ရေကြီးမှ လှေလိုက်ရှာနေလို့မရတော့တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည်” တဲ့။ “ အပ်ဖြင့် ထွင်းရမည့် ကိစ္စကို ပုစိန်ဖြင့် မပေါက်ရစေနှင့်” တဲ့။ ဒီစကားတွေကို စာရေးသူ အကြိမ်ကြိမ် ကြားခဲ့ဖူးခဲ့သလို လူတော်တော် များ များလည်း ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် လိုက်နာ ဆောင်ရွက်မှု အပိုင်းမှာတော့ အားနည်းခဲ့တယ်။ ကြိုတင် ကာကွယ်ဖို့ မေ့လျော့ခဲ့တဲ့အတွက် အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုစိန်နဲ့ပေါက်ခဲ့ကြရတယ်။ မဆုံးရှုံးသင့်တာတွေကို ဆုံးရှုံးခဲ့ရတယ်။ အချိန်၊ ငွေနဲ့ လူ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတယ်။ အဲဒီလို ပျက်စီးဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီး ကြိုတင်ကာကွယ်မှုတွေ စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်နေကြပြီလား။ ဒီနေရာ မှာ စာရေးသူနဲ့ နီးစပ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် တီးခေါက်ကြည့်ချင်ပါတယ်။
စာရေးသူတို့ ခပ်ငယ်ငယ်က နေထိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံဟာ သာမန်ဖြစ်ပွားနေကျ သဘာဝဖြစ်စဉ်တွေ ကလွဲရင် ဘေးအန္တရာယ်လို့ ပြောပလောက်တဲ့ သဘာဝဘေးအန္တရာယ်မျိုး မဖြစ်ပွားခဲ့တဲ့ နိုင်ငံပါ။ သူများနိုင်ငံ တွေမှာ ငလျင်လှုပ်၊ မုန်တိုင်းတိုက်၊ ရေကြီး၊ မြေပြို၊ တောမီးလောင်၊ ဆူနာမီဖြစ် အစရှိတဲ့ သဘာဝဘေး အန္တရာယ်တွေကြောင့် လူ့အသက်တွေ ဆုံးရှုံး၊ တိုက်တာ အိုးအိမ်နဲ့ အသုံးဆောင် ပစ္စည်းတွေ ပျက်စီးခဲ့ရတယ်။ အဲဒီဖြစ်စဉ်တွေကို စာရေးသူတို့က နိုင်ငံတကာ သတင်းတွေမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး သူတို့အတွက်လည်း စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ သူတို့ ဘေးအန္တရာယ်ကင်းဖို့လည်း ဆုတောင်းပေးခဲ့ဖူးတယ်။ ဒါပေမယ့် “ငါတို့ နိုင်ငံမှာ အဲဒီလို ဘေးအန္တရာယ်တွေ ဖြစ်ပွားခဲ့ရင်” ဆိုတဲ့ အတွေးမျိုး မရှိခဲ့ဖူးဘူး။ ကိုယ့်နိုင်ငံမှာ အဲဒီလို ဘေး အန္တရာယ်မျိုးတွေ ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူးလို့လည်း တွေးထင်ခဲ့မိတယ်။ တကယ်လည်း စာရေးသူတို့ နိုင်ငံဟာ အဲဒီတုန်းက သဘာဝဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွားမှ မကြုံတွေ့ခဲ့ရဖူးတာလေ။
ဒါပေမယ့် ဆယ်စုနှစ် နှစ်ခုနီးပါး ဖြတ်သန်းခဲ့ပြီးနောက် စာရေးသူ တွေးထင်ခဲ့မှုတွေဟာ မှားယွင်း ကြောင်း ပေးဆပ်မှုတွေ များစွာနဲ့ ထိတ်လန့်တကြား သိခွင့်ရလိုက်တယ်။ ၂၀၀၈ ခုနှစ် မေ ၂ ရက်၊ အဲဒီနေ့က နာဂစ်လို့ ခေါ်တဲ့ မုန်တိုင်း သဘာဝဘေးဟာ မြန်မာနိုင်ငံကို ကောင်းကောင်း ပညာပြခဲ့တယ်။ နာဂစ် သဘာဝ ဘေးရဲ့ ပညာပြမှုမှာ မြန်မာပြည်သူပြည်သား တစ်သိန်းလေးသောင်းနီးပါး အသက်ဆုံးရှုံးခဲ့ရတယ်။ အိမ်ရာ အဆောက်အအုံပေါင်း ခုနစ်သိန်းခွဲလောက် ပျက်စီးဆုံးရှုံးခဲ့ရတယ်။ လူပေါင်း ၁၁ သန်းကျော် ထိခိုက်ခဲ့ရတယ်။ မြန်မာငွေကျပ် ၁၂ ထရီလီယံကျော် ဆုံးရှုံးခဲ့ရတယ်။ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့၊ မိသားစုမဲ့ပြီး အနာဂတ်တွေ ပျောက်ဆုံးခဲ့ရတယ်။ အဲဒီမှာပဲ မြန်မာနိုင်ငံရဲ့ နာဂစ် သဘာဝဘေးဟာ ကမ္ဘာပေါ်မှာ ပျက်စီးဆုံးရှုံးမှုနဲ့ အသေ အပျောက်အများဆုံး စာရင်းမှာ နံပါတ် ၈ အဆင့် ဖြစ်ခဲ့ရတယ်။
တကယ်တော့ စာရေးသူတို့ ကမ္ဘာသူ ကမ္ဘာသားတွေဟာ အိမ်ကြီးတစ်လုံးထဲမှာ အတူနေရတဲ့ မိသားစု ဝင်တွေ ဖြစ်တယ်ဆိုတာကို စာရေးသူတို့ မေ့နေခဲ့ကြတာပါ။ အဲဒါကြောင့် “သူတို့နိုင်ငံမှာ ဖြစ်နေတာပဲ၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ” လို့ ထင်ခဲ့ကြတယ်။ အဲဒီအတွက် “ငါတို့ဆီမှာ ဖြစ်လာခဲ့ရင်” ဆိုတဲ့အတွေးနဲ့ ကြိုတင်ပြင်ဆင်ခဲ့ တာမျိုး မရှိခဲ့ဘူး။ ကြိုတင်ပြင်ဆင်မှု မရှိခဲ့တဲ့အတွက် ဆုံးရှုံးမှုက မြန်မာနိုင်ငံရဲ့သမိုင်းမှာ မေ့မရနိုင်တဲ့ ဖြစ်ရပ် ဆိုးတစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့တယ်။ အဲဒီတုန်းက နိုင်ငံတော်ကို အုပ်ချုပ်နေသူတွေရဲ့ အမြော်အမြင် နည်းပါး မှု၊ မြန်မာနိုင်ငံရဲ့ ဆင်းရဲမှု၊ နည်းပညာ ခေတ်မမီမှုတွေဟာ ပြည်သူ တစ်သိန်းကျော်ရဲ့ အသက်ကို စတေးခဲ့ရ တယ်။ မုန်တိုင်းဒဏ်ခံဒေသတွေဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကောက်ကျခဲ့သလို ဒေသခံပြည်သူတွေလည်း စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် အရေးပေါင်းများစွာ ချွတ်ခြုံကျခဲ့ရတယ်။ တစ်ချို့ နေရာတွေမှာ အခုထိ နလံမထူနိုင်သေးဘူး။ နာဂစ်ကပေးတဲ့ ဒဏ်ရာတွေဟာ အခုထိ မကျက်သေးဘူး။ ဒါကို မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေ သင်ခန်းစာယူနိုင်ခဲ့လား။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံး မှုတွေကို လျှော့ချနိုင်ခဲ့ပြီလား။
ပြည်ပနိုင်ငံတွေမှာတော့ သဘာဝဘေးဒဏ်တွေကို မကြာခဏခံရတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လာနိုင်တာ တွေ့ရတယ်။ ဥရောပနိုင်ငံကြီးတွေလို ငွေကြေးနဲ့ နည်းပညာ ချမ်းသာလွန်းတဲ့ နိုင်ငံတွေကို မကြည့်ပါနဲ့။ စာရေးသူတို့ ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံတွေ ကိုပဲ ကြည့်လိုက်စမ်းပါ။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ဖြစ်ပြီဆိုတာနဲ့ မျက်စိဒေါက်ထောက်ကြည့်တယ်။ မုန်တိုင်း လမ်းကြောင်းဟာ သူတို့နိုင်ငံဘက်ဆီ ဦးတည်နေပြီဆိုတာနဲ့ မုန်တိုင်းဒဏ်သင့်မယ့် ပြည်သူတွေကို ဘေးလွတ်ရာဆီ အချိန်တိုအတွင်း ပြောင်းရွှေ့ပေးတယ်။ တစ်နှစ်လား၊ အိန္ဒိယနိုင်ငံမှာ မုန်တိုင်းဝင်တော့မယ် ဆိုတော့ မိုးလေဝသဌာနက မုန်တိုင်းသတင်းကို အဆက်မပြတ် ထုတ်ပြန်ပေးသလို အစိုးရကလည်း လုပ်အား ပေး လူအင်အား တစ်သိန်းကျော်၊ မော်တော်ယာဉ်အစီးရေ ငါးသောင်းကျော်၊ ရဟတ်ယာဉ်အစင်း ၄၀ ကျော်နဲ့ ပြည်သူတွေကို ဘေးလွတ်ရာကို ရွေ့ပြောင်းရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တယ်။ အဲဒီဒေသမှာ ရှိတဲ့ လူပေါင်း ငါးသိန်းကျော်ကို ကြိုတင်ပြောင်းရွှေ့ပေးခဲ့တယ်။ အဲဒီလို ဆောင်ရွက်မှုတွေကြောင့် လူပေါင်း သိန်းနဲ့ချီသေဆုံးနိုင်တဲ့ အခြေအနေကနေ လွတ်မြောက်ခဲ့ပြီး လူ ဆယ်ဂဏန်းလောက်ပဲ သေဆုံးခဲ့ရတယ်။ ဘင်္ဂ လားဒေ့ရှ်လည်း အဲဒီလိုပါပဲ။ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် အမြဲတမ်း ဆောင်ရွက်နိုင် ခဲ့တယ်။
စာရေးသူတို့ မြန်မာနိုင်ငံမှာတော့ နာဂစ်တုန်းက လူပေါင်း သိန်းချီပြီး သေဆုံးခဲ့ရတယ်။ အဲဒီတုန်းက မိုးလေဝသဌာနက မုန်တိုင်းသတင်းကို တိတိကျကျနဲ့ ကြိုကြိုတင်တင် မထုတ်ပြန်ပေးနိုင်တာကြောင့် လူတွေ မသေသင့်ဘဲ သေခဲ့ရတာလို့ လူတစ်ချို့က စွပ်စွဲခဲ့ကြတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် မကွယ်လွန်မီက အကြိမ်ကြိမ် ဖြေရှင်းခဲ့ဖူးပါတယ်။ တကယ်တော့ နာဂစ်ဟာ ကြောက်စရာ ကောင်းတဲ့ မုန်တိုင်းလို့ သိခဲ့ရင်တောင် မြန်မာနိုင်ငံအစိုးရဟာ ဘင်္ဂလားဒေ့ရှ်လို၊ အိန္ဒိယနိုင်ငံလို ဒေသခံတွေကို မုန်တိုင်းလွတ်ရာဆီ ရွှေ့ပြောင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒေသခံပြည်သူတွေကလည်း ပြောင်းရွှေ့ဖို့ စိတ်ကူး ကြလိမ့်မယ် မထင်ဘူး။ အဲဒါ ဘာကြောင့်လဲဆိုရင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးမှုတွေ၊ အစီအမံတွေ မရှိခဲ့လို့ပါပဲ။
နာဂစ်မုန်တိုင်းအလွန် ကာလတွေမှာတော့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ အသိပညာပေးမှု တွေ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက်တော့ မဟုတ်သေးပါဘူး။ အရင်ထက်စာရင် ပြောဆို လုပ်ဆောင်လာတဲ့ အနေ အထားပဲ ရှိပါသေးတယ်။ မိုးလေဝပညာရှင် ဒေါက်တာထွန်းလွင် သက်ရှိထင်ရှား ရှိစဉ်ကတော့ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေနဲ့ စနစ်တကျ ဆောင်ရွက်ဖို့ မကြာခဏ သတိပေးခဲ့တယ်။ ရေကြီးမှ လှေလိုက်ရှာတာမျိုး မဖြစ်စေဖို့လည်း အမြဲတမ်း တိုက်တွန်းနေခဲ့တယ်။ ဒါတွေကို နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တလေးတစား နားထောင်ပြီး အစောပိုင်း ကတည်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သင့် တာပါ။ အဲဒါနဲ့ပတ်သက်ပြီး သူတို့တွေ ဆောင်ရွက်ခဲ့လား၊ မဆောင်ရွက်ခဲ့ဘူးလား ဆိုတာ စာရေးသူ မသိပါဘူး။ ဒါပေမယ့် စာရေးသူတို့ နိုင်ငံမှာတော့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးခြင်း၊ အပူချိန်ပြင်းထန်ပြီး သောက်သုံး ရေ ပြတ်လပ်ခြင်း၊ မိုးခေါင်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်း၊ ငလျင်လှုပ်ခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရတိုင်း ထိခိုက်ပျက်စီး ဆုံးရှုံးမှုက မြင့်မားနေဆဲ ဖြစ်ပါတယ်။
“ခန့်မှန်းလို့ မရဘူး” ဆိုတဲ့ မြေငလျင်ဘေး အန္တရာယ်တောင် ကြိုတင်ကာကွယ်မှု အားကောင်းရင် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းလေ့ရှိပါတယ်။ မြေငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့အတွက် အဓိက လုပ်ဆောင်ရမှာက အဆောက်အဦးတွေကို ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်ဖို့ပါပဲ။ နောက်ပြီး ငလျင်နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ၊ ဇာတ်တိုက် လေ့ကျင့်မှုတွေကို ပြည်သူတစ်ရပ်လုံးသိအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလိုပါပဲ၊ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ ရေရှားပါးခြင်း၊ မိုးသည်းထန်ခြင်း၊ မြေပြိုခြင်း၊ အချိန်အခါ မဟုတ် မိုးရွာခြင်းအစရှိတဲ့ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုကို မမေ့မလျော့နဲ့ စနစ်တကျ လုပ်ဆောင်ကြဖို့ လိုပါတယ်။ လုပ်ဆောင်ကြတဲ့အခါမှာလည်း ဟန်ပြမဟုတ်ဘဲ ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ လိုပါတယ်။
ဒီလိုမှမဟုတ်ဘဲ မိုးလေဝသပညာရှင် ဦးထွန်လွင် မကွယ်လွန်မီက ပြောခဲ့သလို “ရေကြီးမှ လှေလိုက်ရှာ နေရင်တော့” မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေ နဲ့ ရင်ဆိုင်နေရပြီး ဆင်းရဲတွင်းကနေ ရုန်းထွက်နိုင်တော့မှာ မဟုတ်ဘူးဆိုတာ နိုင်ငံတော်ကို ဦးဆောင်သူတွေ၊ အဖွဲ့အစည်းတွေ အထူးသတိပြုသင့်ကြောင်း ရေးသားလိုက်ရပါတယ်။ ။
မင်းချစ်နိုင်
ဓာတ်ပုံ-အင်တာနက်မှကူးယူဖော်ပြပါသည်။
No Comments