးပေါ့လိပ်ကို မီးညှိကာ ခပ်ပြင်းပြင်းလေး ဖွာရှိုက်လိုက်ရပါတော့တယ်။ လယ်စောင့်တဲကလေးများထံမှ မီးခိုးငွေ့တချို့ ကျွဲဟီသံ၊ကြက်သံ၊လူသံတို့ဖြင့် နံနက်ခင်းတစ်ခုအား တောအလှ၊တောဓလေ့ဖြင့် ကြိုဆိုနေလျက်ပင်ရှိပါသည်။ ယင်းဖော်ရာမှ ရရှိလာခဲ့သော ငါး၊ပုစွန်များကား ပုလိုင်းတစ်လုံးပြည့်ရုံတင်မကဘဲ သီတံနှင့်ပါတွဲသီထားရပါတယ်။ ဝေလီဝေလင်းကတည်းက မိုးထဲလေထဲဝယ် အနားမယူနိုင်ရှာသော ကပ်ပါးတံငါသည် ကိုသာအေးတစ်ယောက် အိမ်အပြန်မျက်နှာပန်းလှခဲ့ပါပြီ။ အိမ်သူသက်ထား `မခင်ဝင်းရဲ့ ရွှင်ပြုံးပပအပြုံးအလှမျက်နှာတော်နှင့် ရင်နှစ်သည်းညှာသားလှရတနာနှစ်ဦးရဲ့ ရယ်သံလွင်လွင်ကလေးများက စွမ်းအားပြည့်ဗိုက်တာမင်ဆေးတစ်ခွက်သာဖြစ်ကြောင်း တင်စားမိတယ်ဆိုရင် လွန်လွန်းတယ်လို့ထင်ကြမလားပဲ။
ကေဇော်မိုး
#ရေဇလာသင်ဖျာခင်းရင်ပေါ့… စာအုပ်မှ ကူးယူဖော်ပြပါသည်။
No Comments